“မေးခွန်းရှိလား” လို့ စကားဝိုင်း moderator (ပံ့ပိုးသူ) ရဲ့ မေးသံက လူ ၃၀၀ ကျော်လောက် ရှိတဲ့ ခန်းမထဲ ဟိန်းထွက်လာပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ” ဖိုရမ်ရဲ့ ခန်းမရှေ့ စင်မြင့်ထက်မှာတော့ စကားဝိုင်းမှာ ဦးဆောင်ပါဝင် ဆွေးနွေးကြတဲ့ အမျိုးသမီး ၅ ဦး ထိုင်နေပြီး ခန်းမထဲက လူတွေမေးလာမယ့် မေးခွန်းတွေကို စောင့်နေကြပါတယ်။ လူများတဲ့အတွက် မေးခွန်းထမေးတဲ့သူတိုင်းကို ဘယ်သူဘယ်ဝါဆိုတာ သေချာမတွေ့ရပါဘူး။
“ကျမတို့လို ရုပ်မျိုးတွေက ခွဲခြားဆက်ဆံမှုတွေကို အပြင်းအထန်ခံစားရတဲ့ လူမျိုးထဲမှာ ပါပါတယ်” ဆိုတဲ့ စကားသံကြားလိုက်တဲ့အချိန်မှာ ခန်းမထဲက လူအများစုဟာ မေးခွန်းမေးတဲ့ အမျိုးသမီးဆီကို စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြပါတယ်။
သူမဟာ ပိန်ပိန်သွယ်သွယ်၊ အရပ်မြင့်မြင့် အမျိုးသမီးတယောက်ပါ။ ဒါပေမဲ့ ခန်းမတခုလုံးမှာ ရှိနေတဲ့သူ တွေနဲ့ မတူညီတဲ့ ထူးခြားတဲ့အသွင်အပြင်ကတော့ သူမရဲ့အသားအရောင်နဲ့ သူမရဲ့မျက်နှာပုံစံပါ။ သူမမှာ သာမန်ထက်ချွန်တဲ့နှာတံ၊ မျက်ဝန်းကျယ်ကျယ်၊ မျက်တောင်ကော့ကော့၊ ရှည်သွယ်တဲ့မျက်နှာနဲ့ အမည်းရောင် ဘက်ပိုများတဲ့ အသားအရေရှိနေတာပါ။
သူ့ကိုတွေ့တာနဲ့ “ကုလား” လူမျိုးလို့ အားလုံးက မှတ်ချက်ပေးကြမှာပါ။ သူကတော့ အသားအရောင် ခွဲခြားမှု ပပျောက်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေသူ မသဇင်အေးဖြစ်ပြီး အသက် ၃၆ နှစ်ရှိပါပြီ။ သူဟာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ပပျောက်ဖို့အတွက် ညီညွှတ်သော အမျိုးသမီးအဖွဲ့ကို တည်ထောင်ပြီး မန္တလေးတခွင်မှာ အမျိုးသမီးရေးဆိုင်ရာ ပညာပေးမှုတွေ ဦးဆောင်ပြုလုပ်နေသူတဦးလည်း ဖြစ်ပါတယ်။ သူရဲ့အဖွဲ့ထဲမှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင် ကြပြီး ဒီအဖွဲ့ဟာ ဘာသာပေါင်းစုံအမျိုးသမီးများအရေးကို ဆောင်ရွက်နေပါတယ်။
ကလေးတွေကို “မုတ်ဆိတ်နဲ့ကုလားကြီးလာနေပြီ၊ ဖမ်းလိမ့်မယ်” ဆိုတဲ့ ခြောက်လှန့်မှုတွေကအစ အသားအရောင် ခွဲခြားဆက်ဆံမှုကို ဖြစ်စေတဲ့ အရိုးစွဲနေတဲ့ အလေ့အထတွေကို တဦးချင်းစီကနေ ပြောင်းလဲဖို့ လိုတဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြုလုပ်တဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်မှာ သူက ဝင်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒီဆွေးနွေးချက်တွေကို သူကိုယ်တိုင် ဘဝတလျှောက်လုံး ရင်ဆိုင်ဖြတ်သန်းမှုကနေ ရရှိခဲ့တာလို့ ဆိုပါ တယ်။
မြန်မာနိုင်ငံမှာ အသားမည်းမည်း၊ မျက်လုံးပြူးပြူးနဲ့ နှာခေါင်းချွန်ချွန်ဆိုရင် ကုလားလို့ သတ်မှတ်ကြပြီး တိုင်းရင်းသားလူမျိုးအုပ်စုထဲမှာ မပါတဲ့ သီးသန့်လူတန်းစားတရပ်အဖြစ် အများက လက်ခံထားကြပါတယ်။ သူတို့ တွေထဲမှာ ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်၊ မွတ်ဆလင်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင် ကိုးကွယ်မှုတွေ အမျိုးမျိုးရှိကြပါတယ်။
သူဟာ ခရစ်ယာန်ဘာသာဝင်တဦးဖြစ်ပြီး ဖခင်က အိန္ဒိယသွေးစပ်တယ်လို့သာ သိရပေမယ့် မိသားစု အတွင်းမှာ အိန္ဒိယနွယ်ဖွားတွေရဲ့ ရိုးရာဓလေ့တွေ ဆက်လက်ကျင့်သုံးမှုတွေလည်း မရှိတော့တဲ့အတွက် သူ့ရဲ့ အမျိုးအနွယ်ကို တိတိပပ သေချာမပြောပြနိုင်ပါဘူး။ ဒါပေမယ့် ရုပ်အသွင်အပြင်နဲ့ အသားအရောင်ကတော့ “ကုလား” ဆိုတဲ့ သတ်မှတ်ချက်ထဲမှာပဲ ရှိနေခဲ့ပါတယ်။ “ကုလား”ဆိုတဲ့ အခေါ် အဝေါ်ဟာ သူ့အတွက် ပြဿနာတစုံတရာမရှိပေမယ့် ဒီအခေါ်အဝေါ်ရဲ့နောက်ကွယ်က လူ့အသိုင်းအဝိုင်း ရဲ့ တုန့်ပြန်မှုကတော့ ငယ်စဉ်ဘဝကတည်းကစပြီး အခုချိန်ထိ သူ့အတွက် သက်ရောက်မှုကြီးခဲ့တာပါ။
ကုလားဖြစ်တဲ့အတွက် လူ့အသိုင်းအဝိုင်းမှာ ဟာသလုပ်စရာ၊ လှောင်ပြောင်စရာ၊ ခြိမ်းခြောက်စရာတခု အဖြစ် အခုချိန်ထိ ရှိနေဆဲပဲလို့ မသဇင်အေးကပြောပါတယ်။ အထူးသဖြင့် အသားမည်းတဲ့ ကုလားတွေက ပိုပြီး ခွဲခြားခံရတယ်လို့ ဆိုပါတယ်။
မှတ်မှတ်ရရ သူသိလာတာကတော့ ဆယ်ကျော်သက်အရွယ်ကပါ။ သူတက္ကသိုလ်တက်ချိန် ဆယ်ကျော်သက်အရွယ်မှာ ယောက်ျားလေးတွေက သူ့ကို စိတ်ဝင်စားဖို့ဆိုတာထက် “ဟေ့ကောင် ဟိုမှာ ကုလားမကြီးလာနေပြီ၊ မင်းစော်လာနေပြီ”ဆိုပြီး အချင်းချင်းစနောက်လှောင်ပြောင်မှုတွေကိုသာ ခံခဲ့ ရတယ်လို့ မသဇင်အေးက ငယ်ဘဝအတွေ့အကြုံကို ပြောပြပါတယ်။
ဒီလို လူတွေရဲ့ ပါးစပ်ဖျားမှာ ဟာသလုပ်ခံရတာတွေဟာ သူ့စိတ်ကို အကြိမ်ကြိမ်နာကျင်စေခဲ့သလို ဂုဏ် သိက္ခာမဲ့သလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
အသိပညာ၊ အတတ်ပညာတွေပေးနေတဲ့ စာသင်ကျောင်းတွေကလည်း ဒီလိုခွဲခြားဆက်ဆံမှုတွေကနေ လွတ်မြောက်အောင် သူ့ကို အကာအကွယ်မပေးနိုင်ခဲ့ပါဘူး။ သီချင်းဆိုဝါသနာပါတဲ့သူ ဖြစ်တာကြော့် တက္ကသိုလ် ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ သီချင်းဆိုဖို့ ဆရာမကို ပြောချိန်မှာ “နင့်ကို ဝိုင်းစတာ ခံနိုင်ရည်ရှိမှ ဆိုနော်” လို့ တုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။ လက်တွေ့မှာလည်း သူ စင်ပေါ်တက်ချိန်မှာ “မဆိုပါနဲ့တော့” “ကုလားမ” “ဟာရေး” ဆိုတဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် “ငါ့သီချင်းသံကြားရင် သူတို့ကြိုက်သွားလိမ့်မယ်” ဆိုတဲ့စိတ်နဲ့ အားတင်းဆိုခဲ့ပြီး သူမသီချင်းသီဆိုပြီးချိန်မှာတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ သူမအသံအပေါ် လက်ခံမှုကို တစုံတရာ ရခဲ့တယ်လို့ဆိုပါတယ်။
သူတို့လို လူမျိုးတွေဟာ သာမန်ထက် ထူးချွန်မှုတခုခု မရှိရင် လူ့အသိုင်းအဝိုင်းရဲ့ လက်ခံမှုရဖို့ ခဲယဉ်းတယ်လို့ သူမက ပြောပါတယ်။ ဒီလို လူ့အသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်မှု၊ လှောင်ပြောင်မှုဒဏ်တွေကို မခံနိုင် ကြတဲ့အတွက် ကုလားအမျိုးသမီးငယ်အများစုဟာ ရှက်ပြီး ကျောင်းထွက်သူများရှိကြသလို တဖြည်းဖြည်း အိမ်တွင်းပုန်းဘဝအဖြစ် နောက်ကျကျန်နေသူတွေလည်းရှိပါတယ်လို့ ဆိုပါတယ်။
ကျောင်းဆက်နေကြတဲ့ အမျိုးသမီးတွေဆိုရင်လည်း သူတို့ဘာသာသီးသန့်ဖြစ်ပြီး အဖော်ကွဲသူတွေလို ဖြစ်နေတတ်ကြပါတယ်။
ကုလားချင်းတူရင်တောင် အသားဖြူပြီး ရုပ်ရည်လှပတဲ့ ကုလားအမျိုးသမီးတွေကတော့ အသားမည်းတဲ့ အမျိုးသမီးတွေလောက် ခွဲခြားဆက်ဆံမှု မခံရပါဘူး။ ဒီလိုလူမှုအသိုင်းအဝိုင်းရဲ့ အဖက်ဖက်က ခွဲခြားဆက်ဆံမှုတွေကပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာဖို့ တွန်းအားပေးခဲ့ပါတယ်လို့ မသဇင်အေးက ဆိုပါတယ်။
ခေတ်ပညာတတ် ဘွဲ့ရပညာတတ်တယောက်ဖြစ်တဲ့ သူဟာ အခုချိန်မှာတော့ ဘာသာပေါင်းစုံ အမျိုးသမီးတိုင်းအတွက် ဒီလိုပညာပေးအလုပ်တွေ လုပ်နေချိန်မှာ ထပ်ပြီး ရင်ဆိုင်ရတဲ့အခက်အခဲကတော့ လူမှု အသိုင်းအဝိုင်းရဲ့ ရှေးရိုးစွဲအမြင်တွေပဲဖြစ်နေပြန်ပါတယ်။
“မိန်းမတယောက်ဖြစ်ပြီး တချိန်လုံးလမ်းပေါ်ထွက်နေတာ.. လင်ကောင်မပေါ်ပဲ ဗိုက်ကြီးမှ ဒုက္ခရောက်မှာ..” စတဲ့ ဆွေမျိုးတွေရဲ့ပြောဆိုဝေဖန်တာကို ပြင်းပြင်းထန်ထန်ခံရတယ်လို့ ပြောပြတယ်။
ဘယ်လို ဝေဖန်ပြောဆိုနေပါစေ သူကတော့ အမျိုးသမီးတွေ ပညာပေးရေးလုပ်ငန်းတွေ ရှေ့ဆက်လုပ်ကိုင်ရင်းနဲ့ အနာဂတ်ကို လှမ်းနေမှာပါ။
ဖော်ပြပါဆောင်းပါးကို မြန်မာအမျိုးသမီး သမဂ္ဂမှ စီစဉ်လုပ်ဆောင်နေသည့် HI (Honest Information ) မှ ကူးယူဖော်ပြပါသည်။