Women & Gender

အမျိုးသမီး ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ခန့်ထား

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အမျိုးသမီး ရဲတပ်ဖွဲ့ဝင် အင်အားကို လက်ရှိ ရဲအင်အား စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့် ခန့်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး ရဲမှူးကြီး အောင်မြင့်နိုင်က ပြောသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာလ ၁ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား တွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ဖြေကြားခြင်း ဖြစ်သည်။

“အမျိုးသမီးရဲမေ အနေနဲ့တော့ ဖွဲ့စည်းပုံရဲ့ ၂၀ ရာခိုင်နှုန်း အင်အားကို အမျိုးသမီးရဲမေ ဖြစ်စေရေး အတွက်၊ အများ ပြည်သူနဲ့ အလုပ်လုပ်တဲ့ နေရာမှာ အဆင်ပြေချောမွေ့စေရေး၊ ကျားမ မခွဲခြားဘဲ လုပ်ငန်းများ အောင်မြင်စွာ ဆောင် ရွက် နိုင်ရေး အတွက်ကို ဖြည့်ဆည်း ဆောင်ရွက်နေတာ ရှိပါတယ်။ လက်ရှိမှာလည်း လက်ရှိ အင်အားရဲ့ ၂၀ ရာခိုင် နှုန်း ကို ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်”ဟု ရဲမှူးကြီး အောင်မြင့်နိုင်က ပြောသည်။

ရဲတပ်ဖွဲ့တွင် အမျိုးသမီး တပ်ဖွဲ့ဝင်များကို ရဲမှူးကြီးအဆင့် အထိ ရာထူးတိုးမြှင့် ခန့်အပ်ထားကြောင်းလည်း ၎င်းက ပြောပြ သည်။

အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များကို ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် တိုးမြှင့်ခန့်ထားခဲ့ပြီး ရုံးလုပ်ငန်းများတွင် တာဝန် ထမ်း ဆောင် စေသကဲ့သို့ ရဲတပ်ဖွဲ့ ဌာန အသီးသီးတွင် အမျိုးသား တပ်ဖွဲ့ဝင်များနှင့် တန်းတူ တာဝန် ထမ်းဆောင် စေလျက် ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် ကလည်း ပြောကြားသည်။

ရဲမှူးကြီး ဇော်ခင်အောင်က “လုပ်ဆောင်ချက်တွေက အများကြီးပေါ့။ တရားခံ ဖမ်းတဲ့နေရာတွေ၊ ရှာဖွေစစ်ဆေးတဲ့ နေရာတွေ၊ လုံခြုံရေးကိစ္စတွေမှာ အမျိုးသမီးဆိုရင် အမျိုးသမီးကပဲ ရှာရမယ်ဆိုတဲ့ မူရှိတယ်လေ။ အဲဒီလိုမျိုးတွေ ရှိပါတယ်။ နောက်တခါ ရုံးလုပ်ငန်းတွေမှာလည်း တာဝန်ယူပါတယ်။ နောက် ယောကျ်ားတွေနဲ့ ရင်ပေါင်တန်းပြီး သီးခြားတပ်ဖွဲ့တွေမှာ တာဝန် ပေးထားပါတယ်”ဟုလည်း ပြောသည်။

အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်သည့်အခါ အမျိုးသားများနှင့် တန်းတူ လုပ်ဆောင် နိုင်ပြီး အမျိုးသမီး ဖြစ်နေသည့် အတွက် အခက်အခဲ တစုံတရာ မရှိကြောင်း နေပြည်တော် ရဲချုပ်ရုံးတွင် လက်ရှိ တာဝန် ထမ်းဆောင် နေသော အမျိုးသမီး ရဲမှူးတဦးကလည်း ပြောကြားသည်။

“စိန်ခေါ်မှု အခက်အခဲတွေကတော့ မရှိပါဘူး။ သင်တန်းမှာလည်း အကုန်တန်းတူ သင်တယ်လေ။ အမျိုးသမီးမလို့ လျှော့ သင်တာမျိုး မရှိပါဘူး။ အရာရှိ သင်တန်းတွေဆိုလည်း အမျိုးသား အမျိုးသမီး ပေါင်းသင်တာပါပဲ၊ တန်းတူပဲ သင်တန်း ပေးထားတာ။ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူ လုပ်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုစစ်ဆေးခြင်း လုပ်ငန်းများကိုပါ တာဝန်ပေးအပ် ထားပြီဖြစ်၍ အမျိုးသမီး အမှုစစ်အရာရှိများက တာဝန်ယူ စစ်ဆေးနေပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံ ရဲလက်စွဲ အပိုဒ် ၁၃၆၄တွင် အမျိုးသမီး တရားခံတို့၏ ခန္ဓာကိုယ်အား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ၌ အမျိုးသမီးချင်း ရှာဖွေရမည်ဟု လည်းကောင်း၊ ကာယိန္ဒြေကို စောင့်ထိန်းရှာဖွေရမည်ဟု လည်းကောင်း ပါရှိသည့် အတွက် ယင်းလုပ်ငန်း ကိစ္စများတွင် အမျိုးသမီး ရဲများသည် မပါမဖြစ် ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“ရဲလက်စွဲအပိုဒ် ၁၃၆၈ မှာကျတော့ ရဲအချုပ်ခန်းမှာရှိတဲ့ အမျိုးသမီး တရားခံတွေကို စီမံတဲ့အခါမှာ၊ အမျိုးသမီးတရားခံ တွေကို သီးခြားထားရမယ်။ အချုပ်ထဲမှာ တခြားအမျိုးသမီး တရားခံမရှိရင် အသက်ကြီးပြီး အကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ မိန်းမနှစ်ယောက်ကို စောင့်ကြပ်စေရမယ် စသဖြင့်ပါတယ်ဗျ။ အဲဒီတော့ အမျိုးသမီးရဲတွေက အမျိုးသမီးကိစ္စတွေနဲ့ ပတ်သက်တဲ့ ဖမ်းတာ၊ ဆက်ဆံတာတို့မှာ အမျိုးသမီးရဲတွေက ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားတာမျိုး ရှိပါတယ်”ဟု ဦးခင်မောင်ဇော်က ပြောပြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား နည်းပါးနေသည်ဟု သိရပြီး ယခုကဲ့သို့ အမျိုးသမီး ရဲဝန်ထမ်းများ တိုးမြှင့် ခန့် ထားခြင်းသည် ကောင်းမွန်ကြောင်း၊ သက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းကျောင်းများမှလည်း အရည်အချင်း ပြည့်ဝပြီး အကျင့်သိက္ခာနှင့် ပြည့်စုံသော ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာစေရန် လေ့ကျင့် သင်ကြားပေးရမည် ဖြစ်ကြောင်း လည်း ဦးခင်မောင်ဇော်က ပြောကြားသည်။

ရဲတပ်ဖွဲ့သို့ ဝင်ရောက်လိုသူ အမျိုးသမီးများ အတွက် ဝင်ခွင့်အရည်အချင်းကို အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား အရပ် က ၅ ပေ ၂ လက်မ အထက်၊ တက္ကသိုလ် ပထမနှစ် အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု စည်းကမ်းချက် တိုးမြှင့် သတ်မှတ် ထားပြီး ရဲသင်တန်း ၆ လ တက်ရောက်ရမည် ဖြစ်ကြောင်း၊ ဝင်ဝင်ချင်း လစာအဖြစ် ၁ သိန်း ၉ သောင်း ကျပ် ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်ရှိရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင် အင်အားနှင့် ပြည်သူ လူထု၏ အချိုးမှာ ၁ း ၆၅၀ ဖြစ်ကြောင်း၊ နိုင်ငံတကာ စံနှုန်းအရ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူအချိုး ၁ း ၄၀၀ ဖြစ်ပြီး ထို စံနှုန်း အရ ခန့်အပ်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင် အင်အား ၁၂၇၅၀၀ ရှိရမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြည်သူ့ လွှတ်တော်တွင် ပြောကြားထားသည်။

လက်ရှိ ရဲတပ်ဖွဲ့ဝင် အင်အားအရ နိုင်ငံတကာ စံနှုန်းနှင့်အညီ ခန့်အပ် ထားနိုင်မှုသည် ၆၁.၅ ရာခိုင်နှုန်းသာ ရှိပြီး အင်အား ပြည့်မီရန် အတွက် တပ်ဖွဲ့ဝင် အင်အားတိုးမြှင့်ရေး စီမံချက်များ ရေးဆွဲပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့များ အလိုက် ရဲတပ်သားသစ်များ စုဆောင်း ရရှိရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ဗိုလ်ချုပ် အောင်စိုးက ပြောကြားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading