မေသင်းကြူသည် နံနက် ၅ နာရီတွင် အိပ်ယာထပြီး ပြေးလျှင်ပြေးသည် သို့မဟုတ် Gym ကစားသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သူ၏ ကုမ္ပဏီ Kreate Food ၏ အမှုဆောင် ဒါရိုက်တာအဖြစ် တနေ့တာလုပ်ငန်း စတင်လိုက်ခြင်း ဖြစ်သည်။
၎င်း၏ ကုမ္ပဏီသည် နေ့စဉ် စားသုံးသူ နှစ်ထောင်မှ သုံးထောင်ခန့်ကို ဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာ အစားအသောက် မျိုးစုံကို တနေရာ တည်းတွင် ရောင်းသူအမျိုးမျိုးက စုပေါင်းရောင်းချသည့် စားသောက်ဆိုင်တွဲ လုပ်ငန်း (Food Court) ဖြစ်သည်။ ရက်သတ္တပတ်ကုန် နေ့ရက်များတွင် စားသုံးသူ အရေအတွက်မှာ ထိုထက် ပိုမိုများပြားလှသည်။
မေသင်းကြူ သည် အသက် ၂၅ နှစ် အရွယ်မျှသာ ရှိသေးသည်။
Food City အမည်ရှိ စားသောက်ဆိုင်၏ တိတ်ဆိတ်လှသော နံနက်ခင်းတခုတွင် ဧရာဝတီ သတင်းဌာနသည် တည်တည်ငြိမ်ငြိမ် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အမေရိကန် လေယူလေသိမ်းရှိသည့် ထိုအမျိုးသမီးငယ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
စာရေးသူတို့သည် ရန်ကုန်မြို့ရှိ ပထမဆုံး နိုင်ငံတကာ စားသောက်ဆိုင်နှင့် Kreate Food မှ တဆင့် မေသင်းကြူ တည်ထောင်ထားသည့် ပထမဆုံး အဓိက လုပ်ငန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ Kreate Food သည် အစားအစာနှင့် ဧည့်ဝန်ဆောင်မှု လုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးသော လုပ်ငန်းဖြစ်သည်။
Food City သည် ရန်ကုန်တွင် အကြီးမားဆုံး ဈေးဝယ်စင်တာဖြစ်သော မြန်မာပလာဇာ၏ တတိယထပ်တွင် တည်ရှိသည်။ Food City တွင် ဗီယက်နမ်၊ တရုတ်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူနှင့်ဂျပန် အစားအစာနှင့် မွန်၊ ရှမ်း၊ မြန်မာ လမ်းဘေး အစားအသောက်များအထိ ရောင်းချသော အရောင်းဌာနခွဲ ၁၂ ခုရှိသည်။ ရန်ကုန်တွင် ပထမဆုံးအဖြစ် Food City ငွေဖြည့်ကတ်တွင် စားသုံးသူများက ငွေဖြည့်ပြီး စားသုံးရသောစနစ်ကို လုပ်ကိုင် ရသည်မှာ လွယ်ကူလှသည် မဟုတ်ဘဲ မေသင်းကြူသည် အောက်ခြေလုပ်ငန်းခွင်တွင် အချိန်များစွာ ပေးခဲ့ရသည်။
“Kreate Food မှာ ဝန်ဆောင်မှုတွေ အများကြီးပါဝင်တယ်။ Food City က ဖောက်သည်တွေ အတွက် ဟင်းမျိုးစုံကို ကတ်စနစ်နဲ့ ရောင်းချတယ်။ ကျမတို့က အမေရိကနဲ့ ဥရောပက စားသောက်ဆိုင် လုပ်ငန်းကြီး တွေနဲ့ လူသုံးကုန်ပစ္စည်း ကုမ္ပဏီတွေ ဒီဈေးကွက်ကို မဝင်ခင် သုတေသန လုပ်နိုင်ဖို့အတွက်လည်း သူတို့နဲ့ လုပ်နေတာတွေ ရှိတယ်” ဟု မေသင်းကြူက ပြောသည်။
Kreate ကို ဖန်တီးခြင်း
သြစတေးလျတွင် သတင်းအချက်အလက် စနစ်များအကြောင်း လေ့လာရာမှ နွေရာသီတွင် မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံနှင့် စီးပွားရေး အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်း ကင်းမဲ့နေကြောင်း သူသတိထားမိသည်။ အစားအစာနှင့် ဧည့်ဝန်ဆောင်မှု လုပ်ငန်းအတွက် နည်းပညာ ပံ့ပိုးပေးသော လုပ်ငန်း မရှိသလောက်နည်းနေပြီး လုပ်ကိုင်နိုင်စွမ်းရှိသူ မများလှကြောင်းလည်း သူ သတိထားမိသည်။
နှစ်နှစ်တာမျှ လေ့လာပြီးနောက် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ပြန်လာပြီး ဗြိတိန်တက္ကသိုလ်တခုမှ အွန်လိုင်း သင်တန်းတက်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို စတင်သည်။ ရန်ကုန်တွင် ဈေးဝယ်စင်တာ အနည်းငယ်သာ ရှိပြီး အစားအစာ မျိုးစုံကို ရောင်းသူအမျိုးမျိုးက ရောင်းချပေးသည့် စားသောက်ဆိုင်တွဲ မရှိဘဲ စီးပွားရေး လုပ်ငန်း စီမံကိန်း အများအပြားမှာ စီစဉ်ဆဲ၊ တည်ဆောက်ဆဲ အခြေအနေတွင်သာ ရှိသေးသည်။ စီးပွားရေး လုပ်ငန်းအထောက်အကူပြု ဝန်ဆောင်မှုများ မကြာမီလိုအပ်လာတော့မည်ကို သူ သတိထားမိသည်။
“ကျမ ကျောင်းမှာ လေ့လာထားတာတွေကို လက်တွေ့လုပ်ကြည့်ချင်လို့ ကျမရဲ့ အစားအသောက် ဈေးရုံလုပ်ငန်းကို လုပ်ခဲ့တာ” ဟု သူက ရှင်းပြသည်။
စီးပွားရေးလုပ်ဖော်ကိုင်ဘက်နှင့် ပူးတွဲ တည်ထောင်သူ မရှိသောကြောင့် ထိုစဉ်က အသက် ၂၂ နှစ်သာ ရှိသေးသော လုပ်ငန်းရှင် မေသင်းကြူသည် Kreate ကို စတင်လုပ်ကိုင်ပြီး မကြာမီ ရည်မှန်းချက်သစ်၊ တွန်းအားသစ်များ ရရှိလာကာ ပထမဆုံး အဓိက စီမံကိန်းဖြစ်သော Food City ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်။
ယနေ့တွင် မေသင်းကြူသည် ၎င်းတို့ ကျွမ်းကျင်မှုများကို ပေါင်းစပ်ပြီး ကြီးထွားနေသော လုပ်ငန်းကို လုပ်ကိုင်နေသည့် လုပ်ငန်းနယ်ပယ် ပေါင်းစုံမှ လူ ၅၀ ခန့်ကို ဦးဆောင်နေပြီဖြစ်သည်။
စွန့်ဦးတီထွင် လုပ်ငန်းရှင်တဦး ဖြစ်ရန် လိုအပ်သောအရာများ
မေသင်းကြူသည် ဝါရင့် စီးပွားရေးသမားတဦး၏ ရဲရင့်မှုဖြင့် လုပ်ကိုင်နေပုံရသော်လည်း စီးပွားရေး လုပ်ငန်း အသက်မွေးဝမ်းကြောင်း စတင်ချိန်တွင် တဦးတည်း လုပ်ကိုင်ရခြင်းသည် တချို့သော ဆုံးဖြတ်ချက်များကို မှားယွင်း စေခဲ့ကြောင်းနှင့် ဒုတိယအတွေးသည် အထောက်အကူ ပြုနေတတ်ခဲ့ကြောင်း သူက ဝန်ခံသည်။ ယခုအခါတွင်မူ သူသည် သူ၏ အားကောင်းချက်များကို သိရှိလာပြီး ထိုအားကောင်းချက်များကို တပါးသူများ၏ အားကောင်းချက်များနှင့် ပေါင်းစပ်ကာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နေသည်။
“ကျမက အထောက်အကူပြု စနစ်တွေနဲ့ နောက်ပိုင်းက ရုံးလုပ်ငန်း အထောက်အကူတွေ ပေးပြီး ဝန်ဆောင်မှု စီမံခန့်ခွဲတဲ့အပိုင်းမှာ ကောင်းတယ်။ ကျမတို့ဆီမှာ ရောင်းတဲ့သူတွေက အရည်အသွေးမီ အစားအသောက် ရောင်းတဲ့နေရာမှာ ကောင်းတယ်။ ဒါကြောင့် ကျမတို့က တဦးရဲ့ အားကောင်းချက်ကို တဦးမှီခိုနေကြရတယ်” ဟု သူက ရှင်းပြသည်။
အောင်မြင်သော အိမ်ခြံမြေ လုပ်ငန်းကုမ္ပဏီတခုကို ပိုင်ဆိုင်သည့် မိသားစုမှ ဆင်းသက်လာပြီး ပြည်ပတွင် ပညာသင်ကြားခွင့် ရခြင်းကြောင့် သူသည် တခြားသော မြန်မာအမျိုးသမီး ငယ်များထက် ခေါင်းတလုံး သာနေသော်လည်း ရန်ကုန် အစားအသောက် လုပ်ငန်းအတွက် သူ၏ ရည်မှန်းချက်များနှင့် အားထုတ်မှု များသာမရှိလျှင် ယနေ့ သူရပ်တည်နေသော နေရာတွင် ရှိနေနိုင်မည်မဟုတ်ပါ။
အမျိုးသမီးတဦး ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းတွင် အဟန့်အတားဖြစ်၊ မဖြစ် မေးသောအခါ ထိုသို့ တခါမျှ မတွေးမိခဲ့ကြောင်း ဖြေသည်။
“ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ပြီး ဒါမှမဟုတ် ကျားမကွဲပြားမှုကြောင့် အကန့်အသတ်တွေ ချမထားတာ ပိုကောင်းတယ်။ အလုပ်ကိစ္စကိုပဲ အာရုံစိုက်ရမယ်။ ဒီလုပ်ငန်းအတွက် ကိုယ် ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လို အရည်အသွေးတွေနဲ့ လုပ်လို့ရမလဲ။ ကျားမကွဲပြားမှုကို အာရုံမစိုက်ဘဲ ဒါတွေကိုပဲ အာရုံစိုက်ရင် ဘယ်လုပ်ငန်း မှာမဆို ခရီးအများကြီး ရောက်နိုင်ပါတယ်” ဟုလည်း သူက ပြောသည်။
ငယ်စဉ်ကပင် ရည်မှန်ချက်ကြီးမား တက်ကြွသောကြောင့် မေသင်းကြူသည် အသက် ၂၁ နှစ်က သူ၏ ပထမဆုံး အပြည့်အ၀ မာရသွန်ပြေးပွဲတွင် ယှဉ်ပြိုင်ခဲ့ပြီး အမှတ်စဉ် ၁၇ နေရာမှ ပန်းဝင်ခဲ့သည်။ နောက် နှစ်နှစ် ကြာသော အခါ Food City ကို တည်ထောင်သည့် လုပ်ငန်းများကြားမှပင် ဒုတိယ အကြိမ် အပြည့်အ၀ မာရသွန်တွင် အမှတ်စဉ် ၁၅ နေရာမှ ပန်းဝင်နိုင်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ထက်ဝက် မာရသွန်းပွဲနှစ်ပွဲတွင် ပါဝင်ခဲ့သည်။
စီးပွားရေးလုပ်ငန်းကို ထူထောင်သော နှစ်များအတွင်း အားလပ်ချိန် မရှိသလောက် ဖြစ်နေသော်လည်း သူသည် အပြေးနှင့် လေ့ကျင့်ခန်းကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ကိုင်သောကြောင့် ကိုယ်ရောစိတ်ကိုပါ တက်ကြွစေပြီး ဝန်ထမ်းအများအပြား ရှိသော အဖွဲ့ကို အုပ်ချုပ်စီမံရန် လိုသည့် စွမ်းအင်နှင့် စိတ်အား ထက်သန်မှုကို ရရှိစေသည်။ သူသည် ယခုအခါ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် တတိယအကြိမ် အပြည့်အ၀ မာရသွန်ပြိုင်ပွဲအတွက် လေ့ကျင့်လျှက် ရှိနေသည်။
သူကိုယ်တိုင်နှင့် လုပ်ငန်းအတွက် အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် ရည်မှန်းချက်များ ချမှတ်ထားပြီး လမ်းတလျှောက်တွင် ရရှိသော အောင်မြင်မှုများ ကိုလည်း မှတ်တမ်းတင်ထားသည်။ အလုပ်ကို အားစိုက် လုပ်ကိုင်ပြီးနောက် နောက်သို့ အသာဆုတ်ပြီး ရန်ကုန်ပြင်ပ အခြားနေရာများသို့ ပိုမို သွားရောက် လည်ပတ်ရန်အတွက် တခြားသူများကို တာဝန်ခွဲပေးရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း သူ သဘောပေါက် လာသည်။
“အလုပ်နဲ့ဘ၀ အချိုးညီဖိ့ုလိုတယ်။ ပထမ နှစ်နှစ် သုံးနှစ်အတွင်းမှာ ဘယ်မှကို မရောက် သလောက်ပဲ။ အခုတော့ စပြီးခရီးသွားဖို့ အာရုံစိုက်တော့မယ်။ အပြည့်အ၀ လုပ်ကိုင်တော့မယ်။ ဒီနှစ်မှာ စိတ်အားထက်သန်မှု ပိုမိုရဖို့၊ အသစ်တွေသင်ယူဖို့ လတိုင်းလတိုင်း မရောက်ဘူးတဲ့ နေရာတွေကို ခရီးသွားဖို့ ရည်မှန်းထားတယ်” ဟု သူက ပြောသည်။
ရှေ့ဆက်မည့်ခြေလှမ်း
သာမန် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးထက် များစွာပိုမို အောင်မြင်ထားသော်လည်း မေသင်းကြူသည် ယခုရောက်ရှိနေသည့် နေရာတွင်သာ ရပ်တန့်နေမည် မဟုတ်ပေ။ သူသည် အစားအသောက် ဈေးရုံ လုပ်ငန်းများကို နေရာသစ်များတွင် တိုးချဲ့လုပ်ကိုင်ရန် စီမံကိန်းများဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက် ပြုစုပျိုးထောင်မည် ဖြစ်ပြီး သီးခြား စားသောက်ဆိုင်တွဲများ စတင် ကို လုပ်ကိုင်ရန်လည်း ကြံစည်နေသည်။
Kreate Food ၏ နောက်ထပ် အမှတ်တံဆိပ်ဖြစ်ဖြစ်သော မုန့် (Mont) ကို လာမည့်နှစ်ကုန်တွင် စတင်မည် ဖြစ်ပြီး အရည်အသွေးမီ ကျန်းမာရေးနှင့် ညီညွတ်သော မြန်မာအစားအသောက်များကို အသင့်စား အစားအသောက်အဖြစ် အချက်အခြာ နေရာတခုတွင် အထူးရောင်းချမည် ဖြစ်သည်။
“ကျမအတွက် အောင်မြင်မှုဆိုတာက နောက်မျိုးဆက်တွေကို လွှဲပြောင်းပေးနိုင် လောက်အောင် သက်တမ်းရှည်တဲ့ စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ပဲ။ စီးပွားရေးလုပ်ငန်းတခုကို လွှဲပြောင်း အမွေပေးနိုင်တယ် ဆိုရင် ဈေးကွက်မှာ သက်တန်းရှည်တဲ့ တန်ဖိုး တခုကို ပေါင်းထည့်လိုက်တာပါပဲ။ စီပွားရေးမှာ တစုံတခု အကျိုးပြုလိုက်တာ ပါပဲ” ဟု သူက ပြောသည်။
(The Young Entrepreneur Putting Myanmar’s Food Industry on the Fast Track ကို ဆီလျော်အောင် ဘာသာပြန်သည်။)