နိုင်ငံရေးမှာ အမျိုးသမီး ပါဝင်နှုန်း နည်းပါးတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီး ပါဝင်နှုန်းနည်းပါးတယ်၊ နိုင်ငံ တည်ဆောက်ရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ လိုတယ် စသဖြင့် စကားသံတွေ နေ့စဉ် ကြားရတတ်ပါတယ်။ အမျိုးသမီးတွေကမှ နိုင်ငံရေး စိတ်မဝင်စားတာ၊ အရည်အချင်း မပြည့်မီတာ ဆိုတဲ့ အသံတွေကိုလည်း ကြားရလေ့ရှိပါတယ်။
သို့သော် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းစဉ်ကို ပြန်ကြည့်ပါ။ မထင်မရှား မိန်းမသားတွေ အပုံအပင်။ ၈၈၈၈ အရေးတော်ပုံ ဓာတ်ပုံတွေ ပြန်ကြည့်ရင် အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူ လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြတယ်။ အမျိုးသားများနဲ့ တန်းတူ အဖိအနှိပ်၊ အရိုက်အနှက်၊ အပစ်အခတ် ခံကြရတယ်။
ပိုမိုဆိုးရွားတဲ့ နေရာတွေမှာ ဆိုရင် အမျိုးသားတွေ မခံစားရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရတာတွေ ရှိပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်နှုန်း နည်းပါးတာ အဲဒီလိုအခက်အခဲတွေ ကြောင့်ပါပဲ။ သို့သော်လည်း ဒီအချက် တွေက ထက်မြက်တဲ့ အမျိုးသမီးတွေကို မတားနိုင်ပါဘူး။ အိုးပစ်၊ အိမ်ပစ်၊ မိသားစုပစ်၊ မိမိ အရှက်ကို ပစ်ပြီး နိုင်ငံအတွက် ကျရာနေရာကနေ ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေ အများကြီးပါ။
စက်တင်ဘာ ၂၇ ရက်နေ့က မခင်ခင်ကျော်ကို မင်းလှမြို့နယ် တရားရုံးက တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ် (၆) လ ချမှတ်လိုက်ပါတယ်။ ၂၀၁၅ ခုနှစ် ကျောင်းသား သပိတ်မှာ တရားစွဲဆိုခံရတဲ့ ကျောင်းသားတွေဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ရင်း တရားရုံး မထီမဲ့မြင် ပြုမှုနဲ့ အစွဲဆိုခံရပါတယ်။ တရားရင်ဆိုင်ခဲ့ရတဲ့ ကာလ ၃ နှစ်နီးပါး ကြာမြင့်တဲ့အပြင် တရားခွင်မှာလည်း ဘောင်ထဲက စော်ကားမှု၊ ပညာပြမှုတွေ အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
ရှေ့နေတယောက်၊ အမျိုးသမီးတယောက် ဖြစ်ပေမယ့် ရာဇဝတ်ကောင် တရားခံတယောက်လို ဆက်ဆံခံရတာ အကြိမ်ကြိမ်ပါပဲ။ အဲဒီလောက် စိတ်ပိုင်းဆိုင်ရာ စော်ကားညှဉ်းပမ်းမှုတွေ၊ ကိုယ်ကာယပင်ပန်းအောင် အကြိမ်ကြိမ် ရုံးချိန်း တက်ရတာတွေ၊ ငွေကုန်ကြေးကျခံရတာတွေ ရှိပေမယ့် မခင်ခင်ကျော်နဲ့ ဆုံမိတိုင်း တခါမှ သူ့အမှု အကြောင်း ညည်းညူတာ မကြားမိပါ။
သူ့အမှုအကြောင်း စသိတာတောင် သူပြောလို့မဟုတ်ဘဲ ၂၀၁၇ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီနဲ့ တွေ့တဲ့ပွဲမှာ ရန်ဟီးလီက သူ့နာမည်ကြားတာနဲ့ အမှုပြီးသွားပြီလား ဆရာမလို့ ကျမရှေ့မှာ မေးလိုက် တော့မှ ကျမ သိတာပါ။ မပြီးသေးဘူး လို့ပဲ သူခပ်ပြုံးပြုံးပဲ ပြောပါတယ်။ ဘာမှ ဆက်မပြောခဲ့ဘူး။ သူဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာတွေကို လုံးဝ မပြောခဲ့ပါဘူး။
အဲဒီအချိန်က သူနဲ့ ကျမတို့တတွေ ၆၆ (ဃ) ပြင်ဆင်ဖျက်သိမ်းရေး အတွက် ပူးပေါင်းလုပ်ဆောင်နေတဲ့ အချိန်ပါ။ ကျမတို့နဲ့ တသားတည်းပဲ ခရီးတွေထွက်၊ အစည်းအဝေးတွေ မနားတမ်း ထိုင်၊ ပြောဆို ငြင်းခုန်နေပေမယ့် တခါမှ လူသိများအောင် မီဒီယာရှေ့ ထွက်တာမျိုး၊ ထင်ပေါ်အောင်လုပ်တာမျိုး မရှိခဲ့ပါဘူး။
ငြိမ်းစုစီ ဥပဒေအတွက် ဆန္ဒပြပွဲ မှာလည်း မခင်ခင်ကျော်နဲ့ ဆုံပါတယ်။ နေပူထဲမှာ ချွေးတလုံးလုံးနဲ့ ဆိုင်းဘုတ် ကိုင်ပြီး အပြုံးမပျက် ရှေ့တန်းကပါတာပါပဲ။ သို့သော် မီဒီယာတွေ ဓာတ်ပုံရိုက်တော့ သူက မထင်မရှား နေရာမှာသာ သွားနေပါတယ်။
၈၈ မျိုးဆက်ထဲကဆိုရင် ငယ်ငယ်နုနု ဆယ်ကျော်သက် အရွယ်ကတည်းက ဒီမိုကရေစီအရေးအတွက် နိုင်ငံရေး လှုပ်ရှားမှုထဲကို ဝင်ရောက်လာကြတဲ့ အမျိုးသမီးငယ်လေးတွေဟာ ကနေ့အထိ နိုင်ငံအတွက် ကျရာနေရာကနေ ထမ်းဆောင်နေဆဲပါ။
အဲဒီ အမျိုးသမီးတွေကို တွေ့တိုင်း ကျမ သတိထား ကြည့်မိတာက သူတို့ ကျရာနေရာ ဆိုတာကိုပါပဲ။ အမျိုးသမီး အနည်းငယ်ကသာ ဂုဏ်ပြုခံ စင်မြင့်ကို ရောက်လာကြတယ်။ အမျိုးသမီး အနည်းငယ်ကသာ ခေါင်းဆောင် နေရာကို ရောက်လာကြတယ်။
မကြာသေးခင်က မမီးမီး ဆုံးသွားတော့မှ သူဟာ ဘယ်နိုင်ငံရဲ့ ဂုဏ်ပြုဆုတံဆိပ်ကိုမှ မရခဲ့ဖူးသလို၊ ဘယ်ပြည်တွင်း အဖွဲ့အစည်းရဲ့ ဂုဏ်ပြုဆုတံဆိပ်ကိုမှလည်း မရခဲ့ဖူးဘူးဆိုတာ သူ့ကိုယ်ရေးအကျဉ်းကို ဖတ်မိမှ သတိထား မိပါတယ်။ သူ စွန့်လွှတ်စွန့်စားခဲ့မှုဟာ ဘာကိုမှ မမျှော်ကိုးခဲ့ဘူးဆိုတာတော့ သူနဲ့ မကြာခဏ ဆုံဖူးလို့ သိပေမယ့်၊ သူ့လုပ်ဆောင်မှုတွေကိုရော ကျမတို့နိုင်ငံရဲ့ မည်သည့်အဖွဲ့အစည်း၊ ဘယ်သူကမှ အလေးထား ဂုဏ်ပြုဖို့ မကြိုးစားခဲ့ကြဘူးဆိုတာ ကျမအတွက်တော့ ဝမ်းနည်းစရာပဲ။ ဆုတံဆိပ်တွေရဲ့ သန့်ရှင်းမှုကလည်း တကဏ္ဍဖြစ်ပါတယ်။
တကယ်အရည်အချင်း ရှိသူတွေထက် ပတ်သက်ရာ ပတ်သက်ကြောင်း၊ မကင်းရာ မကင်းကြောင်းတွေကိုသာ ပေးနေခဲ့တာလည်း ကြာနေခဲ့ပါပြီ (အားလုံးကိုတော့ မဆိုလိုပါ။ သို့သော် အမျိုးသမီးတွေ ဆုရပြီဆိုရင်လည်း ဘယ်သူနဲ့ ပတ်သက်လို့ ဆိုတဲ့ သတင်းက ပျံ့နှံ့လာတတ်တာမို့ ဆုမရဘူးတဲ့ အမျိုးသမီးကသာ သန့်ရှင်း သိက္ခာရှိတဲ့ အမျိုးသမီးလို့ ယူဆရမလို အခြေအနေကလည်း ရှိနေပါသေးတယ်)။
ကွယ်လွန်သွားပြီဖြစ်တဲ့ မမီးမီး အဖြစ်ကနေတဆင့် ရှင်သန်ရုန်းကန်နေဆဲ အမျိုးသမီး သတ္တိခဲတွေကို ကြည့်မိတော့လည်း ဒီအတိုင်းပါပဲ။
လူဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျ တွက်ချက် အလုပ်လုပ်တတ်တဲ့ သူမျိုးပါ။ စဉ်းစားဆင်ခြင်ဉာဏ်ရှိပါတယ်။ အနည်းဆုံးတော့ မိမိကိုယ်ကိုယ် ဘယ်လို ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ အကျိုးကျေးဇူးများမယ့် နည်းလမ်းကိုသာ ရွေးချယ်တဲ့ လူတွေချည်းပါပဲ။ ချော်လဲမယ်ဆိုရင်တောင် အကျမနာမယ့် ပုံစံ ဟန်ထားမျိုးကို သတိထားတဲ့ အသိဉာဏ်ရှိသူတွေပါ။ လုပ်ဆောင်ချက်တိုင်းရဲ့ ရလဒ်နဲ့ ဆိုးကျိုးကို အမြဲ တွက်ချက်ကြည့်လေ့ ရှိကြပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီး တက်ကြွလှုပ်ရှားသူ အများစုကတော့ အဲဒီလို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားကြပါရဲ့လားလို့ ကျမ မကြာခဏ စောကြောမိပါတယ်။ သူတို့ ရင်းလိုက်ရတဲ့ ဘဝက ပိုမိုအရင်းအနှီး ကြီးပါတယ်။ သာမန် မိသားစုဘဝ၊ အေးချမ်းစွာ နေထိုင်ခွင့်၊ လုံခြုံခွင့် စတာတွေ ဖြစ်ပြီး အမြင့်ဆုံး ပြန်ရနိုင်တာက ဘယ်အဆင့်ထိပါလဲ။ ၈၈ ကာလနောက်ပိုင်းမှာ ထောင်ကျခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင်တွေ များစွာ ရှိပါတယ်။
ထောင်က လွတ်မြောက်ပြီး နောက်ပိုင်းမှာ သူတို့အတွက် အထောက်အပံ့ပေးတဲ့ အစီအစဉ်တွေ အလွန် နည်းပါးတာကို တွေ့ရတယ်။ ပညာဆက်လက် သင်ယူခွင့် အပြင် တခြားသော ဘဝနေထိုင်ရေး အထောက်အကူပြု သင်တန်းတွေ ရတာ နည်းပါးပါတယ်။ အမျိုးသားတွေနဲ့ မတူတဲ့ နောက်ထပ် အချက်ကတော့ ဘဝအဖော်မွန် ကောင်းနဲ့ တွေ့ရသူနည်းပါးတာပါ။
နိုင်ငံရေးသမား နောက်မှာ အထောက်အပံ့ပေးမယ့် ပါရမီဖြည့်ဘက် ဇနီး နိုင်ငံရေးကတော်တွေ တွေ့ရလေ့ ရှိတတ်ပေမယ့် နိုင်ငံရေးခင်ပွန်းတွေက လက်ချိုးရေလို့ ရပါတယ်။
အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ အတွက် အခက်အခဲ အသေးစိတ်က ပြောမကုန်သလို၊ အသိအမှတ်ပြုခံရဖို့၊ တန်းတူ အခွင့်အရေးရဖို့ဆိုတာလည်း အလှမ်းဝေးနေပါသေးတယ်။ သို့သော် ဒီအချက်ကြောင့်တော့ အမျိုးသမီးတွေ နိုင်ငံရေးလောကထဲ ဝင်မလာအောင် မတားနိုင်ဘူးဆိုတာ လက်ရှိနိုင်ငံရေးလောကက သတ္တိခဲ အမျိုးသမီးတွေကို ကြည့်ရင်သိနိုင်ပါတယ်။
ရဲရဲတောက် အမျိုးသမီး လှုပ်ရှားသူများအား ဦးညွှတ်လျှက် ….။
စာရေးသူ ဇာခြည်ညိမ်းသည် သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။