နိုဝင်ဘာလတွင် ပြုလုပ်မည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု ယခင်ရွေးကောက်ပွဲမျထက် လျော့နည်းနေသည်ဟု ဖန်တီးအိမ်အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောသည်။
အောက်တိုဘာလ ၁၇ ရက်က Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် ဖန်တီးအိမ်တို့ ပူးပေါင်း ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာမှု၏ ကနဦး တွေ့ရှိချက်များ ရှင်းလင်းတင်ပြပွဲ၌ ပြောဆိုခြင်း ဖြစ်သည်။
အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုမှာ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၄၅ ဦး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၀၀ ဦးကျော်၊ ၂၀၁၇ ကြားဖြတ်တွင် ၁၆ ဦးရှိခဲ့ပြီး ယခု ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ အမျိုးသမီး ၇ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
“ကိုယ်စားလှယ်လောင်း ၆၉ ဦးမှာ အမျိုးသမီးပါဝင်မှု ၁၀ ရာခိုင်နှုန်းက နည်းပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လူဦးရေမှာ အမျိုးသမီးက များတယ်ဆိုတော့။ အမျိုးသမီးရော အမျိုးသားများပါ မျှမျှတတ ပါဝင်ဖို့ လိုတယ်” ဟု ဒေါ်ခင်လေးငယ်က ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ၊ စုစုပေါင်း ၁၃ နေရာရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ကြားဖြတ်တွင် အမျိုးသမီး အမျိုးသမီးကိုယ်စားလှယ် ဦးရေ ပါဝင်မှု နည်းသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ၁၀၀၀ ကျော် ပါဝင်နိုင်သည်ဟု ဖန်တီးအိမ်အဖွဲ့က ခန့်မှန်းထားသည်။
လာမည့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ၌ အချို့သော ပါတီများမှာ ပါတီဥက္ကဋ္ဌ ဖြစ်သူများကိုသာ ဦးစားပေး ဝင်ရောက်ယှဉ်ပြိုင်စေမည့် မူဝါဒကို ကျင့်သုံးနေသည့်အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ပါဝင်မှု လျော့နည်းခြင်း ဖြစ်သည်ဟုလည်း သိရသည်။
“ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ကျမ ပါဝင်ချင်တယ်။ ဒါပေမယ့် အခု ကျမတို့ ကချင်ပါတီသုံးခု ပူးပေါင်းလိုက်တဲ့ အခါကျတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကကတော့ ပါတီဥက္ကဌတွေ နံပါတ် ၁ ဦးစားပေး ရွေးချယ်တဲ့အခါကျတော့ အမျိုးသမီးတွေ အခွင့်အလမ်း နည်းနေသေးတယ်လို့ မြင်ပါတယ်။ အဲဒီတော့ လွှတ်တော်မှာတော့ အမျိုးသမီးအသံတော့ ထွက်လာမှာတော့ မဟုတ်ဘူး”ဟု စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ပါတီ ကိုယ်စားပြု ၂၀၁၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူ က ရှင်းပြသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ တို့မှ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁ ဦးစီနှင့် ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီမှ ၂ ဦး၊ စုစုပေါင်း ၇ ဦး ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အင်အားကြီး ကြံ့ခိုင်ရေးပါတီ (USDP) ကမူ တဦးမှ ပါဝင်ခြင်း မရှိကြောင်း သိရသည်။
USDP ပါတီသည် လစ်လပ် ၁၃ နေရာအနက် ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အမျိုးသမီး ကိုယ်စားလှယ်လောင်း မပါဝင်ဟု ပါတီဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်က ဧရာဝတီသို့ ပြောသည်။
USDP ပါတီဝင် တဦးဖြစ်သည့် ဒေါက်တာ စန်းစန်းနွယ်က “ အခု ရွေးကောက်ပွဲမှာ ဝင်မပြိုင်တာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ နောက်မှပဲ ဝင်ပြိုင်တော့မယ်။ အမျိုးသမီးတွေကိုလည်း မပြိုင်နဲ့ ဘာညာ မပြောပါဘူး။ ပြိုင်ချင်ရင်လည်း ရပါတယ်။ အစ်မတို့မှာ စည်းကမ်းတင်းကျပ်ထားတာ မရှိပါဘူး”ဟု ဆိုသည်။
နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အကြိုကာလ သဘောထား အမြင်စစ်တမ်း၌ မဲစာရင်းကြေညာမှုတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုစိတ်ဝင်စားမှု လျော့နည်းနေသည်ကို တွေ့ရှိရသည်ဟုလည်း PACE အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ထောက်ပြထားသည်။