“ကျမကလိင်ကျွန် ဖြစ်ခဲ့တယ်။ ကျမရဲ့ဖြစ်ရပ်ကို ပြန်ပြောပြခြင်းဟာ တခုတည်းသောလက်နက် ဖြစ်လို့ အခုလို ပြောပြနေရတာပါ” လို့ သူက ပြောတယ်။
“ကျွန်ဈေးကို ညဘက်မှာဖွင့်တယ်။ စစ်သွေးကြွတွေ စုရုံးမှတ်ပုံတင် နေတဲ့ အောက် ထပ် က ရုတ်ရုတ်သဲသဲ အသံတွေကြားနေရပြီး ပထမဆုံးလူ ရောက်လာတော့ မိန်း ကလေးအားလုံး သွေးရူးသွေးတမ်း အော်ကြတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အတိုင်းပဲ။ ကျမတို့က ဒဏ်ရာရသူ တွေလို ညည်းတွားပြီး ကြမ်းပြင် ပေါ်မှာ တွန့်လိမ် အော့အန် ကြပေမယ့် ဘယ်အရာကမှ စစ်သွေးကြွ တွေကို မတားဆီးနိုင်ခဲ့ဘူး။ ကျမတို့ တွေ သွေးရူးသွေးတမ်း အော်ပြီး တောင်းပန် နေတဲ့အချိန်မှာ သူတို့ အခန်းထဲမှာ ပတ် လျှောက်နေကြတယ်။ သူတို့တွေက အလှဆုံး မိန်းကလေးဆီကို အရင်သွားပြီး “အသက် ဘယ်လောက် ရှိပြီလဲ” လို့ မေးရင်း ဆံပင်တွေ၊ ပါးစပ်တွေကို စစ်ဆေးကြည့်ရှုကြတယ်။ ဒါတွေက “အပျိုစင်တွေဆိုတာ သေချာရဲ့လားကွ” လို့လည်း သူတို့ တွေက အစောင့်တယောက် ကို မေးတော့အဲဒီအစောင့်က ခေါင်းညိတ်ပြီး “သိပ်ဟုတ်တာ ပေါ့”လို့ သူ့ ရောင်းကုန် အတွက် အရမ်းဂုဏ်ယူတဲ့ဆိုင်ရှင်တယောက်လို ဖြေတယ်။ စစ်သွေးကြွတွေက ကျမတို့ကို ကိုင်ချင်ရာ ကိုင်တယ်။ ကျမတို့ကို တိရိစ္ဆာန်တွေလို သဘောထားပြီး ရင်ဘတ်တွေ ခြေထောက်တွေကို ပွတ်သပ် ကြတယ် ။
စစ်သွေးကြွတွေက အခန်းထဲမှာပတ် ပြီး မိန်းကလေးတွေကိုကြည့်၊ အာရဗီစကား၊ တာ့ခ်မင် စကား တွေနဲ့ မေးခွန်းတွေ မေးနေချိန်မှာ အခန်းထဲမှာ တော့ ဗြောင်းဆန် နေပြီ။
“တိတ်တိတ်နေ၊ စိတ်အေးအေးထား” လို့ စစ်သွေးကြွတွေက ကျမတို့ကိုပြန်အော်ပေမယ့် သူတို့အမိန့်ကြောင့် ကျမတို့တွေ ပိုပြီး သွေးရူးသွေးတမ်း တွေဖြစ်ကုန်တယ်။
ကျမအဲဒီမှာ လဲကျနေချိန်မှာ နောက်ထပ် စစ်သွေးကြွတယောက် က ကျမတို့ ရှေ့မှာ ရပ်လိုက်တယ်။ သူကတော့ ဟာဒန် က တခြား ယာဇဒီ အမျိုးသမီးငယ် တယောက် နဲ့ အတူလာတဲ့ ဆယ်လ်ဝန် လို့ ခေါ်တဲ့ ရာထူးကြီးစစ်သွေးကြွပဲ။ သူက ဒီ ကောင်မ လေး နေရာမှာ အစားထိုးဖို့တယောက် ထပ်ဝယ်ရင်း အိမ်ကိုပို့ဖို့ကြံစည်ထားတာ။ “မတ်တပ်ရပ်စမ်း” လို့ ကျမကို အော်ပြီး ကျမကမရပ်တော့ ကန်တယ်။
“ဟဲ့ ပန်းရောင် ဂျက်ကက် နဲ့ ကောင်မ၊ နင့်ကိုငါ ပြောနေတယ်။ ရပ်စမ်း” လို့ အော် တယ် ။
သူ့မျက်လုံး တွေက မျက်နှာကျယ်ထဲမှာ ချိုင့်ဝင်နေပြီး မျက်နှာတခုလုံးနီးပါးကိုလည်း ဆံပင်တွေက ဖုံးအုပ်နေတယ်။ လူနဲ့မတူဘဲ မကောင်းဆိုးဝါးနဲ့ တူနေတယ်။
အီရတ် မြောက်ပိုင်း ဆင်းဂျားကို တိုက်ခိုက်ပြီး မိန်းကလေးတွေကိုဖမ်းဆီး၊
လိင်ကျေးကျွန် လုပ်ခိုင်းတဲ့ ဆုံးဖြတ်ချက်ဟာ လောဘကြီးတဲ့ စစ်သားတယောက် စစ်မြေပြင်မှာ အလိုအလျောက် ပေါ်လာတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး
အစ္စလမ် နိုင်ငံအဖွဲ့တွေက အကုန်စီစဉ်ထားပြီးသားပါ။ ကျမတို့အိမ်တွေကို ဘယ်လိုဝင် မလဲ၊ ဘယ်လိုမိန်းကလေးက ဈေးကောင်းရမလဲ။ စစ်သွေးပိုကြွအောင်လို့ ဘယ်လို စစ်သွေးကြွတွေဟာ လိင်ကျွန်နဲ့ ထိုက်တန်သလဲ။ ဘာကို ပေးရမလဲဆိုတာ အားလုံးစီစဉ်ထားပြီးသား။
သူတို့က လိင်ကျွန်အကြောင်းကို သူတို့ဝါဒဖြန့် ဒါဘစ် ဆိုတဲ့ အဆင့်မြင့်မဂ္ဂဇင်းမှာ ဆွေးနွေးပြီး လူသစ်စုဖို့ကြိုးစားတယ်။
ဒါပေမယ့် အစ္စလမ်မစ်နိုင်ငံအဖွဲ့ဟာ အဲဒီအဖွဲ့ဝင်တွေထင်သလောက် စစ်မှန်တဲ့ အဖွဲ့ မဟုတ်ဘူး။ သူတို့ သမိုင်းတလေ ျှာက်လုံးမှာ အဓမ္မပြုကျင့်မှုကို စစ်လက်နက်လို သုံးခဲ့တယ်။
ကျမဟာ တနေ့ ငါ ရဝမ်ဒါ က မိန်းမတွေလို ဖြစ်မယ်လို့ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ ရဝမ်ဒါလို့ခေါ်တဲ့ နိုင်ငံတခုရှိမှန်တောင် ဒါတွေမတိုင်ခင်က မသိခဲ့ဘူး။
အခုတော့ ကျမလည်း သူတို့လို အဆိုးဆုံး ခံရသူဖြစ်နေပြီ။
အစ္စလမ်နိုင်င်ငံအဖွဲ့ ဆင်းဂျားကို မရောက်ခင် ၁၆ နှစ်လုံး ဒါမျိုးတွေ ကျူးလွန်တာကို ကမ္ဘာာပေါ်က ဘယ်သူ့ကိုမှစစ်ဆေးအရေးယူတာမျိုး မရှိခဲ့လို့ ပြောရခက်နေတဲ့ စစ်ရာဇဝတ်မှုရဲ့ သားကောင်တယောက်သာ ဖြစ်ခဲ့ရပြီ။
အောက်ထပ် မှာတော့ စစ်သွေးကြွတယောက် က လာတဲ့သူတွေရော၊ ကျမတို့လို သူတို့တွေရဲ့ အခေါ်ခံရသူတွေကိုပါ စာရင်းရေးမှတ်နေတယ် ။ ဆယ်လ်ဝန် ခေါ်သွားတာ ခံရတာကို ကျမပြန်တွေးမိခဲ့တယ်။ သူဘယ်လောက် ကြမ်းတယ်။ သူ့လက် နဲ့တင် ကျမကို ကျေမွအောင် ရိုက်လို့ရတယ် ဆိုတာ ကျမ သိတယ်။ သူကျမကို ဘာလုပ်လုပ်၊ ကျမက ဘယ် လောက် ခုခံ၊ ခုခံ အလကားပဲ။ ကျမသူ့ကို ဘာမှ မလုပ် နိုင် ဘူး။ သူက ကြက်ဥပုပ် နံ့ရော၊ ရေမွးနံ့ တွေပါနံ နေတာ။
ကျမကတော့ ကြမ်းပြင်နဲ့ ကျမဘေးကဖြတ်သွားတဲ့ စစ်သွေးကြွတွေနဲ့ မိန်းကလေးတွေရဲ့ခြေထောက်တွေကိုပဲကြည့်နေတာ။ လူအုပ်ထဲမှာ ယောင်္ကျားစီးခြေညှပ်ဖိနပ်တရံနဲ့ မိန်းကလေးတွေလို သွယ်လျှတဲ့ခြေကျင်းဝတ် တစုံကို တွေ့လိုက်တော့ ဘာမှမစဉ်စားတော့ဘဲ အဲဒီခြေထောက်တွေဆီကိုသွားလိုက်တယ်။ ကျမတောင်းပန်လိုက်တယ်။ “ကျမကိုခေါ်သွားပါ” လို့ပြောလိုက်တယ်။
“ရှင်ကြိုက်သလိုလုပ်ပါ။ ဒီလူကြီးနဲ့ကတော့ ဘယ်လိုမှ ဆက်မဖြစ်နိုင်ဘူး” လို့ပြောလိုက်တယ်။ အဲဒီပိန်ပိန်သွယ်သွယ်လူက ဘာကြောင့်သဘောတူလဲ ကျမ မသိဘူး။ ကျမကို တချက်တော့ ကြည့်လိုက်တယ်။ ပြီးတော့ဆယ်လ်ဝန်ဖက်ကိုလှည့်ပြီး “ဒါ ငါ့ကောင်မလေး” လို့သူပြောတယ်။ ဆယ်လ်ဝန် က ဘာမှမပြောဘူး။ အဲဒီပိန်ပိန်လူက မိုလ်ဆူးက တရားသူကြီး။ ဘယ်သူမှ သူ့ကို အာမခံဘူး။ ကျမသူ့နောက်ကနေ စားပွဲကိုလိုက်သွားတယ်။ “ မင်းနာမည်ဘယ်လိုခေါ်လဲ” လို့သူမေးတယ်။
သူ့အသံကတိုးပေမယ့် သနားကြင်နာတဲ့အသံတော့မဟုတ်ဘူး။ နာဒီယာ ပါလို့ကျမ ပြောတော့ သူက မှတ်ပုံတင်တဲ့သူဘက်ကို လှည့်သွားတယ်။ သူက ဟိုစစ်သွေးကြွကိုလည်းချက်ခြင်း သိပုံရပြီး အချက်အလက်တွေ စရေးမှတ်တယ်။ ရေးရင်းလည်းသူက “နာဒီယာ၊ ဟာဂျီ ဆယ်လ်ဝန်” လို့ ပါးစပ်ကရွတ်တယ်။ ကျမကို ဖမ်းထားသူရဲ့ အမည်ကို ရွတ်လိုက်တော့ သူ့အသံတွေ က ကြောက်နေသလိုမျိုး နည်းနည်း တုန့်ဆိုင်းနေတယ်ပြီး ကျမတော့ အကြီးအကျယ် မှားသွားပြီလားလို့တောင်မှ တွေးမိတယ်။
နောက်ဆုံးတွင် နာဒီယာမာရက်သည် သူ့ကိုဖမ်းဆီးထားသူများလက်မှ လွတ်မြောက်သည်။ သူ့ကို အီရတ်နိုင်ငံပြင်ပသို့ ခိုးထုတ်ရပြီး ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ဂျာမနီနိုင်ငံသို့ ဒုက္ခသည်အဖြစ်ရောက်လာခဲ့သည်။ ထိုနှစ်နှောင်းပိုင်းတွင် သူသည် လူကုန်ကူးမှုနှင့်ပတ်သက်သော အသိပညာပေးလုပ်ငန်းများ စတင်လုပ်ကိုင်သည်။
ကျမတို့မြို့ ကို ချိုကို အစ္စလမ်မစ်နိုင်ငံအဖွဲ့ရောက်လာပြီး တနှစ်နဲ့ သုံးလ အကြာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် လူမျိုးစု လူနည်းစုတွေအကြောင်း ကုလသမဂ္ဂမှာ ပြောဖို့ ကျမ ဂျာမနီကနေ ဆွစ်ဇာလန်ကို ထွက်လာခဲ့တယ်။
အဲဒီအချိန်ဟာ ကျမဘဝ ဇာတ်ကြောင်းကို လူအများရှေ့မှာပြောတာ ပထမဆုံးအကြိမ်ပဲ။ ကျမက အရာရာကိုပြောပြချင်တယ်။ အစ္စလမ်မစ်နိုင်ငံအဖွဲ့က လွတ်အောင်ပြေးရင်း ဝမ်းလျှောပြီးသေတဲ့ကလေးတွေ၊ တောင်တွေပေါ်မှာ ပိတ်မိနေတဲ့မိသားစုတွေ၊ ဖမ်းဆီးခံတွေဖြစ်နေတဲ့ ထောင်နဲ့ချီတဲ့ မိန်းမတွေ၊ ကလေးတွေ။ အစုလိုက်အပြုံလိုက်သတ်တဲ့နေရာမှာ ကျမရဲ့ အကိုတွေ၊မောင်တွေ တွေ့ခဲ့တာတွေ။ ကျမဟာ ယာဇဒီမှာ ဖမ်းဆီးနှိပ်စက်ခံရတဲ့ သိန်းနဲ့ချီတဲ့လူတွေထဲက တယောက်ပါ။ ကျမတို့ ရပ်ရွာ အသိုင်းအဝန်းဟာ တစစီပြိုကွဲသွားပြီး အီရတ်နိုင်ငံ အတွင်းမှာရော၊ အပြင်မှာပါ ဒုက္ခသည်အဖြစ်နေကြရတယ်။ ကိုချိုမြို့ကိုတော့ အစ္စလမ်မစ်နိုင်ငံအဖွဲ့က သိမ်းပိုက်ထားတုန်းပဲ။ ယာဇဒီမှာ ဖြစ်နေတာနဲ့ပတ်သက်ပြီး ကမ္ဘာက သိဖို့လိုသေးတာတွေ အများကြီးရှိတယ်။
အခုထက် အများကြီးပိုပြီး လုပ်ဖို့လိုသေးတယ်ဆိုတာ သူတို့ကိုကျမပြောချင်တယ်။ အီရတ်က ဘာသာရေးလူနည်းစုတွေအတွက် ဘေးကင်းဇုန် ထူထောင်ဖို့လိုတယ်။ အစ္စလမ်မစ်နိုင်ငံအဖွဲ့ကို ခေါင်းဆောင်တွေကစပြီး သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုထောက်ခံတဲ့ သာမာန်လူတွေအထိကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် စစ်ဆေးအရေးယူဖို့လိုတယ်။
ဆင်းဂျားပြည်နယ်တခုလုံး လွတ်မြောက်အောင် လုပ်ဖို့လိုတယ်။ ဟာဂျီဆယ်လ်ဝန်ကြောင်း၊ ကျမကို အဓမ္မပြုကျင့်တာတွေ၊ နှိပ်စက်တာတွေအားလုံး ပရိသတ်ကိုပြောချင်တယ်။ ရိုးသားဖို့ ဆုံးဖြတ်ရခြင်းဟာ ကျမချခဲ့တဲ့ဆုံးဖြတ်ချက်တွေထဲမှာ အခက်ခဲဆုံးနဲ့ အရေးအကြီးဆုံးလည်းဖြစ်ပါတယ်။
အဲဒီမှာ စကားပြောရင်း ကျမတုန်နေတယ်။ တတ်နိုင်သမျှ တည်ငြိမ်အောင်ထိန်းပြီး ကျမတို့ မြို့ ကိုချိုကို သူတို့ဘယ်လို သိမ်းပိုက်ပြီး ကျမတို့လို မိန်းကလေးတွေကို လိင်ကျွန်အဖြစ် ဘယ်လိုဖမ်းတယ်ဆိုတာ ကျမပြောပြတယ်။ ကျမတို့ကို ဘယ်လို အကြိမ်ကြိမ်ရိုက်ပြီး အဓမ္မပြုကျင့်တယ်၊ နောက်ဆုံး ဘယ်လို လွတ်လာတယ်ဆိုတာ ပြောပြတယ်။ ကျမရဲ့ အကိုမောင်တွေ ဘယ်လို အသတ်ခံရတယ် ဆိုတာပြောတယ်။
ပြောတိုင်း အသစ်တဖန် ပြန်လည်ခံစားနေရတယ်။ လူတွေကျမကို အဓမ္မပြုကျင့်တဲ့ စစ်ဆေးရေးစခန်း အကြောင်းပြောပြတယ်။ စောင်အောက်မှာ နေရင် ဟာဂျီ ဆယ်လ်ဝန်ရဲ့ ကြာပွတ်နဲ့ အရိုက်ခံရတဲ့ နာကျင်မှု၊ ရပ်ကွက်ထဲမှာ အကူအညီရှာရင်း မိုလ်ဆူးမြို့ ကောင်းကင်မှာ မှောင်ရိပ်သန်းလာတာတွေ။ အဲဒီအချိန်ကို ပြန်ရောက်သွားပြီး ကြောက်လန့်မှုတွေကို ပြန်ခံစားရတယ်။ တခြားယာဇဒီ ကလူတွေ အားလုံးလည်း အဲဒီအချိန်တွေကို ပြန်ပြန်ရောက်သွားကြရတယ်။
ရိုးသားတိကျစွာပြောတဲ့ ကျမရဲ့ ဖြစ်ရပ်တွေဟာ အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်ဖို့ကျမမှာ ရှိတဲ့အကောင်းဆုံးလက်နက်ပဲ။ အဲဒီ အကြမ်းဖက်သမားတွေ တရားခွင်ရောက်တဲ့အထိ ဒီလက်နက်ကို ဆက်သုံးမယ်။ လုပ်စရာတွေ အများကြီးရှိနေသေးတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ၊ အထူးသဖြင့် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ ဖိနှိပ်ခံတွေအတွက် ရပ်တည် ကာကွယ်ပေးဖို့လိုတယ်။
ကျမက ကျမရဲ့ မိန့်ခွန်းကို အတိုပဲပြောတယ်။ ကျမရဲ့ဖြစ်ရပ်ကို ပြောပြီးတော့လည်း ကျမက စကားတွေ ဆက်ပြောနေတုန်းပဲ။ ကျမဟာ မိန့်ခွန်းပြောဖို့ လူဖြစ်လာတာမဟုတ်ဘူး။ ယာဇဒီက လူတိုင်းက အဲဒီ အစ္စလမ်မစ်နိုင်ငံအဖွဲ့ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စစ်ဆေးစီရင်တာ မြင်ချင်ကြတယ်။ တကမ္ဘာလုံးက ထိခိုက်လွယ်သူတွေကိုကာကွယ်ဖို့ဟာ သူတို့မှာ အာဏာရှိတယ်လို့ ကျမ ပြောတယ်။ ကျမကို အဓမ္မ ပြုကျင့်သူတွေကို မျက်လုံးစိုက်ကြည်ပြီး သူတို့ကို တရားစီရင်တာမြင်ချင်တယ်လို့ ကျမ ပြောတယ်။ အရေးအကြီးဆုံးက ကျမဟာ ဒီလိုအဖြစ်မျိုးကြုံရတဲ့ နောက်ဆုံးမိန်းကလေး ဖြစ်ချင်ပါတယ်လို့ သူတို့ ကိုကျမပြောလိုက်တယ်။
အီရတ်နိုင်ငံမြောက်ပိုင်းမှ ဆင်းဂျားရှိ ကိုချိုကို အစ္စလမ်မစ်နိုင်ငံအဖွဲ့က တိုက်ခိုက်သော ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နာဒီယာ မာရက်သည် ယာဇဒီမှ အခြားအမျိုးသမီးများနှင့်အတူဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။ သူနှင့်အတူ ညီအမများလည်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး အကို၊မောင် ခြောက်ဦးနှင့်မိခင်တို့ အသက်ဆုံးရှုံးခဲ့သည်။ ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ကွန်ဂိုမှ အမျိုးသမီးရောဂါကုဆရာဝန် ဒင်းနစ် မတ်ဝီဂျီနှင့် ပူးတွဲရရှိသည်။ သူမ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတိ The Last Girl: My Story of Captivity and My Fight Against the Islamic State, published by Virago မှ ကောက်နှုတ်ဖော်ပြပါသည်။