“နင်က ပညာတတ် တယောက် မဟုတ်ဘူးလား။ ဘွဲ့လည်း ရတော့မယ်။ တုံးတုံးအအ သူလည်း မဟုတ်ဘူး။ ရွာက တက်လာသူလည်း မဟုတ်ဘူး။ ဘာလို့ ဒီလိုကိစ္စမျိုးက ဖြစ်ရတာလဲ ဆိုပြီး ညီမကို ပြောတယ်”ဟု ကာယိန္ဒြေ ပျက်စီး စေသည့် ထိပါးမှုများ ကြုံခဲ့ရသည် ဟူသော အမျိုးသမီးငယ် တဦးက ပြောပြသည်။
ထိုစကားကို လွန်ခဲ့သည့် ၈ လ ကျော်က ရန်ကုန် စမ်းချောင်းမြို့မ ရဲစခန်းမှ စခန်းမှူးဖြစ်သူက အမှုဖွင့် တိုင်ကြား လာသူ အမျိုးသမီးငယ်ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခု နှစ်ဆန်းပိုင်းက ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာ အောင်ချစ်ပိုထံ သွားရောက်၍ ဗေဒင်မေးသည့် အမျိုးသမီး တချို့ ကာယိန္ဒြေ ပျက်စီးစေသည့် ထိပါးမှုများ ကြုံခဲ့ရသည်ဟူသော သတင်းကို မှတ်မိကြဦးမည် ထင်သည်။
ကျူးလွန်ခံရသူ အမျိုးသမီးတချို့၏ လူမှုကွန်ရက်စာမျက်နှာပေါ် ထုတ်ဖော်ရေးသားမှု၊ အမျိုးသမီးငယ်တချို့၏ မီဒီယာများတွင် ဖွင့်ဟ ပြောဆိုမှုများကြောင့် ထိုအချိန်က လူအများ စိတ်ဝင်စားသည့် သတင်းတခု ဖြစ်ခဲ့သည်။
ဗေဒင်မေးသူ တက္ကသိုလ် ကျောင်းသူတဦးနှင့် ရုပ်ရှင်သရုပ်ဆောင် ဒိန်းဒေါင်၏သမီး ဒိန်းပိုပိုဒေါင်တို့က ဗေဒင် ဆရာအောင်ချစ်ပိုကို ပုဒ်မ ၃၅၄(အမျိုးသမီးများအားကာယိန္ဒြေပျက်စီးစေမှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု)တို့ဖြင့် ဇန်နဝါရီလကုန်တွင် စမ်းချောင်းမြို့မ ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။
အမှုဖွင့်ပြီး ၆ လကျော် အကြာတွင် စမ်းချောင်းမြို့နယ် တရားရုံး၌ တရားစွဲတင်ခဲ့ပြီး ယခုအခါ စွပ်စွဲခံရသူ ဗေဒင် ဆရာအောင်ချစ်ပိုသည် အာမခံဖြင့် တရားရင်ဆိုင်လျက် ရှိသည်။
“စခန်းမှူးက ဒါက ဖြစ်နိုင်စရာ အကြောင်းမရှိဘူးပဲ ပြောတယ်။ ပြီးတော့ သက်သေတွေ ရှိလားတဲ့။ သြော် ကိုယ် က အကိုင်ခံရပါမယ်။ သူငယ်ချင်းတွေလာခဲ့ပါ။ လာကြည့်ပါလို့ ပြောရမယ့်ကိစ္စ မဟုတ်ဘူးလေ။ ပြီးတော့ ဒီကိစ္စ ဖြစ်မယ်ဆိုတာ ကိုယ်တိုင်လည်း မသိသလို သူများတွေလည်း ဘယ်သူမှ မသိဘူးလေ” ဟု မအိခိုင် (အမည်လွှဲ) က အမှုဖွင့်စဉ် ကြုံတွေ့ခဲ့ရသည်များကို ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းစဉ်က ပြောပြခဲ့ခြင်း ဖြစ်သည်။
ယခုဆိုလျှင် အချိန်ကာလအားဖြင့် ၈ လ ကျော်ကြာမြင့်ပြီ ဖြစ်သော်လည်း အမှန်တရားနှင့် တရားမျှတမှု အတွက် ဝေဝါးနေဆဲ အခြေအနေ ဖြစ်နေသည်။
“စိတ်က တခါတလေ အားငယ်တာ၊ ဆက်မလုပ်ချင်တော့တာ ရှိတာပေါ့။ ဒါပေမယ့် ကိုယ့်အပြင် တခြားလူတွေ လည်း ခံရတာဆိုတော့ ဒါကို လုပ်ကိုလုပ်မှ ဖြစ်မယ်ဆိုပြီး အားတင်းပြီးတော့ပဲ ဆက်လျှောက်နေတာပါ” ဟု တ ရားလိုဖြစ်သူ မြင့်မြတ်ကေခိုင်က ဖွင့်ဟပြောဆိုသည်။
အလားတူပင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျား/မ ရေးရာတန်းတူညီမျှရေး၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှား ဆောင်ရွက်သည့် (NGO) အဖွဲ့အစည်းတခုအတွင်း အကြီးအကဲဖြစ်သူ(CEO)က လိင်ပိုင်းဆိုင် ရာ အမြတ်ထုတ်မှု ဖြစ်ပွားနေသည်ဟူသော သတင်းများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့ပြန်သည်။
ကျူးလွန်ခံရသူ ကာယကံရှင် အမျိုးသမီးငယ်များက ၎င်းတို့၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ နောက်လူများ ကျူးလွန် မခံရစေရန် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း ယနေ့အချိန်ထိ စွပ်စွဲခံရသည့် CEO ဆိုသူကို အမှုဖွင့် အရေးယူခြင်း၊ အဖွဲ့အစည်းအတွင်း တစုံတရာ အပြစ်ပေးအရေးယူခြင်း မရှိသေးပေ။
သုတေသနနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ မဇာခြည်ညိမ်းက“ယုတ်မာတဲ့ သားစားဘီလူးတွေ ဒီလောကမှာ အများကြီး ရှိတယ်။ ဘယ်တရားဥပဒေကမှ အရေးယူနိုင်ခြင်း၊ အရေးယူဖို့ ကြိုးစားခြင်း မပြုပါဘူး။ Social Justice လို့ခေါ်တဲ့ လူမှု အသိုင်းအဝိုင်းက ပြစ်ဒဏ်ခတ်ဖို့လည်း မလုပ်ကြပါဘူး” ဟု မှတ်ချက်ပြုသည်။
ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း အစိုးရမဟုတ်သော အဖွဲ့အစည်းတခု၏ ဌာနတခုတွင် အလုပ် လုပ်နေသည့် အမျိုးသမီးတဦးဖြစ်သူ Pyae Phyo Wai အကောင့်ပိုင်ရှင်၏ ထုတ်ဖော်ပြောဆိုမှု တခု လူမှု ကွန်ရက် စာမျက်နှာပေါ် တက်လာပြန်သည်။
ကျန်းမာရေး ပြဿနာများကို ရုံးချိန်အတွင်း ဖုန်းကတဆင့် ခေါ်ဆိုမေးမြန်းသမျှကို ပြန်လည် ဆွေးနွေးပေးသော တာဝန်ကို ယူထားသည့် သူ့ကို အမျိုးသားတဦးက ဖုန်းခေါ်ပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ရိုင်းစိုင်းသည့် စကား လုံးများ သုံးနှုန်းပြောဆိုသည်ဟု ရေးသားထားသည်။
သူ တာဝန်ထမ်းဆောင်နေချိန် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်းအတွက် အမှုဖွင့်တိုင်ကြားရန် အခက်အခဲမျိုး စုံ ကြုံတွေ့ခဲ့ရသည်များကိုလည်း ပြောဆို ရှင်းပြထားသည်။
လက်ရှိအချိန်တွင် ကျူးလွန်သူအား သက်သေအခိုင်အမာဖြင့် ညွှန်ပြနိုင်၍ တိုင်ချက် ဖွင့်ထားပြီဖြစ်သော်လည်း ထိုကိစ္စအတွက် ဥပဒေမရှိ၍ ဖုန်းထဲမှ ဆဲရေးတိုင်းထွာသည့် ဥပဒေဖြင့်သာ အမှုဖွင့်ခဲ့ရသည်ဟု ဆိုသည်။
“ကျမတို့ အရမ်းကို အကာအကွယ် မဲ့နေပါတယ်။ အားလုံးရဲ့ အကူအညီ လိုပါတယ်။ ဝိုင်းဝန်းရှဲပေးကြတယ်ဆို ရင် ဒါဟာ Hotline ကို ဖုန်းဆက်ပြီး မဖွယ်မရာ ပြောဆိုရင် အပြစ်ရနိုင်တာ ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့ကြံရွယ် နေသူတွေ သိကြပါမယ်။ အပြစ်ပေးနိုင်တဲ့အထိ ကျမကို ကြိုးစားကူညီပေးကြပါ” ဟု သူက ပြောဆိုထားသည်။
ထိုဖြစ်ရပ်များက နေ့စဉ် လူမှုဘဝတွင် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ရုန်းကန်လှုပ်ရှားနေကြရသူ အမျိုး သမီးတို့သည် ဘတ်စ်ကား၊ ရထား၊ လမ်းမပေါ်၊ လုပ်ငန်းခွင်တွင်း/ပြင်ပ တို့တွင် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင် ရာ စော်ကားမှုများကို ပုံစံမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း သက်သေထူနေသည်။
သို့သော်လည်း ထိုကိစ္စများအတွက် မည်သူကမျှ အရေးတယူမရှိ။ အသေးအဖွဲ ကိစ္စကလေးများဟု ရှုမြင်နေကြ ဆဲဖြစ်သည်။ ပြုလုပ်သူများက အပြစ်ကင်းလွတ်နေသကဲ့သို့ အရေးယူခံရမှု နည်းနေပြီး ပြုလုပ်ခံရသည့် အမျိုးသမီးများ ကို သာ အဝတ်အစား၊ အပြောအဆို၊ အနေအထိုင် စသည်ဖြင့် အပြစ်ဖို့ကြသည်များလည်း ရှိနေပြန်သည်။
ထိုကဲ့သို့သော လူမှုပတ်ဝန်းကျင်က ကျူးလွန်သူများကို လွတ်မြောက်နေစေရန်၊ ဆက်လက် ကျူးလွန်ခွင့် ရရှိစေရန် အခွင့်အလမ်း ပေးနေသကဲ့သို့လည်း ဖြစ်နေသည်။
လက်ရှိ သုံးစွဲနေသည့် ရာဇသတ်ကြီးတွင် အမျိုးသမီးတဦး၏ ကာယိန္ဒြေ ကိုပျက်စီးစေရန် ကိုယ်ထိလက်ရောက် ကျူးလွန်မှု (သို့) ကြံရွယ်ပြောဆိုပြုမူမှု ပုဒ်မ ၃၅၄/၅၀၉၊ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ ကာမလိမ်လည် ရယူမှု ပုဒ်မ ၄၁၇ ဟူ၍ ပြစ်မှုပြစ်ဒဏ်များ ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် ထိရောက်မှုမရှိဘဲ အားနည်းချက် များ ရှိနေသည်။
အနိုင်ကျင့်ခံရသည့် အမျိုးသမီးများ ရဲစခန်းတွင် အမှုဖွင့်သည့်အခါ ရဲအရာရှိ အမျိုးသားများ၏ စစ်ဆေးမြန်းမှုများ သည် ၎င်းတို့အတွက် ရှက်ရွံ့မှု၊ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်စေကာ ဖြစ်စဉ်အမှန်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆို ရန် ဝန်လေး သွားတတ်ကြသည်ဟု ဥပဒေရေးရာ ကျွမ်းကျင်သူများကလည်း ထောက်ပြ ပြောဆိုကြသည်။
ဆယ်မှုတွင် တမှုခန့်သာ တရားမျှတမှုကို ရှာဖွေချင်ကြတော့ပြီး ‘တရှက်ကနေ နှစ်ရှက်’ ဖြစ်မည် စိုးရိမ်၍ လက်လျှော့ လိုက်ကြသည့် အမှုများ မည်မျှ ရှိနေမလဲ။
အမှုဖွင့်စဉ်က အမျိုးသား ရဲဝန်ထမ်းများရှေ့ အမှန်တရားအတွက် ရှက်ရွံ့သည့်ကြားက ဖြစ်ကြောင်းကုန်စင် ဖွင့် ဟပြောဆိုခဲ့ရသည့် မြင့်မြတ်ကေခိုင်က “အမျိုးသမီးကိစ္စကို အမျိုးသမီး အချင်းချင်းကသာ နားလည်ပေးနိုင်ဆုံး ပါ” ဟု ဆိုသည်။
နေရာတကာ ‘သက်သေ၊ သက်သေ’ ဆိုသည်ကလည်း မမျှော်လင့်ထားသည့်အချိန်၊ နေရာများတွင် ရင်ဆိုင်ကြုံ တွေ့ရသည့် အမျိုးသမီးများအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများတွင် တရားမျှတမှုအတွက် အဟန့်အတားတခု ဖြစ်နေသည်။
လမ်းသွားလာရင်း၊ ဘတ်စ်ကားစီးရင်း၊ လူကြပ်သည့် နေရာမျိုးများတွင် အသားယူလိုက်ခြင်း၊ အဝေးပြေး ကားများပေါ် ဘေးချင်း ယှဉ်ထိုင်ရင်း တယ်လီဖုန်းထဲမှ မတော်တရော်ပုံများကို သူက ကြည့်နေသယောင်ဖြင့် ဘေးက မိန်းကလေး ကို ပြခြင်းမျိုး တို့တွင် သက်သေ မည်သို့မည်ပုံ ရနိုင်ပါမည်နည်း။
ထိုသို့ ကျူးလွန်ခံရပါက သက်သေ အထောက်အထား မရှိသောကြောင့် အမှုတည်ဆောက်၍ မရကြောင်း၊ အမှု ဖွင့်မည် ဆိုလျှင်လည်း မခိုင်လုံကြောင်း၊ နောက်တခါဆိုလျှင် သက်သေ အထောက်အထားအတွက် အသံဖမ်း ထားပါ၊ ဗီဒီယိုရိုက်ထားပါဟု ရဲစခန်းသို့ အမှုသွားဖွင့်သည့် အခါတိုင်း ကြားနေရသည်။
ထိုအခြင်းရာက လက်ရှိ ကျူးလွန်ခံရမှုကို ဖြေရှင်းပေးရန် နှင့် နောက်ထပ် ကျူးလွန် မခံရစေရန် မည်သို့ကာကွယ်ပေး မည် နည်း ဆိုသည်ကို မတွေးတောပေးသည့်အပြင် အမှုဖွင့်နိုင်ရေးအတွက် နောက်တကြိမ်ကိုပင် အကျူးလွန်ခံ ရဦး မည့် အခြေအနေမျိုး ဖြစ်နေသည်။
ထို့ပြင် မြန်မာ့ လူမှုဝန်းကျင်၌ ငယ်စဉ်ကတည်းက ယောကျ်ားလေးများနှင့် မိန်းကလေးများအပေါ် သင်ကြားပေးမှု ပုံစံ မတူညီခြင်း၊ ကျူးလွန် ခံရသူကိုသာ အပြစ်ဖို့မှု ပြုလုပ်သည်များ ရှိခြင်းတို့ကြောင့် “လွယ်ရင် သူကြွယ်တောင် လက်ဆော့” ဆိုသကဲ့ သို့ အခြေအနေသာ ပေးပါစေ လူတိုင်းက မယုံရဘူးဆိုသည့် အနေအထားမျိုး ရောက်နေသည်။
“ကိစ္စက သေးသေးလေးကို ဆတ်ဆတ်ထိမခံ ဖြစ်ပြနေလိုက်တာတဲ့။ ကိစ္စသေးသေးလေးလို့ ပြောထွက်တဲ့ သူတွေကို အံ့သြမဆုံးပါဘူး။ အလွယ်ရလို့ ရသလောက်လုပ်ရင်း အကာအကွယ်မဲ့ ကလေးတွေကအစ မုဒိမ်းကျင့် ခံနေရတာပါ” ဟု Pyae Phyo Wai အကောင့်ပိုင်ရှင်က မှတ်ချက်ပြု ထားသည်။
အမှုဖွင့်ပြီး၍ တရားရုံးရောက်သွားသည့် အခါတွင်လည်း တရားရုံးတွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်နှင့်ချီ၍ ဒုက္ခပေါင်းစုံဖြင့် ခြေကုန်လက်ပန်းကျ၊ အမှုရင်ဆိုင်ရင်း စီးပွားပျက်၊ နာမည်ပျက်၊ ဆွေးမျိုးသားချင်းများကပါ ပစ် ထားခြင်းခံရသည့် မိန်းကလေး များစွာလည်း ရှိနေသည်။
လက်ရှိ အဖြစ်အပျက်များက နေရာမျိုးစုံတွင် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်ခံနေရသည့် အမျိုးသမီးတို့ဘဝ ပိုမိုလုံခြုံစေရန်အတွက် အကာအကွယ် ပေးနိုင်မည့် ဥပဒေတခု မဖြစ်မနေ လိုအပ်ကြောင်း မီးမောင်းထိုးပြ နေသည်။
ထို့အတွက် သက်ငယ်မုဒိမ်းမှု အပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရမှု၊ လုပ်ငန်းခွင်၊ အများပြည်သူနှင့် သက်ဆိုင် သော နေရာများတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ထိကပါးရိကပါးပြုမှု၊ နှောင့်ယှက်မှု စသ ဖြင့် အကြမ်းဖက်မှုပုံစံမျိုးစုံမှ အမျိုးသမီးများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်မည့် ‘အမျိုးသမီးများအား အ ကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေ’ ကို အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းပေးရန် အမျိုးသမီးရေး ဆောင်ရွက် သူများက ဆန္ဒရှိနေကြသည်။
သို့သော် ဥပဒေကြမ်းသည် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်သို့ပင် မရောက်သေးဘဲ ကြန့်ကြာနေသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက မင်္ဂလာတောင်ညွန့် တည်းခိုခန်းတခုမှ နာကျည်းစိတ်ဖြင့် လူသတ်မှု ဖြစ်ပွားခဲ့ သော (တိုင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ) အမှုဖြစ်စဉ်မျိုးလည်း ရှိခဲ့သည်။
လူသတ်မှု ကျူးလွန်သူ အမျိုးသမီး (လင်းလင်းခိုင်)က ၎င်းအတွက် တရားမျှတမှုရရှိရန် ကြိုးစားခဲ့သော်လည်း အခြေ အနေ များက သူ့ဘက်တွင် မရှိတော့သည့်အခါ ကိုယ့်တရားကိုယ်စီရင်သည့် ပုံစံမျိုး ဖြစ်သွားခဲ့သည်။
အကယ်၍ အမျိုးသမီးတို့ဘဝလုံခြုံရေးအတွက် ဥပဒေအကာအကွယ် မဲ့နေဦးမည်ဆိုလျှင် လင်းလင်းခိုင် ကဲ့သို့သော ဖြစ်ရပ်မျိုးများ ထပ်မံ မဖြစ်ပေါ်လာနိုင်ဟု မပြောနိုင်ပေ။
မဇာခြည်ညိမ်းကတော့ အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ “မိန်းကလေးတွေမှာ အကာအကွယ် မဲ့ပါတယ်။ တရား မျှတမှု မဲ့ပါတယ်”ဟု ကောက်ချက်ချသည်။
အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်မည့် ဥပဒေတရပ် အမြန်ဆုံး မပေါ် ပေါက်သေးခြင်း နှင့် လူ့အသိုင်းအဝိုင်း၏ အကာအကွယ်ပေးမှု အားနည်းနေခြင်းသည် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ၊ ကာယိန္ဒြေ ထိပါးစော်ကား နှောင့်ယှက်မှုများ ဆက်လက် ရှိနေဦးမည် ဖြစ်ပါသည်။ ။