ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill Hotel တွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (NCA-S EAO) ဆိုသည့် ခေါင်းစဉ်ဖြင့် စက်တင်ဘာ လနှောင်းပိုင်းက အစည်းအဝေးတရပ် ကျင်းပခဲ့သည်။
ထိုပွဲကို တက်ရောက်လာသည့် အမျိုးသမီးများထဲတွင် တချိန်က အာဏာရှင်ကို ကိုယ်တိုင်လက်နက်ဆွဲကိုင် တော်လှန်ခဲ့သည့် အမျိုးသမီး ရဲဘော်များလည်း တက်ရောက်ခဲ့သလို လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် တာဝန် ထမ်းဆောင် နေကြသော အမျိုးသမီးများလည်း ပါဝင်သည်။
Green Hill Hotel အစည်းအဝေးခန်းမ အတွင်း၌ မျက်နှာချင်းဆိုင် ဆွေးနွေးနေကြသည့် ထိုအမျိုးသမီး ရဲဘော်များသည် လူမျိုး၊ ဘာသာကွဲပြားကြသလို လာရင်းဒေသနှင့် မိခင်အဖွဲ့အစည်းများလည်း တူညီမှု မရှိကြပေ။
သို့သော်လည်း ၎င်းတို့အားလုံးတွင် တူညီသော အချက်တခုရှိကြသည်။ ယင်းအချက်မှာ မိမိတို့၏ မိခင်အဖွဲ့အစည်းများ တာဝန်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် အမျိုးသားများ၏ ဖိနှိပ်ဖယ်ကျဉ်မှုနှင့် ခွဲခြား ဆက်ဆံမှုများကို ခံစားနေကြရမှုဖြစ်သည်။
အစည်းအဝေးကို တက်ရောက်လာသည့် အမျိုးသမီးရဲဘော်တချို့က ၎င်းတို့အဖွဲ့အစည်း အတွင်းတွင် အမျိုးသမီးဖြစ်၍ ဖယ်ကျဉ်ခံထားရပုံကို ရှင်းပြကြသည်။ ဖိုဝါဒ ကြီးစိုးသော တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ အဖွဲ့အစည်း အတွင်း အမျိုးသမီးစစ်သည်များအပေါ် ခွဲခြားဆက်ဆံမှုများကို ကြားသိရသည်။
“လက်နက်ကိုင်ချင်လို့ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။ အခွင့်အရေးတွေ လိုချင်လို့။ တကယ်တမ်း တိုင်းရင်းသား ဒေသမှာ အရမ်းခက်ခဲတယ်။ တချို့ကလေးတွေဆိုရင် ကျန်းမာရေး ကုသမခံရလို့ သေတာတွေ အများကြီးပဲ။ အဲ့ဒီအခွင့် အရေးတွေ ဆုံးရှုံးနေရတယ်” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အတွင်း တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးတဦးက ၎င်းအတွေ့အကြုံကို ရှင်းပြသည်။
ထိုအခြေအနေများကြောင့်ပင် ယုံကြည်ချက်ဖြင့် တပ်အတွင်း ဝင်ရောက်လာခဲ့သူ အမျိုးသမီး စစ်သည် အချို့လည်း တိတ်တဆိတ် တပ်မှ ထွက်ပြေးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
အဖွဲ့အစည်းအတွင်း ခွဲခြားဖိနှိပ်မှုများကို ဖွင့်ဟခဲ့သော်လည်း တာဝန်ထမ်းဆောင်နေကြဆဲ ဖြစ်သဖြင့် အမည်နှင့် မိခင်အဖွဲ့ အစည်းကို ၎င်းတို့အနေဖြင့် ထုတ်မပြောလိုကြသေးပေ။ သို့သော်လည်း ၎င်းတို့၏ အဖွဲ့အစည်းများထဲတွင် အမျိုးသမီးများ အပေါ်ခွဲခြားဖိနှိပ်မှု ရှိနေသည်ဆိုသည်ကိုတော့ ပြောဆိုကြသည်။
အမျိုးသမီးရဲဘော် အချို့က အဖွဲ့အစည်း အတွင်းမှာသာမကဘဲ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း ၎င်းတို့၏ ဆွေးနွေး ဆောင်ရွက်ချက်များကို ဖယ်ကျဉ်ခံထားရသည်ဟုဆိုသည်။ အမျိုးသားခေါင်းဆောင်များက အမျိုးသမီးများ၏ ပါဝင်မှုသည် ၎င်းတို့လောက် အရေးမပါဟု ခံယူထားကြသည်မှ ယခုမှ မဟုတ်ပေ။
ခေတ်အဆက်ဆက် ကျင့်သုံးလာသည့် ရိုးရာအစဉ်အလာ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရ အမျိုးသမီးများကို နိုင်ငံရေး၊ လူမူရေးကိစ္စရပ်များ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ခေါင်းဆောင်နေရာများတွင် ဖယ်ကျဉ်မှုများက အမျိုးသမီးများ ခေါင်းဆောင်မှု နေရာသို့ ရောက်ရန် အဟန့်အတားဖြစ်နေသည်။
ထိုသို့သော အခြေအနေများကို ယခုနောက်ပိုင်း ကာလ စစ်သမီးများသာ ခံစားနေရသည်မဟုတ်ဘဲ လွန်ခဲ့သော နှစ် ၂၀ ကျော် လောက်က တော်လှန်ရေး နယ်မြေမှ ယနေ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်အထိ ယင်းအခြေအနေမျိုးကို ရင်ဆိုင်နေကြရသည့် အမျိုးသမီး ရဲဘော်များရှိနေဆဲဖြစ်သည်။
“ကျမတို့စခန်းအနေနဲ့ ဗဟိုလိုနေရာမျိုးမှာ ညီလာခံကိုယ်စားလှယ်တွေ စေလွှတ်တယ်ဆိုရင် အမျိုးသမီးဖြစ်မှုအရ ချန်ထားတာတွေ ရှိတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်မိဆူးပွင့်က ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သော်လည်း ကျား၊ မဆိုင်ရာ ခွဲခြားမှု များကြောင့် အမျိုးသမီး တယောက် မည်မျှပင်တော်နေပါစေ ခေါင်းဆောင်မှုထိပ်တန်းတာဝန် ပေးရန်အတွက် အမျိုးသားများက ဝန်လေးတတ် ကြကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။
“အမျိုးသမီးဆိုပြီး ဖယ်ထားခံရတာ ကြုံရဖူးတယ်။ အမျိုးသမီးတယောက် ဘယ်လောက်ပဲ မဲများမဲများ ထိပ်ဆုံး တာဝန်ကို ပေးဖို့အတွက် ဝန်လေးကြတယ်။ ကျမဆိုရင် ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ အပယ်ခံရတယ်” ဟု ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က ပြောသည်။
ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး ကျောင်းသားများ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ရင်းတောခို သွားကြသည့်သူများထဲတွင် ရဲဘော်မိဆူးပွင့်နှင့် ဒေါ်စောမြရာဇာလင်းတို့ ပါဝင်ခဲ့ကြသည်။ နီးစပ်ရာ တော်လှန် ရေးတပ်တွင်းသို့ ဝင်ရောက်ရာ၌ အမျိုးသားများ၏ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုများကို ခံစားခဲ့ကြသည်ဟု ၎င်းတို့က ကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြသည်။
တချို့သောလက်နက်ကိုင်စခန်းများတွင် အမျိုးသားအများစုက အမျိုးသမီးများ တောခိုလာခြင်းကို စိတ်ရှုတ်ကြပြီး လက်နက်ကိုင် တော်လှန်ရေးတွင် အမျိုးသမီးများ အဘယ်သို့အသုံးကျမည်နည်း။ အမျိုးသမီး များကို ပြန်စောင့်ရှောက်နေရခြင်းက ဝန်ထုပ် ဝန်ပိုး ဖြစ်ဟု ထင်မြင်ကြသည်။ တော်လှန်ရေးနယ်အတွင်း စစ်ပညာသင်ကြားခြင်းက အမျိုးသမီးများနှင့် မကိုက်ညီ၊ မအပ်စပ်ဟု အမျိုးသားများက မှတ်ယူကြသည်။
အမျိုးသမီးများသည် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုအရ အမျိုးသားများထက် အင်အားနည်းသည် မှာ မှန်သော်လည်း ပညာရေး၊ လူမူရေးအပါအဝင် အခြားကဏ္ဍအသီးသီး၌ အမျိုးသားများနှင့် တန်းတူအရည် အချင်း ရှိသော်လည်း အခွင့်အရေး ညီမျှစွာ မရှိကြပါ။
အထူးသဖြင့် နယ်စပ်ဒေသ တော်လှန်ရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်နေရသည့် အမျိုးသမီး တယောက်အနေဖြင့် ဉာဏ်ပညာဖြင့် ချင့်ချိန် လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချသည့် အခါများတွင် အသုံးမဝင်သည့်ပုံစံမျိုးဖြင့် ဆက်ဆံခြင်းမျိုးကို အမျိုးသမီးရဲဘော်များ ခံစားခဲ့ကြရသည်။
အမျိုးသားများသည် နေရာတိုင်းအတွက် သင့်လျော်သော်လည်း အမျိုးသမီးများသည် နေရာတိုင်းနှင့် မသင့်လျော် ဆိုသည့်အချက်သည် ကျား၊ မအပေါ်အခြေခံသည့် ခွဲခြားဆက်ဆံမှုဖြစ်သည်။ လူမူအစဉ်အလာအရ အမျိုးသမီးများကို ခေါင်းဆောင်မှုနယ်ပယ်တွင် ဖယ်ကျဉ်ထားသော ရိုးရာဓလေ့သည် အင်စတီကျူးရှင်းများ အတွင်းတွင် ရှိနေသည့်အတွက် အမျိုးသမီးများ၏စကား၊ ဆုံးဖြတ်ချက်များက အရာမထင်ခဲ့ပါ။
၁၉၉၁ ခုနှစ်ခန့်က အမျိုးသမီးတယောက်အနေဖြင့် ရခိုင်ပြည်ကို တပိုင်းလောက်သိမ်းလိုက်မည်ဆိုသည့် စဉ်းစားချက်ဖြင့် လက်နက်များ မထုတ်ကြရန် မှာကြားမှုကို အလေးမထားခဲ့ခြင်းကြောင့် ဆုံးရှူံးမှုများ ကြုံခဲ့ရဖူးသည်။ ၎င်းအဖြစ်အပျက်က အမျိုးသမီးတယောက်၏ပြောစကားသည် တပ်ပိုင်းဆိုင်ရာတွင် များစွာ သြဇာမညောင်း ခြင်းကို သက်သေပြနေခြင်းဟု ဒေါ်စောမြရာဇာလင်း က ပြောသည်။
ကျား၊ မဆိုင်ရာခွဲခြားမှုသည် သက်ဆိုင်ရာအရာရှိများက အမျိုးသမီး တယောက် ဖြစ်နေသည့်အပေါ် ယုံကြည်မှု အားနည်းမှုမျိုး ဖြစ်နေသကဲ့သို့ အမျိုးသမီးတပ်မှူးတယောက်၏ စကားကို လက်အောက်ငယ်သားများက အထင်အမြင်သေးခြင်း၊ ရင့်သီးကြမ်းတမ်းသည့် စကားများဖြင့် ရှုတ်ချခြင်းမျိုးလည်း ကြုံတွေ့ခဲ့ရသည်ဟု ဒေါ်စောမြရာဇာလင်း က ဆိုသည်။
၈၈ အရေးအခင်းကာလ တောခိုလာသည့် အမျိုးသမီးများသည် နယ်စပ်ကိုရောက်ရှိလာပြီး အမျိုးသားများနည်းတူ စစ်သင်တန်း တက်၍ ခက်ခဲ ကြမ်းတမ်းသည့်စစ်တာဝန်များကို ထမ်းဆောင်ကြသည်။ ထို့အပြင် ရှေ့တန်း နေရာများတွင် တာဝန် ထမ်းဆောင်ခွင့် ရရန် ကြိုးစားနေသည့် အမျိုးသမီးရဲဘော် အမြောက်အများလည်း ရှိသော်လည်း ရှေ့တန်းတွင် တာဝန် ထမ်းဆောင်ခွင့်မရကြပါ။
ရဲဘော်မိဆူးပွင့် က “ရှေ့တန်းမှာက အမျိုးသမီး ရဲဘော်တွေ ဆက်သွယ်ရေး ရဲမေတွေ အတင်းလိုက်ခွင့်တောင်းတယ်။ အမျိုးသားတွေနဲ့ တန်းတူ သူတို့လည်း အပင်ပန်းခံ နိုင်တယ်။ သူတို့လည်း ဒဏ်ရရရဲဘော်တွေကို ဆွဲနိုင်တယ်။ ကူနိုင်တယ်။ ဆေးကု ပေးနိုင်တယ်။ ဝိုင်းပြီးတော့ ကူညီထမ်းပိုးပေးနိုင်တယ်ဆိုတာ ပြကြတာရှိတယ်။”ဟု ဆိုသည်။
ဒေါ်စောမြရာဇာလင်းသည်လည်း ၎င်း၏ အဖွဲ့အစည်းအတွင်း စစ်ရေးဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး ၎င်းအားတာဝန်ပေးရန် တက်တက်ကြွကြွ တင်ပြခဲ့ဖူးသည်။ သို့သော်လည်း အမျိုးသမီးဖြစ်၍ လျစ်လျူရှုခြင်း ခံခဲ့ရကြောင်း ၎င်းအတွေ့အကြုံကို ရှင်းပြသည်။
“အင်မတန်မှ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာကိစ္စ တာဝန်ပေးပါလို့ ကျမ တောင်းဆို ဖူးတယ်။ အဲ့ဒီကိစ္စကို ကျမလုပ်နိုင်တယ်။ ကျမမှာ အမျိုးသမီးပရိယာယ်တွေ အများကြီးရှိတယ်။ ဒါပေမယ့် အမျိုးသား ခေါင်းဆောင် ၃၊၄ ယောက်ကို တာဝန် ပေးလိုက်တယ်။ ဘာမှမဖြစ်လာဘူး။ ကျမ တော်တော်ရင်နာတယ်” ဟု ဒေါ်စောမြရာဇာလင်း က ဆိုသည်။
ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ်၊ စစ်အာဏာရှင်စနစ်စသည့် ဖိုဝါဒကြီးစိုးသည့် စနစ် များကို ဖြတ်သန်းခဲ့ရသောမြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးကဏ္ဍအားလုံးတို့တွင် အမျိုးသားများသာ ဦးဆောင်နေသည့် လူမူအစဉ်အလာကို အမြစ်တွယ် စေခဲ့သည်။
အမျိုးသမီးများကို အမျိုးသားများက အိမ်မှုကိစ္စဆောင်ရွက်ရန်နှင့် မိခင်၊ ဇနီးမယားအဖြစ်သာ မှတ်ယူထားပြီး ခေါင်းဆောင်မှု၊ ဆုံးဖြတ်ချက်ချသောနေရာများနှင့် မသက်ဆိုင်ဟု သတ်မှတ်ထားကြသည်။
အမျိုးသမီးများသည် အမျိုးသားများထက် ခွန်အားဗလ အင်အားနည်းသည် ဆိုသော်လည်း ဉာဏ်ပညာ၊ သိတတ်နားလည်မှု၊ ပေါင်းသင်းဆက်ဆံရေး စသည့်အချက်များ၌ ထူးချွန်မှုရှိသည်ဆိုသည်ကိုတော့ အသိအမှတ်ပြုကြရမည်ဖြစ်သည်။ အမျိုးသမီးများက ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်သည် ခွန်အားဗလနှင့် မသက်ဆိုင်ဟု ယုံကြည်ထားကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ဆုံးဖြတ်ချက် ချသည့်အဆင့်တိုင်းတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရမည် ဆိုသည့် ကိုတာစနစ်ကို သဘောတူ ထားသော်လည်း ၎င်းမူဝါဒကို အကောင်အထည်မဖော်နိုင်ခြင်းကလည်း အမျိုးသမီး ပါဝင်လာရေးကို ဟန့်တားနေသည့် အချက်တချက်ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း အမျိုးသမီးများကို တွေ့မြင်ကြရသော်လည်း အမှန်တကယ်တွင် ရုပ်ပြလောက်သာ အသုံးပြုကြသည့် သဘောဖြစ်နေပြီး တကယ်တမ်းမှာ အမျိုးသမီးများကို အရေးပါသည့် ဆွေးနွေးမှုများကို ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့် မပေးလိုကြဟုဆိုသည်။
ဒေါ်စောမြရာဇာလင်း က “(နိုင်ငံရေး ဆွေးနွေးပွဲများတွင်) ကျမပြောစရာအများကြီးရှိတယ်။ ဒါပေမယ့် ကျမပြောခွင့်ရတာက စာလုံးအထားအသို မမှန်တာတို့ လောက်ပဲ ပြောခွင့်ရှိခဲ့တာ” ဟု ၎င်းအတွေ့အကြုံအား ပြောသည်။
၂၀၁၅ ခုနှစ်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား NCA ချုပ်ဆိုနိုင်ရေး တစ်ဆို့နေသည့် အဟန့် အတားများကို ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် လော်ခီးလာ တိုင်းရင်းသား ညီလာခံက တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ EAOs’ Senior Delegation အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့၏ ခေါင်းဆောင် အဖြစ် KNU ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ကို တညီတညွတ်တည်း ရွေးချယ်တာဝန်ပေးခဲ့သည်။
သို့သော်လည်း ပဒိုနော်စီဖိုးရာစိန် ဦးဆောင်မည့် SD အဖွဲ့ကို အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) က အသိအမှတ်မပြုကြောင်း ကနဦး အသံလွှင့်ခဲ့သည်။ လက်မခံလိုသည့် အကြောင်းပြချက်မှာ တခြားအကြောင်းများ ရှိနိုင်သော်လည်း အသံထွက်လာသည်က အမျိုးသမီး ဖြစ်၍ဟု အကြောင်းပြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း ပဒိုနော်စီဖိုးရာစိန်အား နိုင်ငံရေး အခြေအနေအရ ခေါင်းခံ အသုံးချကြဖို့သာ ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး တကယ်တမ်းဆွေးနွေးပွဲများတွင် ရုပ်ပြအဖြစ် အသုံးချခဲ့ကြကြောင်း SD အဖွဲ့ဝင် ဖြစ်ခဲ့သည့် သတင်းရင်းမြစ် အချို့ကဆိုသည်။
သို့သော်လည်း ပဒိုနော်စီဖိုးရာစိန် သည် ခေါင်းမာသည့် ခေါင်းဆောင် တဦးအဖြစ် ဆွေးနွေးဘက်များက မှတ်ချက်ပြုသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် ကိုယ်ကျိုးစီးပွားမဖက်ဘဲ တိုင်းရင်းသား အရေးကို ယုံကြည်ချက်ခိုင်ခိုင်မာမာနှင့် ရဲရဲဝင့်ဝင့် တောင်းဆို၊ ဆွေးနွေးခြင်းများကြောင့်ဟုဆိုသည်။
၎င်းဦးဆောင်နေသည့် ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး တက်ရောက်ကြသည်။ ဆွေးနွေးကြသည်။ သို့သော်လည်း တောင်းဆို ညှိနှိုင်းမှုများ မပြီးပြတ်မီမှာပင် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က NCA လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုလက်မှတ်ထိုးပွဲကို ပဒိုနော်စီဖိုးရာစိန်လည်း တက်ရောက်ခြင်းမရှိပေ။
နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အစိတ်စိတ် အမွှာမွှာကွဲခဲ့ရသည်။ ထိုသို့ကွဲအောင် လုပ်သူများသည် အမျိုးသမီးများ မဟုတ်ကြပေ။ လက်ရှိ ငြိမ်းချမ်းရေး အခြေအနေသည် ဆိုးဝါးသော အနှုတ်လက္ခများပြနေသည်။ တိုင်းရင်းသား အချင်းချင်းကြား ပင်တိုက်ပွဲများဖြစ်နေသည်။ ထိုသို့သော်တိုက်ပွဲများကို အမျိုးသမီးများ ဖန်တီးခြင်း မဟုတ်ပေ။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၂၀ ကျော်ရှိသည့်အနက် အဖွဲ့အစည်း အနည်းစု အတွင်း၌သာ ဗဟိုအလုပ်အမှုဆောင် ကော်မတီများအဖြစ် အမျိုးသမီးများပါဝင်ကြရသည်။ အဖွဲ့အစည်း အများစုတွင် အမျိုးသမီးများကို လိုသုံး အဖြစ်သာ သုံးကြပြီး ယင်းအဖွဲ့အစည်းများတွင် ရှိနေသော အမျိုးသမီးများကလည်း အခြေအနေမှန်ကို ပြန်ပြောပြကြဖို့ကိုပင် အခက်ကြုံနေကြရသည်။
ဒီလိုအခြေအနေများ ကြားတွင် ငြိမ်းချမ်းရေး အတွက် လက်လျှော့လိုက်ရသည့် အမျိုးသမီးများ ရှိသလို ပါဝင်လုပ်ကိုင်ခွင့် ကန့်သတ်ချက်များကြောင့် လုပ်ကိုင်ခွင့်မရကြသူများလည်းရှိသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် နည်းနည်းလေး ရရှိနေပေမယ့်လည်း အခက်အခဲတွေကြားကနေ ကျိုးပမ်းနေသည့် အမျိုးသမီးရဲဘော်များလည်းရှိသည်။
“အခက်အခဲတွေ စိတ်ဓာတ်ကျစရာတွေ ကြုံရတဲ့အခါ ငါရောက်ချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ လက်လျော့လို့မဖြစ်ဘူး။ အားတင်းထားရမယ်ဆိုတာမျိုး၊ ကိုယ်မရှိလို့ မဖြစ်ဘူးဆိုတာ မဟုတ်မှန်း သိပေမယ့် ကိုယ်ရှိနေတာက တစုံတရာတော့ အကျိုးရှိနေပါတယ်လေလို့ ယုံကြည်မှုထားတာမျိုးနဲ့ ဖြတ်သန်းနေပါတယ်” ဟု ရဲဘော် မိဆူးပွင့် က ပြောသည်။