Women & Gender

ငြိမ်းချမ်းရေးကဏ္ဍတွင် ပိုမိုပါဝင်ခွင့်ရရေး အမျိုးသမီးများတောင်းဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွေ အမျိုးသမီး အရေအတွက် နည်းပါးနေသည့်အတွက် ပိုမိုပါဝင်ခွင့်ရပါက အထောက်အပံ့များစွာ ပေးနိုင်မည်ဟု အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်နေသည့်အဖွဲ့အစည်းများက ထောက်ပြနေကြသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒေါ်စောမြရာဇာလင်းက “အဓိကအားဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အရင်ဆုံးလုပ်ဖို့ လိုအပ်တယ်။ လက်နက်ကိုင် တော်လှန်ရေးမှာဆိုရင် စစ်သားတွေ၊ စစ်ဗိုလ်တွေ ဦးစီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အမျိုးသမီးတွေက စစ်ရာထူးတွေရဖို့ အင်မတန်ခဲယဉ်းတယ်။ စစ်ဗိုလ်မဟုတ်ရင် ရှေ့ကို လှမ်းလို့မရဘူး။ အဲဒီလိုအခက်အခဲတွေကို ကျမတို့ အများကြီးဖြတ်သန်းခဲ့ ရပါတယ်။ အခုဆိုရင် EAO ဘက်က အမျိုးသားတွေဟာ အတိုင်းအတာတခု အထိ လက်ခံလာပြီဖြစ်တယ်။ ဒါကျမတို့ရဲ့အောင်မြင်မှုပဲ”ဟု ပြောသည်။

အမျိုးသမီးများသည် ငြိမ်းချမ်းရေးတွင် ပါဝင်လုပ်ဆောင်နိုင်သည့် အရည်အချင်းများ ရှိသော်လည်း စစ်ခေါင်း ဆောင်များနှင့် နှိုင်းယှဉ်လိုက်သည့်အခါ စစ်ရာထူးပေးရန်အတွက် လွန်စွာဝန်လေးသည့်အနေအထားမျိုးကို ၎င်းကိုယ်တိုင် တွေ့ကြုံခဲ့ရသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဒေါ်စောမြရာဇာလင်းက ဧရာဝတီသို့ ရှင်းပြသည်။

“အမျိုးသမီးတွေက အရင်ကတည်းက နိုင်ငံရေးမှာမပါလာတဲ့အခါကျ ရုတ်တရက်ကြီး တချို့က အောက်ခြေက တက်လာတဲ့ သူ့ကို အတင်းကြီး စကားပြောခိုင်းတာမျိုး လုပ်တာရှိတယ်။ မလုပ်ခိုင်းသင့်ဘူး။ သူတို့ အစည်း အဝေး တခုရောက်လို့ စကားတခုမှားတာနဲ့ သူတို့ကို ပါတီပြန်ဖယ်ထားတာတွေရှိတော့ နောက်အစည်းအဝေး တွေမှာ သူတို့ မပြောရဲတော့ဘူး။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ဗဟိုဦးဆောင် ကော်မတီဝင် မိဆူးပွင့်က အကြံပြုသည်။

အမျိုးသမီးများသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ၃၀ ရာခိုင်နှုန်းပါဝင်ရေး၊ ခေါင်းဆောင်မှုနေရာတွင် ပါဝင်လာရေး ကို အစဉ်တစိုက် တောင်းဆိုခဲ့ကြရာ ပထမအကြိမ်ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံတွင် အမျိုးသမီးပါဝင်မှု ၇ ရာခိုင်နှုန်း၊ ဒုတိယ အကြိမ်ညီလာခံတွင် ၁၂ ရာခိုင်နှုန်း၊ တတိယအကြိမ်ညီလာခံတွင် ၂၂ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သော်လည်း ဆုံးဖြတ်ချက်ချသည့် ကဏ္ဍများတွင် အမျိုးသမီး ပါဝင်မှုက နည်းနေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍသည် အမျိုးသမီးများနှင့် သက်ဆိုင်ခြင်းမရှိဟု သတ်မှတ်ထားခြင်းကြောင့် လည်း ကောင်း၊ သတ်မှတ်ချက်အရ အဖွဲ့အစည်းတခုတွင် ကိုယ်စားလှယ်တဦးသာတက်ရောက်ခွင့်ရသည့် ဆွေး နွေးပွဲများတွင်လည်း အမျိုးသမီးများအတွက် အခွင့်အရေးနည်းနေရာ ၎င်းကဏ္ဍ ၂ခုဆွေးနွေးရာတွင် ခေါင်းဆောင် အမျိုးသားများသက်သက် အဖြေရှာခြင်းထက် အမျိုးသမီးများကလည်း ဝင်ရောက် အကြံပြုနိုင် ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောကြသည်။

ချင်းအမျိုးသားတပ်ဦး(CNF)၏ ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က“နိုင်ငံရေးကဏ္ဍတို့ ငြိမ်းချမ်းရေးကဏ္ဍ တို့ဆိုတဲ့နေရာမှာ ကျနော်တို့အနေနဲ့ ဥပဒေအရ သူတို့ကို အထူးအခွင့်အရေးပေးဖို့ လိုသေး တယ်လို့ မြင်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ အများကြီး စိန်ခေါ်မှုတော့ ရှိသေးတယ်။”ဟု ထောက်ပြပြောဆိုသည်။

ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ အမျိုးသမီး ၂ ဦး ပါဝင်သော်လည်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ပြည်ထောင်စုအဆင့်တွင် အမျိုးသမီး ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့သို့ အမျိုးသမီးများ ခေါင်းဆောင်မှုကဏ္ဍများတွင် ပါဝင်ဆွေးနွေးနိုင်ရန် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး (NCA) စာချုပ်တွင်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ အမျိုးသမီးကိုယ်စား လှယ်များ ပါဝင်သည့် ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို Green Hill ဟိုတယ်တွင် လေးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲမှ ရရှိခဲ့သောအကြံပြုချက် ၁၀ချက်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST သို့ စာပို့သွားမည် ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် ၁၀ ချက်တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကဲ့သို့သော နေရာများတွင် ကိုယ်စားလှယ်ရွေးသည့်အခါ အမျိုးသမီးခေါင်းဆောင်များထဲမှ ရွေးချယ် ထည့်ပေး နိုင်မည့် နည်းလမ်းများကို စဉ်းစားပေးရန်၊ ကဏ္ဍ ၅ ခုဆွေးနွေးပွဲများ၏ လုပ်ငန်းကော်မတီများတွင် လည်း အမျိုးသမီးတွေ ပါဝင်နိုင်အောင် အရေအတွက် တိုးမြှုှင့်ပေးခြင်းနှင့် အမျိုးသမီးပါဝင်ရေးကို စဉ်းစားပေး ရန်ဆိုသည့်အချက်များ ပါဝင်သည်။

“ ဒီအကြံပြုချက်တွေကို အတိအကျလိုက်နာဖို့ဆိုတာကတော့ စစချင်းမှာ ဖြစ်နိုင်ဖို့ မရှိပါဘူး။ သို့သော်လည်း ဒီလိုအကြံပြုချက်တွေ ပေးပို့ခြင်းအားဖြင့် သူတို့တွေ အစည်းအဝေးတွေ လုပ်တဲ့အခါ တိုင်းမှာတော့ အမျိုးသမီး တွေက ဒီလိုတောင်းဆိုထားတယ်။ အကြံပြုထားတယ်ဆိုတာကို သူတို့ သတိရနေမယ်။”ဟု ရဲဘော်မိဆူးပွင့်က ရှင်းပြသည်။

အကြံပြုချက်တွင် အမျိုးသမီးများသည် ထိပ်ပိုင်းခေါင်းဆောင်နေရာ၌ မရှိသည့်အခါ EAO summit ကဲ့သို့ သော ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ကိုယ်စားလှယ် ၅ ဦးဖိတ်ကြားခံရပါက အမျိုးသမီးသည် အမြဲချန်နေရလေ့ရှိ ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ် ငါးဦးတွင် တဦးပါဝင်သင့်ပြီး ထို့သို့မဖြစ်နိုင်ပါက အမျိုးသမီးများကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပေးရန်ဆိုသည့်အချက်လည်း ထည့်သွင်းထားသည်။

ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာနောက်ဆုံးအပတ်တွင် ထပ်မံပြုလုပ်ရန် သဘောတူထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading