မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသတွေမှာ နန်းမိုဟွမ်ထက် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမျိုးသမီးငယ်တွေ ရှိနေတယ်လို့ တိုင်းရင်းသူ အမျိုးသမီး ၁၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) က ဆိုလိုက်ပါတယ်။ နန်းမိုဟွမ်ဆိုတာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက တာဝန်ဝတ္တရား နှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပလောင် (တအောင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLD/TNLA) က ဖမ်းဆီးတာ ခံခဲ့ရတဲ့ အမျိုးသမီးငယ်တဦးဖြစ်ပါတယ်။ပဋိပက္ခဖြစ်ပွားရာ ဒေသတွေအတွင်း အမျိုးသမီးငယ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တွေအပေါ် ကူညီပေးမှု စတာတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်အား ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ ပဋိပက္ခဇုန်တွေထဲက အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုအခြေအနေ စိုးရိမ်ဖွယ်ရာရောက်နေတယ်ဆိုတာ ဘယ်လိုအနေအထားလဲ။
ဖြေ ။ ။ အခုလောလောလတ်လတ်ဖြစ်တဲ့ နန်းမိုဟွမ်ကိစ္စ၊ (TNLA) က ဖမ်းသွားတယ်။ ဒါလည်းပဲ ဘာကြောင့်ဖမ်းလဲ။ ဘယ်လိုဖမ်းလဲတော့ ကျမတို့ မသိဘူး။ ဒါပေမယ့် အမျိုးသမီးတယောက်အနေနဲ့ သူ့ကို ဒီလိုဖမ်းသွားတဲ့အခါမှာ ကျမတို့မှာ စိုးရိမ်ချက်တွေရှိတယ်။ သူရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှ သူတို့ရဲ့ ဖမ်းဆီးမှုတွေ ရှိတယ်။ မုဒိမ်းမှုတွေ ရှိတယ်။ ခြိမ်းခြောက်မှုတွေ ရှိတယ်။ ဘယ်လိုမှ ဂုဏ်သိက္ခာရှိရှိနဲ့ လူသားတယောက် နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ကျမတို့ ဘဝလုံခြုံမှုဆိုတဲ့အခါမှာ အာမခံချက် ဘာမှ မရှိဘူး။
မေး ။ ။ WLB ရဲ့ ၂၀၁၇-၂၀၁၈ တနှစ်တာမှာ ပဋိပက္ခဒေသက အမျိုးသမီး ဘယ်လောက်ကို အကူအညီပေးခဲ့လဲ။
ဖြေ ။ ။ ကျမတို့က အမျိုးသမီးတွေကို ဘယ်လောက်အကူအညီပေးနိုင်ခဲ့လဲဆိုတဲ့ စာရင်းအတိအကျကိုတော့ မပေါ်ဘူး။ ကိန်းဂဏန်းနဲ့တော့ မပြောနိုင်ဘူး။ ဒါပေမယ့် သေချာတာက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့က အကြမ်း ဖက်မှုတွေကို ခံစားနေရတဲ့အမျိုးသမီးတွေကို ကျျမတို့ဆီမှာ ရှိတဲ့ အဖွဲ့ ၁၃ က ဝိုင်းဝန်း ကူညီပေးနေတဲ့ဟာတွေ ရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် အခြားအကြမ်းဖက်မှုတွေကို ကျမတို့ အဖွဲ့အစည်း တွေ၊ အဖွဲ့ဝင်တွေက ကူညီပေးနေတာတွေ ရှိတယ်။
မေး ။ ။ နန်းမိုဟွမ်ကို ဖမ်းသွားတဲ့ကိစ္စ WLB အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျမတို့က zero team ပေါ်လစီရှိတယ်ဆိုတော့ ဘယ်သူပဲကျူးလွန်၊ ကျူးလွန်။ ဘယ်သူပဲ ဖြစ်ဖြစ် ဒါက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့အတွက်ကြောင့်မို့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့မှ ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ ကျူးလွန်သူ အားလုံးကိုရော၊ ကျူးလွန်ခွင့် ပေးနေတဲ့သူ အားလုံးကိုရော ကန့်ကွက်ရှုတ်ချတယ်။
မေး ။ ။ WLB အနေနဲ့ ဘယ်လိုများ အကူအညီပေးနိုင်တာရှိလဲ။
ဖြေ ။ ။ ကျမတို့ အမျိုးသားတွေ လုပ်နေတဲ့ အရှုပ်ကြားထဲကို အမျိုးသမီးတွေကို ဆွဲထည့်တဲ့ဟာတော့ မဖြစ်သင့်ဘူးလို့ ကျွန်မ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ဥပမာအားဖြင့် ကျမကိုယ်တိုင် တအာင်းဖြစ်တယ်။ ဒါပေမယ့် ကျမ တအာင်း တယောက်အနေနဲ့ အဲဒီလက်နက်ကိုင်ကို ကျွန်မပြောပိုင်ခွင့်ရှိလဲ။ တိုင်းရင်းသား လက်နက်ကိုင်ဖြစ်တဲ့ လူကရော ကျမကို ဘယ်လောက်အထိ နားထောင်ပေးမှာလဲ။ ဆိုတော့ နောက်တခုက နန်းမိုဟွမ်တယောက်ထဲ အဖမ်းခံရတာ မဟုတ်ဘူး။ ကျန်တဲ့ အမျိုးသမီးများစွာရှိတယ်။ သတင်းတက်လာတာကတော့ နန်းမိုဟွမ်ကိစ္စတခုထဲပဲ။
ပြောချင်တာက နန်းမိုဟွမ် လည်း လူ့အခွင့်အရေးချိုးဖောက်မှု ခံရတယ်။ နန်းမိုဟွမ်ထက်လည်း ဆိုးဆိုး ဝါးဝါးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ အဲဒီအမျိုးသမီးတွေအတွက်ကို ကျမတို့က ဘာမှ ချက်ခြင်းကြီးတော့ ဘာမှ လုပ်ပေးလို့ရတာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ အမျိုးသမီးတွေက ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ ပါဝင်မှသာလျင် ဒီအမျိုးသမီးတွေကို ကာကွယ်နိုင်တဲ့ ဥပဒေတွေ မူဝါဒတွေကို ချမှတ်နိုင်မှာ ဖြစ်တယ်။ အဲဒါကြောင့်မို့ WLB အနေနဲ့ တောင်းဆိုနေတာက ကျမတို့ အမျိုးသမီးတွေဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာမှာ ပါဝင်ဖို့အတွက် ကျမတို့ကြိုးစားနေတာဖြစ်တယ်။ အဲဒီလို ပါဝင်နိုင် မှသာလျင် အမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေတွေ၊ အမျိုးသမီးတွေကို ကာကွယ်နိုင်တဲ့ မူဝါဒတွေကို ကျမတို့က ချမှတ်နိုင်မှာဖြစ်ပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေးမှာဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာဖြစ်ဖြစ် အမျိုးသမီးတွေ ဘာကြောင့်ပါဝင်ဖို့ လိုအပ်နေလဲ။
ဖြေ ။ ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေဆို အခုအချိန်အထိ လွှတ်တော်ကို မရောက် သေးဘူး။ အခုထိ လွှတ်တော်ထဲကို မရောက်သေးတာက ဘာကြောင့်လဲဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ ဘာကြောင့် လဲဆိုတာတော့ ကာကွယ်မှုမရှိလို့။တန်းတူညီမျှမှု မရှိလို့။ တကယ်လို့သာ ကျမတို့က တန်းတူညီမျှမှုရှိပြီးတော့မှ အဲဒီလိုစားပွဲဝိုင်းမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကဏ္ဍတိုင်းမှာ ကျမတို့ အမျိုးသမီး ကိုယ်စားပြုမှုတွေရှိမယ်ဆိုရင် ကျမယုံတယ်။ ဒီအမျိုးသမီးတွေက လုံးဝ ဒီအမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖယ်ထားမှာတော့ မဟုတ်ဘူး။
အဲဒါကြောင့်မို့ ကျမတို့အမျိုးသမီးတွေ တကယ်ကို အမျိုးသမီးထုကို ကိုယ်စားပြုမယ့် အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ အရေးကြီးတယ်ဆိုတာ ကျမ ဒီနေရာမှာ ထပ်ပြီး ပြောကြားလိုတယ်။ WLB အနေနဲ့ ယုံကြည်မှုက ငြိမ်းချမ်းရေးကို ဘယ်သူမဆို လိုချင်ကြတဲ့အတွက် ငြိမ်းချမ်းရေးရရှိဖို့ဆိုရင် ကျမတို့ နိုင်ငံက ဖယ်ဒရယ်ဒီမိုကရေစီရဲ့မူကို ချမှတ်မှသာလျှင် ကျမတို့ လိုလားတဲ့ ငြိမ်းချမ်းရေးကို ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအရေးကြီးသလား။ ဖယ်ဒရယ်က အရေးကြီးလား ဆိုရင် ငြိမ်းချမ်းရေးက အရေးကြီးတာတော့ မှန်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးရရှိဖို့က ဖယ်ဒရယ် ပြည်ထောင်စုရဲ့မူကို ချမှတ်မှသာလျှင် ငြိမ်းချမ်းရေးုကို ရရှိမှာဖြစ်ပါတယ်။ WLB အနေနဲ့က အဲဒီလိုနိုင်ငံတော် တည်ထောင်ရေး ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ရေးကို ပိုမိုဦးတည်ထားသလို အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ အတွက် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
မေး ။ ။ WLB ထဲက တာဝန်ခံအချို့က TNLA ထိပ်သီးခေါင်းဆောင်တွေနဲ့ ပတ်သက်မှုရှိတာကြောင့် ဒီကိစ္စကို ငြိမ်နေတာလားဆိုတဲ့ မေးနေကြတာလည်းရှိတဲ့အတွက် ဒီအပေါ်မှာ ဘာများပြောချင်ပါလဲ။
ဖြေ ။ ။ အဲဒါကတော့ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးတာမျိုးတော့ သတင်းသမားတွေကိုလည်း ကျမတို့ တောင်းဆို ချင်တယ်။ အဲဒါမျိုးဖြစ်အောင်တော့ မလုပ်သင့်ဘူး။ အဲဒါဆိုရင် ကျမတို့က ပိုတောင်မှ ထိန်းသိမ်းသင့်တယ်။ ကိုယ့်နိုင်ငံ ထဲမှာ လူမျိုးရေး ပဋိပက္ခမဖြစ်ဖို့။ ပြောချင်တာက လက်နက်ကိုင် ၂ ခုရဲ့ ပြဿနာကြောင့် ဒီအမျိုးသမီးက တန်ဆာခံ ဖြစ်ရတယ်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်မှုပဲ။ အဲဒီတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတိုင်းကို ကန့်ကွက်ရှုတ်ချ နိုင်တာ။ ဒါပေမယ့် ချက်ချင်း သူ့ကို သွားကယ်နိုင်ဖို့ဆိုတဲ့ဟာမျိုးဆိုတဲ့ အခါကျတော့ ကျမတို့ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ အရှုပ်ထုတ်ကြားထဲကို ကျမတို့ကို ဖြေရှင်းပေးပါဆိုတာမျိုး ဆွဲခေါ်တာကတော့ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အဓိကက ကျမတို့ တောင်းဆိုတာတွေပဲ လုပ်နိုင်မယ်။ ဒါပေမယ့် အဓိက ကာယကံရှင်ဖြစ်တဲ့ လက်နက်ကိုင်တွေက အချင်းချင်း ညှိနှိုင်းပြီးတော့မှ လုပ်ဖို့တော့ လိုအပ်တယ်လို့ ကျမကတော့ မြင်တယ်။
မေး ။ ။ နန်းမိုဟွမ်ကိစ္စမှာ အမျိုးသမီးအဖွဲ့အစည်းတွေ ငြိမ်နေတယ်လို့ ပြောကြတဲ့အပေါ် ဘာများပြောချင်လဲ။
ဖြေ ။ ။ ကျမတို့ အမျိုးသမီးအဖွဲ့တွေကို ဝေဖန်တဲ့ဟာကတော့ ကျမတို့ WLB မှာက အဖွဲ့အစည်းပေါင်းစုံ ရှိနေတယ်။ ရှမ်းလည်း တအာင်းကို ပြောမယ့်ဟာလည်းရှိသလို တအာင်းကလည်း ရှမ်းကိုပြောမယ့် အကြောင်းလည်း ရှိတယ်။ ကျမတို့ WLB အနေနဲ့က ဒါကို လုံးဝလူမျိုးရေးပဋိပက္ခမဖြစ်စေချင်ဘူး။ မဖြစ်အောင်လည်း ကျမတို့က စကားပြောတဲ့နေရာမှာ သတိထားတယ်။ ဆိုတော့ ဒီကိစ္စတခုထဲနဲ့ ဘာကြောင့် မလုပ်တာလဲဆိုတဲ့ ဟာမျိုးကို မစဉ်းစားဘူး။ ကျမတို့မှာ လုပ်စရာအများကြီးပဲ။ ခံရတဲ့အမျိုးသမီးထု အကုန်လုံးကို လွှမ်းခြုံနိုင်တဲ့ဟာမျိုး ကျမတို့က လုပ်ဖို့ ကြိုးစားနေတယ်။
မေး ။ ။ အမျိုးသမီးတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှု များလာတယ်ဆိုတာ ဘယ်လောက်များလာတာလဲ။
ဖြေ ။ ။ ဘယ်လောက်များလာလဲဆိုတာ အားလုံးအသိပဲ။ သက်ငယ်မုဒိမ်းမှုဆိုရင် နေ့စဉ်နဲ့အမျှ ဖြစ်နေတာတွေ ကျမတို့ တွေ့ရတယ်။ ဒါပေမယ့် ဒီအမျိုးသမီးငယ်တွေ၊ ကလေးငယ်တွေရဲ့ မုဒိမ်းမှုဆိုတဲ့ဟာက အမျိုးသမီးတယောက်မှာက မုဒိမ်း ကျင့်ခံလိုက်ရပြီဆိုရင် သူတို့ရဲ့တဘဝစာလုံးသွားရော။ ဒါပေမယ့် အဲဒီလိုမျိုး စဉ်းစားပြီးတော့မှ တရားမျှတမှုရှိအောင် ဖော်ဆောင်နေတဲ့ဥပဒေတွေ ကျမတို့ဆီမှာ မရှိဘူး။ ရာဇသတ်ကြီး ဆိုတဲ့ဟာက အခုထိလျော်ကြေး ပြားနဲ့သတ်မှတ်နေတုန်းဆိုတော့ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်လိုက်တာနဲ့ ဒီလောက်နဲ့ လျော်ကြေးပေးနိုင်တယ်ဆိုတဲ့ဟာမျိုး ကျမတို့က လုံးဝလက်မခံဘူး။ အဲဒါကြောင့်မို့ မြန်မာပြည်မှာ အမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေရှိဖို့လိုတယ်။ အခုမရှိဘူး။ အဲဒီလိုမရှိတဲ့အတွက်ကြောင့်မို့ ရှိအောင် ကြိုးစားနေတယ်။
မေး ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုခံရတာများတယ်ဆိုတဲ့ ဒေသတွေမှာ သတင်းတွေ တက်မလာတာများတာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ ။ ။ ဘာကြောင့်ဆိုတာ ရှင်းပါတယ်။ မီဒီယာတွေကို လွတ်လပ်စွာသတင်းယူခွင့်မရှိဘူး။ ကိုဝလုံးတို့ ကိစ္စမှာ တွေ့လိမ့်မယ်။ freedom of press ဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး။ သတင်းသမားတယောက်မှာ သတင်းရယူ ပိုင်ခွင့်ရှိကို ရှိရမယ်။ ဒါအဓိက အခြေခံလူ့အခွင့်အရေးပဲ။ အဲဒီအခြေခံလူ့အခွင့်အရေး ကျမတို့ဆီမှာ ပျောက်ဆုံးနေတယ်။ ဆိုတော့ သတင်းမှန်လား မှားလားဆိုတာ ဒီသတင်းသမားတွေ ကိုယ်တိုင်က သွားမယူနိုင်ဘူးဆိုရင် သတင်းအမှားတွေ ပေါ်လာနိုင်တာပေါ့။ အဲဒါကြောင့်မို့ သတင်းသမားတွေအနေနဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ရှိကိုရှိရမယ်။ ဘယ်ဒေသဖြစ်ဖြစ် အမဲရောင်နယ်မြေဖြစ်လို့၊ အညိုရောင်နယ်မြေဖြစ်လို့ အဲဒီလို ကန့်သတ်တာမျိုးမဟုတ်ပဲနဲ့ သတင်းသမားတယောက်က သတင်းတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရယူပိုင်ခွင့်ရှိတယ်။ သတင်းရယူပိုင်ခွင့်ရှိတာကို တားဆီးပိတ်ပင်တာဆိုရင် သေချာတယ်။ ကျမတို့လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်တဲ့အခါမှာ တကယ်ကို ထိထိ ရောက်ရောက်လုပ်နိုင်မှာ မဟုတ်ဘူး။ နိုင်ငံတနိုင်ငံမှာ သတင်းဌာနတွေသည် ဒုတိယ နေရာမှာ ရှိတယ်။ အဲဒါကြောင့် သတင်းမီဒီယာရဲ့အခန်းကဏ္ဍက အရမ်းကို အရေးကြီးပါတယ်လို့ ပြောချင်ပါ တယ်။
မေး ။ ။ လက်နက်ကိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို CSO တွေက တင်ပြတာမျိုး မတွေ့ရတာ ဘာကြောင့်လဲ။
ဖြေ ။ ။ WLB အနေနဲ့က peace missing team ရှိတဲ့အခါမှာ အဖွဲ့အစည်းတိုင်းအသီးသီးမှာ မှတ်တမ်းတင် ကောက်ယူ ထားတာတွေ ရှိတယ်။ သူ့ဒေသနဲ့သူ ကောက်ထားတာရှိတယ်။ တခါတလေမှာ ကျူးလွန်တဲ့ သူတွေကို တိုက်ရိုက် တာဝန်ယူခိုင်းတဲ့ဟာမျိုးတွေကို ကျမတို့ ပြောနိုင်တယ်။ ဒါပေမယ့် တပ်မတော်ကို သွားပြောဆို ပြောလို့မရဘူး။ နောက် တခုက ကျမတို့ရဲ့လေ့လာတွေ့ရှိချက်က ရာခိုင်နှုန်းအနေနဲ့ ကြည့်မယ်ဆိုရင် တပ်မတော်ဘက်က ကျူးလွန်တာက ရာခိုင်နှုန်းများတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ မကျူးလွန်ဘူးလို့ မပြောဘူး။ သူတို့ ကျူးလွန်တဲ့ဟာ ရာခိုင်နှုန်း နည်းတယ်။ အဲဒီလိုကွာတဲ့အခါမှာ တိုက်ရိုက် သတင်းထုတ်ပြန်မှုတွေက လက်လှမ်းမမီတာလည်း ဖြစ်နိုင်တယ်။ နောက်တခုကတော့ သူ့သက်ဆိုင်ရာ အဖွဲ့အစည်းက တိုက်ရိုက်ပြောပြီးတော့မှ အရေးယူတာမျိုးလည်း ရှိကောင်းရှိနိုင် တယ်။
WLB ရဲ့ peace missing team အနေနဲ့က တိုင်းရင်းသားလက် နက်ကိုင်တွေနဲ့ တွေ့တဲ့အခါမှာ ကျား၊မ တန်းတူရေးရရှိဖို့ အတွက်ရော အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ ပါဝင်နိုင်ဖို့အတွက်ရော သူတို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန်အောင် အားလုံးက စစ်အာဏာရှင်စနစ်ကို မလိုချင်လို့ တော်လှန်နေတဲ့ သူတွေလည်း ဖြစ်တယ်။ ဒါပေမယ့် ကိုယ်က စစ်အာဏာရှင်စနစ်ရဲ့ အခြေခံတွေကို ပြန်သုံးမယ်ဆိုရင် ကိုယ်လည်း အဲ့ဒီပုံစံခွက်ထဲ ပြန်ရောက်တာနဲ့ အတူတူပဲ။ အဲဒါကြောင့် ကျမတို့ရဲ့ peace missing team ကနေ တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ တွေ့တဲ့အဖွဲ့တိုင်းကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့မှ အရေးယူ ဆောင် ရွက်ပေးဖို့ အမြဲတောင်းဆိုပြီးတော့ ပြောနေတဲ့ဟာမျိုးတွေတော့ ရှိတယ်။
မေး ။ ။ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့အမျိုးသမီးတွေအတွက် WLB အနေနဲ့ ဘာတွေ လုပ်ပေးဖို့ ရှိလဲ။
ဖြေ ။ ။ ဘယ်လိုလုပ်ပေးမလဲဆိုတာ ကျမတို့မှာ အာဏာဘာမှ မရှိဘူး။ ပြောရမယ်ဆိုရင် လက်နက်ကိုင်တွေရဲ့ တပ်မတော်ပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့သူတို့လက်ထဲမှာရှိတယ်။ ဒါပေမယ့် ကျမတို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသရွေ့ကတော့ အဲ့ဒီအဖွဲ့အစည်းတွေကို အကုန်လုံးကို ကန့်ကွက်ရှုတ်ချတယ်။ အဲဒီလိုမျိုး တော့ ကျမတို့မှာ ခုနကပြောတဲ့ မူပေါ်လစီအတိုင်း ကျမတို့က ဆက်လက်ပြီးတော့မှ လုပ်ဆောင်မယ်။ ကျမတို့က နည်းဗျူဟာ ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတာ တိတိကျကျပြောဖို့တော့ ခက်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး တကယ်အရေးယူနိုင်မှု တကယ်လုပ်ဆောင်နိုင်ဖို့အတွက် ကျမတို့က ဆက်လက်တိုက်တွန်းနေမယ်။ ကျမတခု ရှင်းရှင်းလင်းလင်း ပြောချင်တာက ကျူးလွန်တဲ့ သူတွေရှိတယ်။ ဒါပေမယ့် ကျူးလွန်တဲ့သူတွေကို အရေးယူတဲ့ ဟာမျိုးက ရှိမနေဘူး။ အဲဒါကို ပြောချင်တာ။ အဲဒါဆိုတော့ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။ ဆက်လက် ကျူးလွန်ခွင့်ပြုနေတဲ့သူကို နိုင်ငံတော်က ပိုပြီး တာဝန်ရှိတယ်။ ဥပမာအားဖြင့် အခု ICC ကိုခေါ်နေတဲ့ဟာက ဒါသည် ကိုယ်က မထောက်ခံပဲနဲ့ ကာကွယ်ပေးတယ်ဆိုလို့ရှိရင် ကိုယ်က သူရဲ့ဘက်တော်သား ဖြစ်သွားမှာပေါ့။ ကိုယ်ကလည်း ဆက်လက်ကျူးလွန်ခွင့်ပြုနေတာနဲ့ အတူတူပဲ။
ဆက်လက်ကျူးလွန်ခွင့်ပြုနေတဲ့သူ အားလုံးကိုလည်း ကျမတို့က ကန့်ကွက်ရှုတ်ချတယ်။ ဆက်လက်ကျူးလွန်ခွင့်ပြုနေတာကလည်း နိုင်ငံတော်မှာ တာဝန်အရှိ ဆုံး ဖြစ်တယ်။ တကယ်လို့သာ ကျမတို့နိုင်ငံမှာ လူတွေကိုအကာအကွယ်ပေးတဲ့၊အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတခုရှိမယ်ဆိုရင် ဘယ်သူပဲကျူးလွန်၊ ကျူးလွန် ဒီဥပဒေနဲ့ ဖြေရှင်းမယ်ဆိုရင် ကျမတို့လိုလားတဲ့ အခြေခံလူ့အခွင့် အရေးတွေရှိမယ်။ အဓိကက မူပေါ်လစီမပြောင်းသရွေ့ကတော့ ဒီလိုရှုပ်ထွေးမှုတွေနဲ့ ဆက်လက်သွားနေရင် ဘယ်လိုမှ ချက်ခြင်းအရေးယူတာမျိုး ရှိလာမှာမဟုတ်ဘူး။ အမှန်တရားအတွက် ရှိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့ အဓိကက လူသားတွေကိုအကာအကွယ်ပေးမယ့် ဥပဒေရှိဖို့ လိုတယ်။
မေး ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့နည်း၊လျော့ကျသွားအောင် ဘာတွေလုပ်ဖို့လိုနေလဲ။
ဖြေ ။ ။ ကြိုတင်ကာကွယ်တဲ့ဥပဒေတွေ လိုတယ်။ ဖြစ်မှ ထလုပ်တာထက် ကြိုတင်ကာကွယ်တဲ့ ဥပဒေရှိမှ သာလျှင် ဒီလိုမဖြစ်အောင် ကျမတို့က ကာကွယ်လို့ရမှာဖြစ်တယ်။ အခုက ဘာမှမရှိတဲ့အတွက်ကြောင့်မို့ ဘယ်သူပဲ ဖြစ်ဖြစ် အကြောင်းပြချက်အမျိုးမျိုးနဲ့ အကြောင်းပြပြီးတော့မှ ဖမ်းဆီးတာ တခုတည်း မဟုတ်ဘူး။ မုဒိမ်းမှုလည်း အခုအချိန်အထိ ဘာမှ အကာအကွယ်မပေးနိုင်ဘူး။ ဖမ်းဆီးတာလည်း အခုအချိန်အထိ ဘာမှ အကာအကွယ် မပေးနိုင်ဘူး။ ဆိုတော့ အဲ့ဒီဟာမျိုးတွေက ကျမတို့က မဖြစ်ခင်ကတည်းက ကြိုတင်ကာ ကွယ်တဲ့ ယန္တရားတခုတော့ ရှိထားဖို့တော့ လိုအပ်တယ်။ အဲ့ဒါကြောင့် အမျိုးသမီးတွေကို ကြိုတင်ကာကွယ်တဲ့ ဥပဒေတွေ ရှိထားဖို့ လိုအပ်တယ်။