“ဒီပစ္စည်းတွေ အကုန် သယ်ပေးမယ် အစ်မ။ ကျမကို ၂၀၀၀ ကျပ်ပဲ ပေးပါ။ ဈေးများလို့လား အစ်မ။ ဈေးများနေတယ် လို့ ထင်ရင် ကျမကို ၅၀၀ ကျပ်ပဲ ပေးပါ”လို့ မညိုမာ (အမည်လွဲ) က တဦးတည်း ဆက်တိုက် ပြောနေတယ်။
မညိုမာက မွန်ပြည်နယ်မှာ ရှိတဲ့ ကျိုက်ထီးရိုးစေတီတော် တောင်ပေါ် ကားဂိတ်ကနေ ရင်ပြင်တော်ကို သွားလာနေတဲ့ ဘုရားဖူး ဧည့်သည်တွေရဲ့ ပစ္စည်းတွေကို သယ်ယူပေးတဲ့ ကုန်ထမ်း အလုပ်သမ အဖြစ် လုပ်ကိုင်နေသူပါ။
သူဟာ ရင်ပြင်တော်အနီး တောင်ပေါ်ကားဂိတ်ကနေ ဘုရားပေါ်ကို တက်မယ့် ဧည့်သည်ရဲ့ အထုပ်အပိုးတွေကို ရင်ပြင် တော်ပေါ်က တည်းခိုရာနေရာအရောက် လိုက်ပို့ပေးဖို့အတွက် ဧည့်သည်က ခေါ်ချင်အောင် ဈေးနှုန်းကို တယောက် တည်း တင်လိုက်၊ လျှော့ချလိုက်နဲ့ ဆက်တိုက် ပြောနေတာဖြစ်ပါတယ်။
အများအားဖြင့် ကုန်ထမ်းအလုပ်ကို အမျိုးသားများသာ လုပ်ကိုင်လေ့ရှိကြပေမယ့် ကျိုက်ထီးရိုးစေတီတော်ပေါ်မှာတော့ အမျိုးသမီးများကပါ လုပ်ကိုင်ကြတာ တွေ့ရပါတယ်။
ဘုရားဖူးကားတစီး တောင်ပေါ်ဂိတ်ကို ဆိုက်ရောက်လာတာနဲ့ ကုန်ထမ်းဖို့ စောင့်နေကြသူတွေဟာ ကားပေါ်က ဆင်း လာပြီး ရင်ပြင်တော်ပေါ်ကို တက်မယ့် ဧည့်သည်တွေကို အပြိုင်အဆိုင်ခေါ်ကြတယ်။ ဈေးညှိကြတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတဲ့ အခါမှာတော့ ကုန်ထမ်းခွင့်ရပြီး ဝင်ငွေတခုရတယ်။
ဧည့်သည်ခေါ်တဲ့ နေရာမှာ ကုန်ထမ်းသူ အမျိုးသားတွေ များပေမယ့် အသက် ၁၆ နှစ်ဝန်းကျင်ကနေ အသက် ၃၀ ဝန်းကျင် အမျိုးသမီးငယ်တွေကိုလည်း ကုန်ထမ်းအလုပ်သမတွေ အဖြစ် တွေ့ရတယ်။ ဧည့်သည် အများစုကတော့ အမျိုးသား ကုန်ထမ်းသမားတွေကို ငှားကြတာ တွေ့ရတယ်။
“ကျမတို့လို ကုန်ထမ်းနေတဲ့ အမျိုးသမီးဦးရေက ဒီအပေါ်ဘက်မှာတင် ၂၀၀ ကျော်ရှိတယ်။ သူ့အလှည့်နဲ့သူ သွားရတာ ဆိုတော့ ဒီနေ့ နာမည်ပါရင် ဝင်ထမ်းလို့ရတယ်။ ဧည့်သည်ရှာတယ်။ မပါတဲ့နေ့ကတော့ မထမ်းရဘူးပေါ့။ ဝင်ငွေက တော့ ပုံမှန်မရှိပါဘူး။ ရာသီချိန်ရောက်ရင်တော့ ပိုရတယ်။ ကုန်ပိုထမ်းရတယ်”လို့ မညိုမာက ရှင်းပြတယ်။
မညိုမာက စကားလည်းပြောရင်း ဧည့်သည်ရဲ့ အထုပ်အပိုးတွေကို သူ့ခြင်းတောင်းထဲကို ထည့်ပြီး ကျောမှာလွယ်လိုက် တယ်။ ခြင်းတောင်းထဲမှာ ပစ္စည်းအပြည့်၊ လက်တဖက်မှာလည်း ခရီးဆောင်အိတ်တချို့ကို ကိုင်ထားပြီး စေတီရဲ့ ရင်ပြင် တော်ဘက်ကို သယ်သွားတယ်။ နေ့စဉ် လုပ်ကိုင်နေကြလူတဦး ဖြစ်တာကြောင့် ပစ္စည်းတွေကို ကျောပိုး၊ လက်မှာ အပြည့်နဲ့ သယ်သွားပေမယ့် သူ့ကို ကြည့်ရတာ ပေါ့ပါးနေပါတယ်။
“စစချင်း အလုပ်လုပ်တုန်းကတော့ ကိုယ်လက်တွေ နာပြီး ကိုက်ခဲတာပေါ့။ အခုတော့လည်း နေသားကျသွားတော့ ပေါ့ပေါ့လေးတွေလိုပါပဲ။ တချို့ဧည့်သည်တွေကတော့ ပစ္စည်းတွေကို ကျမတို့ မနိုင်ဘူးထင်လို့ ပေးမသယ်ဘူး။ ယောကျာ်းလေး အထမ်းကိုပဲ ငှားသွားကြတာရှိတယ်။ ဒါပေမယ့် ကျမတို့လည်း သယ်နိုင်တယ်။ ဒီလမ်းကနေ့တိုင်း အလုပ်လုပ်နေကြပဲဟာကို မသယ်နိုင်စရာမရှိဘူးလေ”လို့ သူက ပြောပြပါတယ်။
သူတို့အတွက် ကျိုက်ထီးရိုးဘုရားဖူးဧည့်သည် လာတဲ့အပေါ် မူတည်ပြီး တလကို ဝင်ငွေ ၁ သိန်းကျော်၊ ၇ သောင်း ကျော် စသဖြင့် ရရှိကြတယ်လို့ သိရပါတယ်။ တချို့ အမျိုးသမီးတွေကတော့ စားသောက်ဆိုင်တွေနဲ့ ချိတ်ဆက်ထားပြီး ဆိုင်တွေကို ပစ္စည်းသယ်ပို့ပေးတာမျိုးလည်း လုပ်ကြတယ်လို့သိရပါတယ်။
“ဝင်ငွေက ပုံမှန်တော့မရှိဘူး။ တခါတလေတော့လည်း ၂၀၀၀၀၊ ၃၀၀၀၀ အထိ ရတယ်။ အများကြီးထမ်းရတယ်။ အဲဒီလို နေ့က ဘုရားဖူးတွေ အများကြီးလာတော့ မနားရဘူး”လို့ မညိုမာက ပြောပြပါတယ်။
ကျိုက်ထီးရိုး ဘုရားရင်ပြင်အနီး တောင်အောက်မှ တောင်ပေါ်တက်ပြီး ရပ်နားကားဂိတ်နေရာမှာ ကုန်ထမ်း အလုပ် သမား တွေကို ကြီးကြပ်ကွပ်ကဲပေးတဲ့ ကော်မတီ ရှိတယ်။ အဲဒီနေရာမှာ ကုန်ထမ်းခွင့်ရဖို့ အလှည့်ကျ စောင့်နေသူ အမျိုးသား၊ အမျိုးသမီး ၅၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
နေ့စဉ် မနက် ၅ နာရီမှာ ကုန်ထမ်းဖို့ အလှည့်ကျတဲ့သူတွေကို ကော်မတီ တာဝန်ရှိသူတွေက နာမည်စာရင်း ခေါ်ပေး လေ့ရှိတယ်။ အဲဒီနာမည်စာရင်း ပါတဲ့သူတွေဟာ အဲဒီတနေ့တာ အတွက် ကိုယ့်စိတ်ကြိုက် ဧည့်သည်ခေါ်ယူကာ ကုန်ထမ်းခွင့်ရတယ်။
ကုန်ထမ်း အလုပ်သမားတွေကတော့ အမျိုးသားရော အမျိုးသမီးတွေပါ ရှိကြတယ်။ တနေ့ကို ဦးရေ ၅၀ ခန့် ပုံမှန် ရှိပြီး အလှည့်ကျ လုပ်ကိုင်ရတယ် လို့ ကုန်ထမ်းသူတွေက ပြောပြပါတယ်။
ဘုရားဖူးဖို့ ရောက်ရှိလာကြတဲ့ ဧည့်သည်တွေရဲ့ အထုပ်အပိုးတွေကို ရင်ပြင်တော်ပေါ်က တည်းခိုရာ နေရာအသီးသီး ကို အခကြေးငွေနဲ့ ပို့ပေးဖို့ ဝန်ဆောင်မှု ပေးကြတယ်။ ကုန်ထမ်းအလုပ်သမား များပြားတာမို့ ကိုယ်ဝင်ငွေရရေး အတွက် ဧည့်သည်ကို အခြားအလုပ်သမား ညှိနေတဲ့ ဈေးထက် လျှော့ပြီး ပြောရတယ်။
ကျောမှာလွယ်ထားတဲ့ တောင်းကြီး တတောင်းလုံးအပြည့်ကိုမှ မညိုမာတို့လို ကုန်ထမ်းသူတွေ ငွေ ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် ခန့် လုပ်အားခ ရတယ်။ ပစ္စည်းများရင် များသလို ဈေးညှိလို့ရသလို ၃၀၀၀၊ ၄၀၀၀ ကျပ် စသဖြင့်လည်း ရကြ တယ်။
သူတို့တွေဟာ ကုန်ထမ်း ယောကျ်ားတွေနဲ့ တန်းတူ ကုန်စည်တွေ၊ အထုပ်အပိုးတွေကို သယ်တယ်။ ဧည့်သည်ခေါ်ကြ တယ်။ ဒီအလုပ်အကိုင်နဲ့ပဲ စားဝတ်နေရေးကို ဖြေရှင်းကြတယ်။
“လွန်ခဲ့တဲ့ ၇ နှစ်လောက် ဟိုအရင်တုန်းကတော့ တောင်အောက်ကနေ စထမ်းကြတာ။ အခုတော့ ရင်ပြင်တော် အနီး ကနေ ထမ်းကြတာ များလာပြီ။ တခါတလေ ၁ သောင်းကျော်လောက်ထိ ကုန်ထမ်းရတယ်။ ဧည့်သည်နည်းတော့ လည်း ၁၀၀၀၊ ၂၀၀၀ ကျပ် ရတဲ့နေ့လည်းရတာပေါ့။ မသယ်နိုင်တဲ့ ပစ္စည်းရယ်လို့တော့ မရှိပါဘူး။ ယောကျ်ားတွေ သယ်နိုင်တာကတော့ ကိုယ်တွေလည်း သယ်နိုင်တာပဲ။ စစချင်း လုပ်တုန်းကပဲ နည်းနည်း အခက်အခဲရှိတာ။ အခု တော့ နေသားကျသွားပြီ”လို့ ကျိုက်ထီးရိုး စေတီတော်မှာ ကုန်ထမ်းအလုပ်သမ အဖြစ် လုပ်ကိုင်တဲ့ မနန္ဒာအောင် ကလည်း ပြောပြတယ်။
ဒီစေတီတော်မှာ ကုန်ထမ်းအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်ကြတာ မွန်ပြည်နယ် အနီးတဝိုက်တင် မကဘဲ အနယ်နယ်အရပ်ရပ်က မိသားစုလိုက် လာရောက်ပြီး လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။
အမျိုးသားဖြစ်သူက တောင်ပေါ်တောင်အောက် ကုန်ထမ်းသလို အမျိုးသမီးတွေကလည်း ဈေးရောင်းတာ၊ စားသောက် ဆိုင်များ၊ ဧည့်သည်များအတွက် ကုန်ထမ်းဝန်ဆောင်မှု ပေးပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေကြတယ်လို့ သိရပါတယ်။
ကော်မတီ လက်အောက်ကနေ အလုပ်လုပ်ကြတဲ့ ကုန်ထမ်းသူတွေက ကော်မတီကို ၆ လတကြိမ် အခကြေးငွေ တခု ပေးရတယ်လို့လည်း ဆိုပါတယ်။
“သူတို့ကို ၆ လတခါ ၃၀၀၀၊ ၅၀၀၀ အဲဒီလိုမျိုးပေးထားရတယ်။ ဝင်ကြေးလို့ ပြောရတာလား၊ ဧည့်သည်ရတဲ့ အပေါ် မူတည် တာလားတော့ သေချာမပြောတတ်ဘူး။ ကော်မတီကတော့ တနေ့စာအတွက် ဒီနေ့ ဘယ်သူတွေပါတယ် ဆိုတာ နာမည်စာရင်း ခေါ်ပေးတယ်။ အဲဒီလူတွေက အဲဒီနေ့အတွက် ကုန်ထမ်းခွင့်ရတယ်”လို့ ကုန်ထမ်း အလုပ်သမ တဦးဖြစ် တဲ့ မနန္ဒာအောင်က ရှင်းပြတယ်။
ကလေးတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ အလုပ်လုပ်ကြတယ်။ မိဘတွေကလည်း ကုန်ထမ်း၊ ဈေးရောင်း စတဲ့ နည်းလမ်းတွေနဲ့ ဝင်ငွေ ရှာဖွေကြတယ်။
မနန္ဒာအောင်က“ကျမက သထုံဘက်ကလာတာ။ ရွာဘက်မှာက အလုပ်အကိုင်က ရှားတယ်။ ရွာသားအချင်းချင်းက လည်း ဒီမှာ ကုန်ထမ်းကြည့်၊ အဆင်ပြေတယ် ပြောတာနဲ့ တမိသားစုလုံး ဒီကို လာနေကြတာ။ တနေကုန် တကျပ်မှ မရဘဲ ရွာမှာ ထိုင်နေမှာထက် ဒီမှာ ၅၀၀ ရရ၊ ၁၀၀၀ ရရ အလုပ်လုပ်နေရတော့ ပြေလည်တယ်လေ။ ဧည့်သည် အရမ်း နည်းတဲ့ အချိန်ဆိုရင်တော့ ရွာကို အလည်ပြန်ဖြစ်တယ်။ အမျိုးသားကလည်း လူထမ်းတဲ့နေရာမှာ လုပ်တယ်လေ။ လူကြီးတွေ စီးကြတဲ့ လူ ၄ ယောက် မတဲ့ အထမ်းတွေပေါ့။ ဝင်ငွေ အထိုက်အလျောက်ရတယ်”လို့ ပြောပြပါတယ်။
ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာ စားသောက်ကုန်တွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ စတာတွေကို ကုန်ထမ်းပိုး နေကြ တဲ့ သူတွေထဲမှာ အမျိုးသမီး အရွယ်စုံ ပါဝင်ကြတယ်။
ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက လူတွေ၊ ကျေးလက်ဒေသက လူတွေဟာ ကိုယ့်အရပ်ဒေသမှာ အလုပ်အကိုင် ရှားပါး တာ၊ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ရတာလည်း အဆင်မပြေတာတွေ ရှိလာတာကြောင့် စီးပွားရေး အဆင်ပြေပြီး စားဝတ် နေရေး ဖြေရှင်းလို့ ရမယ့် ဒေသတွေမှာ ရွှေ့ပြောင်း အလုပ်သမားတွေ အဖြစ် သွားရောက် လုပ်ကိုင်နေကြပါ တယ်။
“ကိုယ့်ဒေသမှာတော့ ကိုယ်ပြန်နေချင်တာပေါ့။ ဒါပေမယ့် အဲဒီနေရာတွေမှာက အလုပ်မဖြစ်ဘူး။ ထိုင်းဘက် သွား အလုပ် လုပ်ပြန်တော့လည်း အဆင်မပြေဘူး။ ရာဘာခြစ်တာကလည်း ကျမတို့က အဆင်မပြေပြန်ဘူး။ အဲဒါနဲ့ပဲ ဒီဘုရား ပေါ်မှာ ကုန်ထမ်း၊ ဈေးရောင်းလုပ်နေကြတာ။ ပညာက အများကြီးမသင်ခဲ့ရဘူးလေ။ တခြားအလုပ်လည်း မလုပ်တတ် တော့ ခွန်အားနဲ့ပဲ ရှာရတယ်”လို့ မနန္ဒာအောင်က ပြောပြပါတယ်။ ။