Women & Gender

မွန်ပြည်နယ်တွင်း အမျိုးသမီးများ တိုးတက်ရေးစီမံချက်ရေးဆွဲရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် လုပ်ငန်းစီမံချက်တစောင်ကို ရေးဆွဲရန် မွန်ပြည်နယ် အစိုးရနှင့် လွှတ်တော်တို့က စီစဉ်နေသည်ဟု သတင်းရရှိသည်။

အဆိုပါ စီမံချက်ကို ရေးဆွဲရန် ဒေသခံ အမျိုးသမီးများ၏ အသံများ၊ ဆွေးနွေးချက်များကို ရယူထားပြီဖြစ်ပြီး စီမံချက်ရေးဆွဲရန် ဦးဆောင် ကော်မတီ တရပ်ကို လည်း ဖွဲ့စည်းရန် ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ဧရာဝတီကို ပြောသည်။

ဒေါ်တင်အိက “စီမံချက် (Action Plan) က ကျမတို့ မဆွဲရသေးပါဘူး။ ရေးဆွဲဖို့ စက်တင်ဘာလ ၄ ရက်က ဦးဆောင် ကော်မတီကို ဖွဲ့ဖို့ လျာထားတယ်။ ဆွေးနွေးပွဲတွေကနေ Action Points တွေ ရထားတယ်။ အလုပ်လုပ်ဖို့ ကော်မတီတွေ ဆက်ဖွဲ့ဖို့ ရှိတယ်။ အခုရထားတဲ့ Action Points ကနေ Action Plans တွေ အဖြစ် ဆောင်ရွက် ရမှာပါ။”ရေးဆွဲမည့် လုပ်ငန်းစီမံချက်၏ အမည်ကို မွန်ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက် ဟု အမည်ပေးထားသည်ဟု သိရသည်။

ထိုစီမံချက် ရေးဆွဲနိုင်ရန် မွန်ပြည်နယ်၊ မြို့နယ် ၁၀ မြို့နယ်ရှိ ကျေးရွာများထံ မွန်ပြည်နယ် အစိုးရအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော် တို့က ကွင်းဆင်းပြီး ဒေသခံအမျိုးသမီးများကို ဖိတ်ခေါ်ကာ ကျေးရွာအဆင့် မြို့နယ်အဆင့် ခရိုင်အဆင့် ပြည်နယ်အဆင့် စုစုပေါင်း ဆွေးနွေးပွဲ ၂၄ ကြိမ် ပြုလုပ်ထားသည်ဟု ဒေါ်တင်အိက ရှင်းပြသည်။

ဆွေးနွေးပွဲများတွင် လူမှုရေးကဏ္ဍ (ပညာရေး၊ကျန်းမာရေး) ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး၊ မြေယာပိုင်ဆိုင်မှုနှင့် သဘာဝသယံဇာတ၊ အမျိုးသမီးများအတွက် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဟူသည့် ကဏ္ဍ ၅ရပ်ကို ဆွေးနွေးကြပြီး စီမံချက်များရေးဆွဲရာတွင် ထည့်သွင်းရေးသားရန် အချက်အလက်များ အဖြစ် ရယူထားသည်ဟု သိရသည်။

ဒေသခံအမျိုးသမီးများ တောင်းဆိုထားသည့် အချက်များမှာ အမျိုးသားနှင့် အမျိုးသမီးများ လုပ်ခလစာ တန်းတူရရေး၊ အနည်းဆုံးအလယ်တန်းကျောင်းပြီးထားသည့် အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရန်၊ သက်မွေးမှုပညာသင်တန်းများနှင့် အသေးစားချေးငွေများ ထုတ်ချေးပေးရန်၊

လုပ်ငန်းခွင် အတွင်းရှိ အမျိုးသမီးများ လုံခြုံမှုကို အာမခံပေးနိုင်သည့် ဥပဒေများပြဌာန်း ပေးရန်၊ အမျိုးသမီးများနှင့် ဖွံ့ဖြိုး တိုးတက်မှု အတွက် သီးသန့်ဝန်ဆောင်မှု ပေးသည့် ဌာနဆိုင်ရာ ရေးဆွဲမည့် လုပ်ငန်းစီမံချက်၏ အမည်ကို မွန်ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက် ဟု အမည်ပေးထားသည်ဟု သိရသည်။

ပညာရေးပိုင်းဆိုင်ရာတွင် ကျေးလက်နေမိန်းကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် အစိုးရမှ ရန်ပုံငွေ တရပ်ထူထောင်ပေးရန်၊ အိုးမဲ့အိမ်မဲ့ မိဘမဲ့ပြီး ထိခိုက်လွယ်သည့် လူငယ်များကို သင်တန်းဌာနများ ဖွင့်လှစ်ပေး ရန်နှင့် တက္ကသိုလ်ဝင်ခွင့်တွင် ကျားမအကြား ရမှတ်ကွာခြားစွာ သတ်မှတ်နေသည်များကို ပယ်ဖျက်ပေးရန်တို့ကိုလည်း ထည့်သွင်းထားသည်။

ကျန်းမာရေးအတွက်လည်း စောင့်ရှောက်မှုများပေးရန် အသေးစိတ်ဆွေးနွေးထားသည့်အပြင် ရပ်ကွက် အုပ်ချုပ်ရေးပိုင်းများတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို အပြင်းအထန် ကြိုးစားသွားရန်၊ သမိုင်းဖြစ်စဉ် တလျှောက် ထင်ပေါ်ကျော်ကြားခဲ့သည့် အမျိုးသမီးများကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်း ရေးဆွဲပေးရန်၊ မြေယာပိုင်ဆိုင်မှုတွင်လည်း အမျိုးသမီးများ အမွေဆက်ခံပိုင်ခွင့် အပြည့်အဝ ရရှိရေးနှင့် အိမ်ထောင်စုဇယားများတွင် အမျိုးသမီးများကို မှီခိုဟု မရေးပဲ ၎င်းတို့ အလုပ်အကိုင်များကို ထည့်ပေးရန် စသည် တို့ပါရှိသည်။

အမျိုးသမီးများ လုံခြုံရေး၊ အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ရမည့် အချက်များတွင်လည်း လိင်အကြမ်းဖက်မှု ကျူးလွန်သူများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် မရရှိဘဲ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားရန်၊ လိင်အခြေပြု အကြမ်းဖက်မှုများကို ခံစားကြုံတွေ့ခဲ့ရသည့် အမျိုးသမီးများကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရန်၊ ကျေးရွာအဆင့်များတွင် အမျိုးသမီးအခွင့်အရေး နှင့် ပတ်သက်သည့် သင်တန်းများ ပေးရန်နှင့် အမျိုးသမီးများအတွက် ရန်ပုံငွေ တရပ်သတ်မှတ်ပြဌာန်းပေးရန်တို့လည်း ပါရှိသည်။

အဆိုပါ စီမံချက်များကို ၂၀၁၈ ခုနှစ်၊ နှစ်ကုန်တွင် အပြီးရေးဆွဲ သွားနိုင်ရန် မျှော်လင့်ထားပြီး ရေးဆွဲပြီးစီး အကောင်အထည်ဖော်နိုင်ပါက မွန်ပြည်နယ်အတွင်း အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘဝလုံခြုံရေး နိမ့်ပါးမှုများ ပိုမိုမြှင့်တက်လာနိုင်ပြီး အမျိုးသမီး၊ အမျိုးသား ခွဲခြား ဆက်ဆံမှုများလည်း အကောင်းဘက်သို့ တိုးတတ်လာရန် မျှော်လင့်ထားသည် သိရသည်။

သို့သော် စီမံချက်များကို ရေးဆွဲပြီးနောက် လက်တွေ့မြေပြင်တွင် အကောင်အထည် ဖော်ရန် ရန်ပုံငွေ တရပ် လိုအပ်ပြီး ရန်ပုံငွေရှိမှသာ လုပ်ငန်းများကို ထိထိရောက်ရောက်ဖြစ်စေရန် အကောင်အထည် ဖော်နိုင်မည် ဟုလည်း လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ဆိုသည်။

ဒေါ်တင်အိက “Action Plans ထွက်လာပြီးရင်တော့ ဘဏ္ဍာရေးအတွက်ကတော့ အစိုးရဘက်က မဖြစ်မနေ လုပ်ဆောင်ပေး ရလိမ့်မယ်လို့ ကျမထင်ပါတယ်”ဟု ရှင်းပြသည်။

လုပ်ငန်းစီမံချက်များကို ရေးဆွဲရန် ဖွဲ့စည်းနေသည့် ဦးဆောင်ကော်မတီတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိတို့က နာယက အဖြစ် ပါဝင်ပြီး ဥက္ကဌအဖြစ် မွန်ပြည်နယ်၊ ပအို့ဝ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က တာဝန်ယူမည်ဖြစ်သည်။

မွန်ပြည်နယ်၊ ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က လုပ်ငန်းစီမံချက်များ ရေးဆွဲရန် လိုအပ်သည့် အစည်းအဝေးကျင်းပရမည့် ရန်ပုံငွေများနှင့် လုပ်ငန်းအကောင် အထည် ဖော်ရာတွင် ကုန်ကျမည့် ရန်ပုံငွေများနှင့် နည်းပညာများကို မွန်ပြည်နယ်အခြေစိုက် UN Women က ထောက်ပံ့သွားမည်ဟု ပြောသည်။

ဒေါ်စံဝင့်ခိုင်က “ရရှိထားတဲ့ အချက်တွေက တကယ့်ကို ကျေးရွာတွေမှာ ရှိသော အမျိုးသမီးများရဲ့ အသံစစ်စစ် ဖြစ်တယ်။ ဒါတွေက လုပ်ဆောင်ရမယ့် Action Point တွေပေါ့။ ကျမတို့က Action Point ကနေ Action Plan အဖြစ် ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ အသံစုစည်းချက်များကို လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရန် ဒေါ်စံဝင့်ခိုင်က မွန်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြကာ ထိုမှတဆင့် ပြည်ထောင်စုအစိုးရထံတွင် ခွင့်ပြုချက် တောင်းခံ ထားကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနများ၏ အကြံပြုချက်များကို ရယူပြီး ပြန်လည်ပေးပို့ထားသည့် စာကိုလည်း ရရှိထားသည်ဟု ဒေါ်စံဝင့်ခိုင်က ပြောသည်။

ထို့ပြင် မွန်ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်ကို ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲသွားနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အောက်ခြေအဆင့်ဆင့်တွင် ဆွေးနွေးပွဲများ ပြုလုပ်ပြီး လုပ်ငန်းစီမံချက် ရေးဆွဲရန် စီစဉ်ဆောင်ရွက်နေသည်မှာ အခြားပြည်နယ်များတွင် မရှိသေးဘဲ မွန်ပြည်နယ်က ပထမဆုံး လုပ်ဆောင်နေခြင်း ဖြစ်သည်။

(ယခု သတင်းအတွက် နော်ဝေ အစိုးရက ဧရာဝတီကို ထောက်ပံ့ကူညီသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading