“အကယ်၍များ ကမ္ဘာပေါ်က စစ်ဖက်ဆိုင်ရာ ရာထူးရာခံအားလုံးမှာ အမျိုးသမီးတွေကိုသာ ခန့်ထားခံရမယ်ဆိုရင် စစ်ပွဲတွေရှိလာမှာ မဟုတ်ဘူး”လို့ အနောက်တိုင်း မနုဿ ဗေဒ ပညာရှင် ၂ ဦးဖြစ်တဲ့ Lionel Tiger နဲ့ Robin Fox က ဆိုခဲ့ဖူးပါတယ်။ ယောကျ်ားတွေမှာ မွေးရာပါ “တိုက်ခိုက်သူသဘာဝ” ရှိပြီး မိန်းမတွေမှာ “ငြိမ်းချမ်းရေးဖော်ဆောင်သူ သဘာ ဝ” ရှိတယ်လို့ အများစုလက်ခံထားကြတဲ့ အမြင်ပေါ်မှာ အခြေခံပြီးပြောခဲ့တာပါ။
ခေတ်အဆက်ဆက် မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုး သားတွေ ကသာ ဦးဆောင်တဲ့၊ အမျိုးသားတွေသာ ပါဝင်တဲ့ အစဉ်အလာ ရှိခဲ့တာကို တွေ့ရပါတယ်။
ဒီအစဉ်အလာဟာလည်း အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ယောကျာ်းတွေ စတင်ခဲ့တဲ့ ပဋ္ဋိပက္ခတွေကို ယောကျ်ားအချင်းချင်းသာ ညှိနှိုင်းလို့ရနိုင်တယ်ဆိုတဲ့ လုံခြုံရေးတူရူအမြင်နဲ့ ချဉ်းကပ်တာဖြစ်တဲ့အတွက် မှားတယ်လို့လည်း ပြောလို့မရနိုင်ပါဘူး။ ဒါပေမယ့် လုံခြုံရေး တူရူအမြင်တခုတည်းနဲ့ ချဉ်းကပ်ခြင်းဟာ သိပ်အလုပ်မဖြစ်လှဘူးဆိုတာ ကာလကြာရှည် လာတာနဲ့ အမျှ ပိုရှုပ်ထွေးပြီး ပိုကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်က သက်သေပါပဲ။
၁၉၆၃၊ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အစဉ်တစိုက် ဦးဆောင်သူ ဟာ တပ်မတော်အစိုးရ ဖြစ်ခဲ့ပြီး ပါဝင်သူတွေဟာလည်း အမျိုးသား အများစု ကြီးစိုးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပါတယ်။
နှစ်ဖက်စလုံးဆုပ်ကိုင်ထားခဲ့ကြတဲ့ အခြေခံမူက “လုံခြုံရေးရှုထောင့်”ကို အခြေခံတဲ့ ချဉ်း ကပ်မှု ဖြစ်ပါတယ်။ လုံခြုံရေးသည်သာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးချဉ်းကပ်မှု ဖြစ်သည်ဆိုတဲ့ စဉ်းစားချက်အပေါ်မှာ အခြေခံပါတယ်။
ဥပမာဆိုရရင် တခုတည်းသော တပ်မတော်ထားရှိရမည်ဆိုတဲ့ စဉ်းစားချက်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်မတော်တွေကို အသိအမှတ်ပြုရမည်ဆိုတဲ့ စဉ်းစားချက်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ သတ်မှတ်ပေးရမည်ဆိုတဲ့ စဉ်းစားချက်တွေဟာ “လုံခြုံရေး ရှုထောင့်”ကို အခြေခံတဲ့ စဉ်းစားချက်တွေဖြစ်ပါတယ်။
ဒီစဉ်းစားချက်တွေဟာ တဖက်နဲ့တဖက်ကြားမှာ မယုံကြည်မှုတွေ စိုးရိမ်မကင်းဖြစ်နေမှုတွေ စိတ်မလုံခြုံမှုတွေ ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ပဋ္ဋိပက္ခ တခုကို ဖြေရှင်းတဲ့ အခါမှာ လက်နက်ကိုင်ပဋ္ဋိပက္ခတခုကိုပဲ စဉ်းစားပြီး တဖွဲ့ဖွဲ့ကို အပြုတ်တိုက်ပစ်လိုက်ရုံနဲ့ ရှင်းသွားလိမ့်မယ်လို့ ယူဆလို့မရပါဘူး။
ပဋ္ဋိပက္ခရဲ့ အခြေခံ အကြောင်းတရားတွေဖြစ်တဲ့ သမိုင်းနောက်ခံအဖြစ်အပျက်တွေ၊ ဝါဒရေးရာအငြင်းပွားမှုတွေ၊ နိုင်ငံရေးခံယူချက်တွေ ကို ထည့်မစဉ်းစားသရွေ့၊ ဖြေရှင်းဖို့မကြိုးစားသရွေ့ ဘယ်လိုငြိမ်းချမ်းရေးဖြစ်စဉ်ကမှ အလုပ်ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
အမျိုးသားအများစုမှာ ဖြစ်တည်နေတဲ့ ဖိုဝါဒ သုံးမျိုးဟာ ငြိမ်းချမ်းရေးထိန်းသိမ်းရာမှာ အဓိက တွေ့ရတဲ့ စိန်ခေါ်မှုတွေဖြစ်စေတယ်လို့ Sabrina Karim နဲ့ Kyle Beardsley ရေးသားထားတဲ့ Equal Opportunity Peacekeeping ဆိုတဲ့စာအုပ်မှာ သုံးသပ် ပြထားပါတယ်။ အဲဒီဖိုဝါဒ သုံးမျိုးကတော့ စစ်ဘုရင်ဝါဒ/သူရဲကောင်းဝါဒ လို့ ဆိုရမယ့် Warrior Identity၊ ကာကွယ်သူ/ကယ်တင်ရှင်ဝါဒ လို့ဆိုရမယ့် Protective Masculinity နဲ့ စစ်ပွဲတွေဆင်နွှဲခြင်းကသာ အဖြေလို့ ယူဆလေ့ရှိတဲ့ Militarized Masculinity ဆိုတဲ့ စစ်ဗဟိုပြုဝါဒ တို့ပဲဖြစ်ပါတယ်။
ဒီဝါဒတွေကို လက်ရှိ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေ ထဲမှာလည်း မကြာခဏတွေ့နိုင်ပါတယ်။ တတိယအကြိမ်မြောက် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းမှာပြောခဲ့တဲ့စကားမှာ တပ်မတော်ရဲ့အင်အားကြီးမားမှုကို အထင်အရှားပြလိုတဲ့ အင်အားဗဟိုပြု ဖိုဝါဒကို ထင်ထင်ရှားရှားတွေ့ရပါတယ်။
“ဒီနေ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင် ဆောင်ရွက်နေခြင်းဟာ ကျနော်တို့မှာ အင်အားချည့်နဲ့နေလို့မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်။” လို့ မကြာသေးခင်က ကျင်းပခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ၃နှစ်ပြည့် အခမ်းအနားမှာလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို NCA ကို တလွဲမသုံးဖို့ ပြောင်ပြောင်တင်းတင်း သတိပေးခဲ့ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာလည်း ကာချုပ်မင်းအောင်လှိုင်မှာရှိတဲ့ Protective Norm ကို ထင်ထင်ရှားရှားတွေ့ရပါတယ်။
“NCA ကို တလွဲအသုံးမချဖို့ ပြောလိုပါတယ်။ တလွဲအသုံးချရင် တိုင်းရင်းသား ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ကြောင်း အသိပေးလိုပါတယ်”။ တချိန်တည်းမှာပဲ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာလည်း မိမိလူမျိုး မိမိနယ်မြေကို ကာကွယ်လိုတဲ့ Protective Norm တွေ ရှိနိုင်တယ်ဆိုတာကိုလည်း မျက်ကွယ်ပြုလို့ မရပါဘူး။
တပ်မတော်က အစဉ်တစိုက် စွဲကိုင်ထားခဲ့တဲ့မူဖြစ်တဲ့ “ခွဲမထွက်ရ”မူဟာ ဒို့တာဝန် အရေးသုံးပါးထဲက အချက်တချက်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေးကို အခြေခံတယ်လို့ ဆိုပေမယ့် အချုပ်အခြာအာဏာတည်မြဲရေးဆိုတဲ့ လုံခြုံရေးဆိုင်ရာ ရှုထောင့်က စဉ်းစားချက်တခုပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးယွက်ဆစ် (ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS/SSA ဥက္ကဋ္ဌ) ကတော့ ဒီမူဟာ “တပ်မတော်က တဖက်သတ်လိုချင်တဲ့ အာမခံချက်တရပ်ပဲဖြစ်တယ်” လို့ ဧရာဝတီသတင်းဌာနနဲ့ လတ်တလောတွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားထားပါတယ်။
“တပ်မတော်အနေနဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင်ဖို့ကြိုးပမ်းနေပြီဆိုရင် ထပ်မံပြီးတော့ အာဏာမသိမ်းပါဘူးဆိုတာကို ဘယ်လိုအာမခံချက်မျိုးပေးမလဲဆိုတာကို ကျနော်တို့တပ်မတော်အပေါ်ကိုလည်း မေးခွန်းရှိနေပါတယ်”
ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ မေးခွန်း ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လုံခြုံရေးရှုထောင့်ကို အခြေခံတဲ့ စဉ်းစားချက်တခုပဲဖြစ်ပါတယ်။ ခွဲထွက်လိုခြင်း ခွဲမထွက်လိုခြင်းဟာ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် တပ်မတော်ရဲ့ စွက်ဖက်မှု ဘယ်အတိုင်းအတာအထိရှိနိုင်မလဲဆိုတာအပေါ် စိုးရိမ်မကင်းဖြစ်မှုက လာတယ်လို့ ယူဆရပါတယ်။
တပ်မတော်မှာလည်း အလားတူ စိုးရိမ်မှုမျိုးတွေရှိပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ကာလမှာ တပ်မတော်ထိပ်တန်း အရာရှိတွေရဲ့လုံခြုံရေးကို အကာ အကွယ်ပေးနိုင်ဖို့ တပ်မတော်ကို အထူးအခွင့်အရေးပေးပြီး ရေးဆွဲထားတဲ့ အချက်တွေကို ၂၀၀၈ အခြေခံဥပဒေမှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။
ဒီလိုအပြန်အလှန် စိုးရိမ်မကင်းဖြစ်မှုတွေ အပေါ်အခြေခံတဲ့ စဉ်းစားညှိနှိုင်းမှုတွေဟာ ရှေ့မ တိုးသာ နောက်မဆုတ်သာ လိပ်ခဲတင်းတင်း အခြေအနေ တရပ်ကိုသာ ဖြစ်ပေါ်စေပါတယ်။
“ကျနော်တို့ အပြန်အလှန်အလျှော့အတင်းမရှိကြဘူး အဲဒါကြောင့် အပြန်အလှန် ယုံကြည်မှု တွေ မတည်ဆောက်ဘဲ ဖြစ်နေတာပါ။ ကျနော်တို့သူ့မူကိုယ့်မူဆွဲပြီးတော့ ဆွေးနွေး နေကြလို့ဖြစ်ပါတယ်” လို့လည်း ဗိုလ်ချုပ်ကြီးယွက်ဆစ်က သုံးသပ်ခဲ့ပါတယ်။
ဖိုဝါဒ လွှမ်းမိုးမှုတွေကြောင့်ဖြစ်လာတဲ့ လုံခြုံရေးတူရူအမြင်ဟာ စစ်ဘုရင် အချင်းချင်း ကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်သေးခြင်းရဲ့ သော့ချက်လို့ ဆိုနိုင်ပါ လိမ့်မယ်။ သူတို့ဟာ မြေပြင်ပေါ်မှာ တိုက်ပွဲတွေ အကြိမ်ကြိမ်နွှဲခဲ့ကြသလိုမျိုး၊ ငြိမ်းချမ်းရေး ဆွေးနွေးကြရာမှာလည်း အလျှော့အတင်း မလုပ်ကြပဲ အပြန်အလှန်စကားစစ်ထိုးမှုတွေနဲ့ ဆက်လက်တိုက်ပွဲဝင် နေကြဆဲပဲဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်က အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အတူတကွရေးဆွဲခဲ့တဲ့ NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်ကိုလည်း လုံခြုံရေးဆိုင်ရာ ရှုထောင့်ကိုသာ အခြေခံပြီး ရေးဆွဲထားတာကို တွေ့ရ ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ အချက်တခုကိုတော့ အားလုံး ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အချက်ငယ်တချက်အနေနဲ့ ထည့်သွင်းထားတာတွေ့ရပါတယ်။
၁၉၆၃ ခုနှစ်ကနေ ၂၀၁၅ အတွင်း ပေါ်ပေါက်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပြန်လည် သုံးသပ်ကြည့်မယ် ဆိုရင် တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကပါ တဖက်နဲ့တဖက် ညှိနှိုင်းကြရာမှာ အမျိုးသားအများစု ကိုင်စွဲလေ့ရှိတဲ့ လုံခြုံရေးတူရူ အမြင်ကိုသာ တစိုက်မတ်မတ် ဆုပ်ကိုင်ထားခဲ့ကြလို့ ရှေ့ဆက်မတိုးနိုင်ပဲ ပဋ္ဋိပက္ခ စက်ဝန်းထဲမှာ လည်နေခဲ့တာကို တွေ့ရပါလိမ့်မယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးဦးဆောင်ပါဝင်မှု၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အနိုင်ရ ပြီးတဲ့ အခါမှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပထမဆုံးအကြိမ်အနေနဲ့ အမျိုးသမီးတယောက် ဦးဆောင်ပါဝင်လာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာတော့ ရှေ့မှာ တလျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ လုံခြုံရေးရှုထောင့်ကို အခြေခံတဲ့အမြင်ကို စပြောင်းဖို့ကြိုးစားလာတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရသရွေ့ အစိုးရသက်တမ်းကို အသုံးချပြီး ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။
NLD အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လမ်းပြမြေပုံ ထဲမှာ ၂၁ ရာစ ုပင်လုံညီလာခံကနေ ပြည်ထောင်စ ုသဘောတူညီချက်တွေ ချမှတ်တဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပါ ပါဝင်လာပြီး ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ရွေးကောက်ပွဲကျင်းပဖို့ပါ ပါလာတာကို တွေ့ရပါတယ်။
တကယ်တော့ ဒါဟာလည်း အသစ်အဆန်းတော့ မဟုတ်ပါဘူး။ NCA သဘောတူညီချက် မှာ ပါဝင်တဲ့အချက်ငယ် တချက်ဖြစ်တဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ထွက်ပေါ်လာ သော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုသလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနဲ့ အညီပြုလုပ်ရန်” ဆိုတဲ့ အချက်အပေါ်မှာ အခြေခံထားတာပဲဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲတွေကို နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့ စဉ်တုန်းက “ညီညွတ်ရေးအတွက် အခြေခံမူဟာ တန်းတူညီမျှမှုတခုဖြစ်ပါတယ်။ ဒီနိုင်ငံမှာ တန်းတူညီမျှမှုရှိမှ စစ်မှန်တဲ့ ပြည်ထောင်စုတခုဖြစ်နိုင်မယ်။ ဒီတော့ တန်းတူညီမျှမှုဟာ ဘယ်ကစရမလဲ။ နိုင်ငံရဲ့ အခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက နေပြီးတော့ စရမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရရဲ့အမြင်ကတော့ ပဋ္ဋိပက္ခဖြေရှင်းရေး ရှုထောင့်ကို အခြေခံတဲ့ ငြိမ်းချမ်းရေးတူရူအမြင် လို့ သုံးသပ်ရမှာပါပဲ။ ဒါပေမယ့် လုံခြုံရေးရှုထောင့်ကသာ အမြဲစဉ်းစားနေကြ အုပ်စုတွေအတွက်တော့ ဒီချဉ်းကပ်မှုက ရှုပ်ထွေးကျယ်ပြန့်သလို၊ အားလုံးပါဝင်ဖို့လိုတဲ့အတွက် ပိုပြီးအချိန်ကြာပါတယ်။ အဲဒါအပြင် ဒီဖြစ်စဉ်ကြီး တခုလုံးကို ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ပြီးစီးအောင် လုပ်ရမှာဖြစ်တဲ့အတွက် အင်မတန်တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြားက မတူညီတဲ့ ချဉ်းကပ်မှုတွေကြောင့် NCA လက်မှတ်ထိုးဖို့ တွေဝေနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိနေပါသေးတယ်။
NCA လက်မှတ်ထိုးဖို့ ချိန်ဆနေဆဲဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ အတွင်းရေးမှူး ၂ Khu Daniel က “တပ်မတော်ဖက်က ထွက်လာတဲ့မူတွေက နိုင်ငံရေး ဆွေးနွေးပွဲပြီးရင်တော့ လက်နက်စွန့်မယ်။ ရွေးကောက်ပွဲဝင်မယ်။ သူကတော့ လက်နက် စွန့်ခိုင်းတဲ့ သဘောမျိုးဖြစ်တယ်။
NLD ကတော့ ဒီ NCA ထိုးပြီးရင် သူနဲ့ပူးပေါင်းမယ်။ အခြေခံမူ (ဥပဒေ) တွေပြင်ဆင်မယ် လုပ်ထားတော့ တပ်မတော်ရဲ့ အခြေခံမူမှာ တခု ပါတာက အခုလက်ရှိသုံးနေတဲ့အခြေခံဥပဒေကို အသက်နဲ့ရင်းပြီးမှ ကာကွယ်စောင့် ရှောက်မယ်ဆိုတဲ့ အခြေခံမူတွေက ရှိတယ်ဆိုတော့ ဒီနှစ်ယောက်ရဲ့ Principle တွေက မတူကြဘူးပေါ့။ ကျနော်တို့ကတော့ ဘယ်သူနဲ့ပေါင်းပေါင်း ပြသနာတခုမဟုတ် တခုကတော့ တက်လာမှာပဲလို့ ယုံကြည်တယ်။”
ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းကနေ အခြေခံဥပဒေပြင်ဆင်ရေးကိုပါ တပြိုင်တည်းလုပ်နေမှု အပေါ် တပ်မတော်ဖက်က သိပ်ပြီးတော့ လိုလားဟန်မပြခဲ့ပါဘူး။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တကယ်လိုအပ်တဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်တာ ဖြည့်စွက်တာကို မူအားဖြင့် သဘောတူပါတယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့ မဆိုင်ပဲ မိမိတို့ရဲ့ နိုင်ငံရေးလိုဘကို ဖြည့်ဆည်းဖို့ NCA လမ်းကြောင်းကို တလွဲအသုံးချပြီး အခြေခံဥပဒေနဲ့ အခြားဥပဒေများကို ပြင်ဆင်တာ ဖြည့်စွက်တာကိုတော့ သဘောတူညီဖို့ ခက်ခဲမှာ ဖြစ်ပါတယ်” လို့ ကာချုပ် မင်းအောင်လှိုင်က သူ့မိန့်ခွန်းတခုမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒီလိုပြောဆိုမှုတွေ လုပ်နိုင်တာကလည်း ၂၀၀၈ အခြေခံဥပဒေက ပေးထားတဲ့ အထူး အခွင့်အရေး တွေအောက်မှာ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်ဖို့ အဓိက တာဝန်ရှိသည် ဆိုတဲ့ အချက်ပါနေလို့ပါပဲ။ မည်သို့ပင်ဆိုစေကာမူ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ရေးဆွဲအတည်ပြုထားခဲ့တဲ့ NCA လမ်းကြောင်း အရ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို တပ်မတော်အနေနဲ့ မလိုက်မဖြစ် လိုက်ပါနေရအုန်းမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ NCA လမ်းကြောင်းကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အသိအမှတ်ပြုထားပြီးသားမို့ ဖြစ်ပါတယ်။
၂၀၁၆ မတိုင်ခင်က ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ကိစ္စတွေကို NLD ပါတီကသာ အများဆုံးဦးဆောင်ခဲ့ပေမယ့်၊ ၂၀၁၆ နောက်ပိုင်းကစပြီး ၂၀၀၈ ဥပဒေ ပြင်ဆင်ဖို့၊ တပ်မတော်ကို အရပ်သားအစိုးရအောက်မှာ ထားဖို့ တိုင်းရင်းသားတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြောလာကြပြီဖြစ်ပါတယ်။ ပြောလာနိုင်တဲ့ အခင်းအကျင်း တခုလည်း ဖြည်းဖြည်းခြင်း တိုးတက်ဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်။
ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့မကိုက်ညီတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ခြင်းနဲ့ ဖက်ဒရယ် အခြေခံမူတွေ ရေးဆွဲခြင်းဟာ တခုပြီးမှ တခုလုပ်ရမယ့် လုပ်ငန်းစဉ်တွေမဟုတ်ပဲ တပြိုင် တည်း သွားရမယ့် ကိစ္စတွေဖြစ်ပါတယ်။ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက် သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို ခိုင်မာ တိကျတဲ့မူ တွေ အခြေခံဥပဒေသတွေမရှိခဲ့လို့ အောင်မြင်အောင်မလုပ်နိုင်ခဲ့တဲ့ သက်သေသာဓကတွေ ရှေ့မှာရှိခဲ့ပါတယ်။
လက်ရှိအနေအထားမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံး တုံ့နှေးမှုတွေ ဖြစ်စေခဲ့တဲ့ အကြောင်းတရားတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် NCA စာချုပ်ချုပ်ဆိုခဲ့တဲ့ ၃ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေအကြား သီးသန့်တွေ့ဆုံပွဲ တခု ပြုလုပ်ခဲ့ပြီး ခွဲမထွက်ရေး မူနဲ့ တခုတည်းသော တပ်မတော်ကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြီးယွက်ဆစ်က ငြိမ်းချမ်းရေးဖြစ်စဉ်နှောင့်နှေးရခြင်းအကြောင်းဟာ တပ်မတော် ကြောင့်လို့ ဧရာဝတီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။ “အမှန်ဆို ဒီတစ်ဆို့မှုဖြစ်လာတာ တပ်မတော်က စတင်ဆွေးနွေးလာတဲ့ အချက် ၂ ချက်ပဲဖြစ်ပါတယ်။ အကယ်၍ တပ်မတော်က ငြိမ်းချမ်းရေးလိုလားရင် ဒီအချက်၂ ချက်ကို လာပြီး ဆွေးနွေးနေစရာ မလိုပါဘူး၊ ငြိမ်းချမ်းရေးကို တကယ်ဖော်ဆောင် လိုသလား မဖော်ဆောင် လိုဘူးလားဆိုတာကတော့ တပ်မတော်အပေါ်မှာ မူတည်တယ်”။
ပဋ္ဋိပက္ခဖြေရှင်းရေး ရှုထောင့်ကို အခြေခံတဲ့ ငြိမ်းချမ်းရေးတူရူအမြင်
ပဋ္ဋိပက္ခဖြေရှင်းရာမှာ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေး တခုတည်းကိုပဲ စဉ်းစားလို့ မရပါဘူး။ ထည့်သွင်းစဉ်းစားရမယ့် လုပ်ငန်းစဉ် ၆ ခုရှိတယ်လို့ ငြိမ်းချမ်းရေး သုတေသီ တဦးဖြစ်တဲ့ Johan Galtung က ရေးသားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ အဲဒီလုပ်ငန်းစဉ် ၆ ခုထဲက တခုသာဖြစ်ပါတယ်။
အဲဒီ ၆ ခုမှာ ပါဝင်တာက အပစ်အခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအရ ဖိနှိပ်မှုရပ်တန့်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ခွဲခြားဆက်ဆံမှုတေ ွရပ်တန့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ တန်းတူညီမျှမှုရရှိရေးနဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှု အလေ့အထ ပျိုးထောင်ရေးတွေပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ခုမှ စလုံးရေစ တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အပစ် အခတ်ရပ်စဲရေးဆိုတဲ့ ပထမခြေလှမ်းရဲ့နောက်မှာ ဆက်လျှောက်ရမယ့် ခြေလှမ်းတွေ ရှိနေပါသေးတယ်။ ဖက်ဒရယ်မူကို အခြေခံတဲ့၊ တန်းတူညီမျှမှုကို အာမခံနိုင်တဲ့ အခြေခံ ဥပဒေ တခု ရေးဆွဲပြဌာန်းနိုင်မှသာ ဖွဲ့စည်းပုံအရ ဖိနှိပ်မှုတွေ ယဉ်ကျေးမှုဆိုင်ရာ ခွဲခြားဆက်ဆံမှု တွေကို ရပ်တန့်နိုင်မှာဖြစ်ပြီး၊ နောက်ထပ်ခြေလှမ်းတွေကို ရဲရဲဆက်လျှောက်နိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ တပ်မတော် (သို့မဟုတ်) အစိုးရ (သို့မဟုတ်) အဖွဲ့အစည်း တခုတည်းက ဖော်ဆောင်လို့မရပါဘူး။ နှစ် ၅၀ ကျော် တကျော့ပြီးတကျော့ မဆုံးနိုင်အောင် လည်ပတ်နေတဲ့ ပဋ္ဋိပက္ခစက်ဝန်းကြီးကို ရပ်ပစ်နိုင်ဖို့ ဆိုရင်တော့ တပ်မ တော်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော အစိုးရရော အတူတကွ ရုန်းထွက်ကြမှ ဖြစ်နိုင်ပါလိမ့်မယ်။
လက်ရှိအနေအထား အရတော့ ပဋ္ဋိပက္ခစက်ဝန်းကြီးကို ရပ်ပစ်ဖို့ လိုနေပြီဆိုတဲ့ သဘောထား တခု အားလုံးမှာ ရှိနေတယ်ဆိုတာ တရွေ့ရွေ့ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေက သက်သေပြနေပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။
ပဋ္ဋိပက္ခဖြေရှင်းရေး ရှုထောင့်ကို အခြေခံတဲ့ ငြိမ်းချမ်းရေးတူရူအမြင်က ဖြစ်နိုင်ဖွယ်ရာ မရှိဘူးလို့ ထင်ကောင်းထင်နိုင်စရာရှိပေမယ့် တလှမ်းပြီးတလှမ်း တစိုက်မတ်မတ် ဆက်လျှောက်နေမယ်ဆိုရင်တော့ တနေ့နေ့ တချိန်ချိန်မှာ ပဋ္ဋိပက္ခစက်ဝန်းကြီးကို ရပ်ပစ်လိုက်နိုင်မယ့် အလားအလာကောင်းတွေရှိနိုင်ပါတယ်။ တချိန်တည်းမှာပဲ ပါဝင်သူတွေရဲ့ ထိလွယ်ရှလွယ်အနေအထားတွေ၊ တွေဝေနောက်တွန့်မှုတွေကြောင့် အချိန်မရွေးရပ်တန့်သွားတာတွေလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံး သယ်ဆောင်လာနိုင်ခဲ့တဲ့၊ အားလုံး ပါဝင်ခွင့်ရအောင် ကြိုးစားနေကြတဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ရပ်တန့် မသွားအောင် လုပ်ဖို့ကတော့ ပါဝင်ပတ်သက်သူအားလုံးမှာ တာဝန်ရှိပါတယ်။
ဒီငြိမ်းချမ်းရေးတူရူအမြင်ကို ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး အခြားသော “ငြိမ်းချမ်း ရေး ဖော်ဆောင်လိုသူ သဘောသဘာဝ” ရှိတဲ့ အမျိုးသမီး၊ အမျိုးသားတိုင်းလည်း ကြည့် မြင် နိုင်ပါလိမ့်မယ်။ အရေးအကြီးဆုံးက ကာလရှည်ကြာ ကြည့်မြင်လာခဲ့တဲ့ လုံခြုံရေး တူရူအမြင်က ဖယ်ခွါပြီး ငြိမ်းချမ်းရေးတူရူအမြင်နဲ့ ရှေ့ဆက်ရမယ့်ခရီးကို မမှိတ်မသုန် ကြည့်နိုင်ကြဖို့ပဲ လိုပါတယ်။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)