Women & Gender

SNLD အမတ်လောင်း ဒေါ်နန်းထွေးမှုံနှင့် အမေးအဖြေ

Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲ ၁၃ နေရာအတွက် တစ်နေရာဟာ မန္တလေးတိုင်းထဲက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဖြစ်ပါတယ်။ ပြည်နယ်/တိုင်းလွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော် လစ်လပ် ၁၂ နေရာနဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာတို့အတွက် နိုင်ငံရေးပါတီ ၂၄ ခု နဲ့ တသီးပုဂ္ဂလ စုစုပေါင်း ပါဝင်ယှဉ်ပြိုင်သူ ၆၉ ဦးရှိပါတယ်။ ဒီအထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းက ၇ ဦးသာ ရှိပါတယ်။

ရွေးကောက်ခံဝန်ကြီးအဖြစ် တိုင်းအစိုးရအဖွဲ့က ဝန်ကြီးနေရာတနေရာအတွက် ပါဝင်ယှဉ်ပြိုင်သူ ၅ ဦးရှိပြီး အဲဒဲအထဲမှာ အမျိုးသမီး တဦးပါကာ သူက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဒေါ်နန်းထွေးမှုံ ဖြစ်ပါတယ်။

အသက် ၅၃ နှစ် ရှိပြီဖြစ်တဲ့ ရှမ်းတိုင်းရင်းသူ ဒေါ်နန်းထွေးမှုံက မူဆယ်မြို့ကဖြစ်ပါတယ်။ သူက တရားလွှတ်တော် ရှေ့နေတဦးလည်း ဖြစ်ပြီး မြေယာမှုခင်းဆိုင်ရာ အမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အမှုတွေကို လက်ရှိအချိန်အထိ လိုက်ပါ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ ဒေါ်နန်းထွေးမှုံက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၅ က ဝင်ရောက်ယှဉ်ပြိုင်ဖူးပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

မန္တလေးတိုင်းမှာ ၂၀၁၅ ခုနှစ်က ရွေးကောက်ခံရတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဆုံးပါးသွားတဲ့အတွက် အစားထိုးဖို့ ရှမ်းတိုင်းရင်းသားတွေ မဲပေးကြရမှာ ဖြစ်ပါတယ်။ ဒီနေရာအတွက် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ ရှမ်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (SNDP) တို့ကလည်း အကြိတ်အနယ် ကြိုးစားနေတာ တွေ့ရတယ်လို့ ဒေါ်နန်းထွေးမှုံက ဆိုပါတယ်။ သူမ ပြိုင်ဘက် တဦးဖြစ်သူ SNDP ကိုယ်စားလှယ်လောင်းကတော့ ယခင် ၂၀၁၀ ခုနှစ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒု ဝန်ကြီးဟောင်း ဒေါက်တာစိုင်းကျော်အုန်း ဖြစ်ပါတယ်။

သူက SNLD ပါတီ စတင်တည်ထောင်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်ခဲ့ပြီး၊ ပါတီမှာ လက်ရှိ ဗဟိုအလုပ်အမှုဆောင်တဦး အဖြစ် တာဝန်ယူထားပါတယ်။ ရှမ်းစာပေ ယဉ်ကျေးမှု တိုးတက် သင်ကြားရေးမှာ စိတ်အားထက်သန်တဲ့ သူ့ကို ရွေးကောက်ပွဲစည်းရုံးရေးကာလ အတွေ့အကြုံများနဲ့ စိန်ခေါ်မှုတွေအကြောင်း ဆက်သွယ် မေးမြန်းထားသည်များမှ ကောက်နှုတ်တင်ပြလိုက်ပါတယ်။

မေး။ စည်းရုံးရေးကာလအတွင်း တခြား ပြည်သူ့လွှတ်တော်၊ ပြည်နယ်/တိုင်းလွှတ်တော်တို့လို နယ်မြေတခု၊ မြို့နယ်တခုတည်း မဟုတ်ဘဲ မန္တလေး တိုင်းတတိုင်းလုံးမှာ ပြန့်ကျဲနေတဲ့ ရှမ်းတိုင်းရင်းသားတွေကို စည်းရုံးရတာဆိုတော့ ဘယ်လိုစိန်ခေါ်မှုတွေ တွေ့ရလဲ။

ဖြေ။ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်မြေအရမ်းကျယ်တယ်။ ဥပမာ မြင်းခြံဆိုရင် (အဲဒီမှာ) တစုတစည်းတည်းနေတာ မဟုတ်ဘူး။ ရှိတာက ၂၂ ယောက်လောက်ပဲ ရှိတာ။ ဒါပေမယ့် တစုတစည်းတည်း မဟုတ်တဲ့အခါကျတော့ သွားပီး စည်းရုံးရအောင် အဲဒီ ကုန်ကျစရိတ်က အရမ်းများတယ်။ နောက် ရမည်းသင်း တို့ ဘာတို့လည်း တောက်လေ ျှာက်သွားနေဖို့ ကုန်ကျစရိတ်က အရမ်းများတယ်။ သူတို့ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က) သတ်မှတ်ထားတဲ့ (မဲဆွယ်စည်းရုံးရေးစရိတ်) သိန်းတစ်ရာက ဘယ်လိုမှ မလောက်နိုင်ဘူး။ တတိုင်းလုံး ပြေးရမယ်ဆိုရင် တကယ်ကို မလွယ်ဘူး။

မေး။ တရားဝင် စာရင်းအရဖြစ်တဲ့ ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ၄ သောင်းကျော်မှာရော ဆရာမ စည်းရုံးရေး လုပ်တဲ့ ကာလအတွင်း လူဘယ်လောက်လောက်နဲ့ ထိတွေ့ခွင့်ရခဲ့လဲ။

ဖြေ။ မန္တလေးတိုင်းထဲမှာ ၆ ခရိုင်ရှိတယ်။ အဲဒီ ၆ ခရိုင်မှာ ၂၈ မြို့နယ်ရှိတယ်။ ၃ မြို့နယ်က ရှမ်း မရှိဘူးဆိုတော့ ၂၅ မြို့နယ်ပေါ့နော်။ အဲဒီထဲမှာ ၄ မြို့နယ်ကိုတော့ လုံး၀ မသွားဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းတွေက အဲ့နေရာတွေမှာ သိပ်မရှိဘူး။ ကျောက်ဆည်တို့ မြင်းခြံတို့ ရှမ်းတွေက ရှိတော့ရှိတယ်။ သိပ်မရှိဘူး။ အခု ရှမ်းများနေတာက မန္တလေးခရိုင်နဲ့ ပြင်ဦးလွင်ခရိုင် ၁၂ မြို့နယ်ထဲမှာ များတယ်။ အများဆုံးကတော့ မိုးကုတ်နဲ့ ပြင်ဦးလွင် ကို သွားခဲ့တယ်။ မန္တလေးကိုတော့ ဝင်နိုင်သလောက် ကြိုးစားပြီး ဝင်ခဲ့တယ်။ ဒါပေမယ့် တချို့ နေရာတွေဆိုရင် မဝင်နိုင်ဘူး။ တအားကျယ်တယ်။ ပြီးတော့ ရှမ်းလူမျိုးတွေဘယ်မှာ ရှိလို့ ရှိမှန်းလည်း ကိုယ်တွေက အတိအကျ မသိဘူး။ နောက် တခြားလူတွေပါ အားလုံး (မဲ) ထည့်ရတာမဟုတ်ဘဲ ရှမ်းပဲဆိုတော့ ရှမ်းလူမျိုးတွေအိမ်ကို မသိတော့ door-to-door (တအိမ်ဝင်တအိမ်ထွက်) သွားရတယ်။ door-to-door သွားနိုင်သလောက် ကြိုးစားပြီး သွားခဲ့တယ်။ တော်တော်များများတော့ သွားနိုင်တယ်။

မေး။ ရှမ်းလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးဖို့ကို ရှမ်းတိုင်းရင်းသားတွေက စိတ်အားထက်သန်မှု ဘယ်လိုတွေ့ရလဲ။ စည်းရုံးရေးသွားရင်းက လိုအပ်ချက်တွေ ဘာတွေတွေ့ရလဲ။

ဖြေ။ ကျမ စပြီး ဒီနေရာကို ဝင်ယှဉ်ပြိုင်မယ် လုပ်ကတည်းက မဲစာရင်းကို စကူးတယ်။ မဲစာရင်းကို ကူးလိုက်တဲ့ အချိန်မှာ မဲစာရင်းမှာ ကျမတို့ ရှမ်းနာမည်မဟုတ်ဘဲနဲ့ တခြားနာမည်တွေ အများကြီး ဖြစ်နေတာ။ ဥပမာ တရုပ်နာမည်တွေ ကုလားနာမည်တွေ ဗမာနာမည်တွေ အများကြီးပဲ ဆိုတော့ အဲဒီမှာ ကျမ တော်တော် စိတ်ပူသွားပါတယ်။ ဘယ်လိုလုပ်ရမလဲပေါ့။ ဒါကလည်း ကျမတို့ ကိုယ်စားလှယ်လောင်းတွေက အဲဒီဟာကို သွားပြီး ကန့်ကွက်ဖို့ကလည်း မဖြစ်နိုင်ဘူး။ သူတို့ဥပဒေအရ ရေးထားတာ အဲဒီ မဲဆန္ဒနယ်က လူတွေပဲ ကန့်ကွက်ရမယ်ဆိုတာမျိုး ဥပဒေ မှာရှိတယ်။ ပြည်သူလူထုက ဘယ်လောက်နားလည်လဲဆိုတဲ့အခါကျတော့ ပြည်သူလူထုက အဲဒါကို နားမလည်ဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကြေငြာပါတယ်။ သြဂုတ်လ ၇ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိကို မဲစာရင်းတွေ ကပ်ပါမယ်။ သူတို့ဘက်ကလည်း အမှားဖြစ်နိုင်တယ်။ မဲစာရင်း မှန်ကန်ဖို့အတွက် ပြည်သူလူထုတွေ လာပြီး ကြည့်ကြပါ။ အဲလို လာကြည့်တဲ့အခါ အသက် ၁၈ နှစ်ပြည့်ပြီး ရှမ်းတိုင်းရင်းသား ဖြစ်ပေမယ့် မဲစာရင်းမှာ မပါသေးရင် ပုံစံ ၃ (က) နဲ့ လေ ျှာက်ကြပါ။ ၁၈ နှစ်ပြည့်ပြီဆို မဲထည့်လို့ရပီ။ တကယ်လို့ မပါသင့်တဲ့လူများ ပါနေတယ်ဆိုရင်လည်း ပုံစံ ၄ နဲ့ကန့်ကွက်ကြပါ။ မဲစာရင်းမှာ မှတ်ပုံတင်တွေ နာမည်တွေ မှားနေတယ်ဆိုလို့ရှိရင်လည်း ပုံစံ ၄ (ဂ) နဲ့ ပြင်ကြပါဆိုတာ တောက်လျှောက် UEC က ကြေငြာပါတယ်။ ဒါပေမယ့် ကြေငြာပေမယ့်လည်း ပြည်သူလူထုက အဲဒါကို မသိဘူး။ မသိဘူးဆိုတာ သူတို့ နားကို မလည်တာ။ ဘာလုပ်ရမယ်ဆိုတာ မသိတော့ တောက်လျှောက် ကျမကလည်း ခုနက ပြောသလို ကိုယ့်တိုင်းရင်းသားတွေကို ဒီလိုလုပ်ရမယ် သွားကြည့်ကြလို့ ဘယ်လောက်ပြောပြော သူတို့ မသိဘူး။ အဲဒီတုန်းက စည်းရုံးရေးကာလ မဟုတ်သေးတော့ ကျမတို့ စည်းရုံးရေးဝင်လို့မရသေးဘူး။

စက်တင်ဘာ ၃ ရက်ကျမှပဲ ကျမတို့က စည်းရုံးရေးကာလ သတ်မှတ်လိုက်တဲ့အချိန် စည်းရုံးရေးသွားနေချိန်မှာပဲ အဲဒီဟာကို တောက်လျှောက် ပြည်သူတွေကို ရှင်းပြတယ်။ မဲစာရင်းမှာ သွားကြည့်ကြပါ။ အဲလို သွားကြည့်တဲ့ အခါ ပြောထားတဲ့အတိုင်း မပါသေးရင် ပုံစံ ၃ နဲ့ လျှောက်ပါ။ မပါသင့်တဲ့လူ ပါနေတယ်ဆိုရင် ပုံစံ ၄ နဲ့လျှောက်ပါ ဆိုပီး အဲလို ပညာပေးခဲ့ပါတယ်။

အဲဒါတောင်မှ သူတို့က ဘယ်နားသွားလုပ်ရမလဲ။ ဘယ်နားသွားလျှောက်ရမလဲဆိုတာကို မသိဘူး။ အဲလိုမသိတော့ ဒီလိုဆို ကျမတို့ ကူညီမယ်ဆိုပီး ကျမတို့ လမ်းညွှန်တယ်။ ရပ်ကျေးကော်မရှင်ဆီ သွားပါဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ ကျမတို့ တိုင်းရင်းသားတွေက မန္တလေးမှာ နေတဲ့လူကလည်း စီးပွားရေး လုပ်နေရတဲ့အခါကျတော့ အချိန်ပြည့် အိမ်မှာ မရှိဘူးလေ။ အိမ်မှာမရှိလို့ သူများ (မဲစာရင်း) ကပ်တဲ့အချိန်မှာ သွားမကြည့်ခဲ့ဘူး။ အခုကျမှ မဲစာရင်းမှာ သူတို့ မပါဘူးဆိုတာတွေလည်း အသံကြားနေရတယ်။ မဲစာရင်းကို ကြည့်ပြန်တော့လည်း အခုဆိုရင် မဲစာရင်း ထပ်နေတယ်။ တယောက်ကို ၂ ခါ – ၃ ခါ အဲလိုမျိုး ပါနေတာလည်း တွေ့နေတယ်။ ပြင်ကြပါ ပြောခဲ့တုန်းက ပြည်သူလူထုက နားမလည်တော့ ဘယ်နားသွား ပြင်ရမလဲ မသိကြဘူး။ ဘာလုပ်ရမှန်းမသိဘူး။ ကျမတို့ စည်းရံုံးရေးဆင်းနေတဲ့လူတွေဆီ သူတို့ကို ပြောနိုင်ခဲ့ ပညာပေးနိုင်ခဲ့တယ်။ အဲဒီလိုလူတွေကတော့ သွားပြင်နိုင်ကြတယ်။ ကျမတို့ မသွားနိုင်တဲ့ လူတွေဆို လုံး၀ ကျန်ခဲ့ပြီး။ သူတို့သတ်မှတ်ထားတာကလည်း ၁၄ ရက်ပဲဆိုတော့ အဲဒီ ၁၄ ရက်အတွင်း သွားပြင်ကြတာလည်း ရှိတယ်။ အဲ့ဒီရက်တွေ ကျော်သွားတဲ့အခါကျတော့ ကျမတို့လည်း ဘာမှမတတ်နိုင်တော့ဘူး။

မေး။ မန္တလေးတိုင်းမှာ ၂၀၁၅ တုန်းက ရွေးကောက်ခံခဲ့ရတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက ကွယ်လွန်သွားတယ်။ ခု မန္တလေးတိုင်းမှာ ရှမ်းတိုင်းရင်းသားတွေ အရေး ဘာတွေ လိုအပ်ချက်ရှိလဲ။ ဘာတွေလုပ်ပေးနိုင်မှာလဲ။

ဖြေ။ အခုလောလောဆယ်တော့ စည်းရုံးရေး သွားနေတဲ့ကာလတွေမှာ ရှမ်းတွေ ဖြစ်နေရက်နဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေမှာ ဗမာ ဖြစ်နေပြီးတော့ မဲစာရင်းတွေမှာ မပါဘူးဆိုတာ တွေ့နေရတယ်။ သူတို့မှာ ရှမ်းတိုင်းရင်းသားဖြစ်ရက်နဲ့ ကိုယ့်ကိုယ်ကို (ရှမ်းကိုယ်စားလှယ်ကို မဲပေးခွင့်) အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ သူတို့လည်း ရှမ်းဖြစ်ချင်တယ်။ ဒါတွေလည်း ကျမ ပြင်စရာတွေ အများကြီးရှိတယ်။ လုပ်ရမယ့်ကာလကလည်း ၂ နှစ် ဆိုတော့ ဘယ်လောက် လုပ်နိုင်မယ်ဆိုတာတော့ ကျမလည်း မပြောနိုင်ဘူး။ အဲဒါကိုတော့ လုပ်ပေးချင်တယ်။

အခု မန္တလေးတိုင်းမှာ အထူးသဖြင့် ပြင်ဦးလွင်နဲ့ မိုးကုတ်ပေါ့နော်။ ကျမ သွားနေတာ။ သူတို့ခမျာ ရှမ်းတွေ ဖြစ်ရက်နဲ့ ရှမ်းစကားတွေ မတတ်ဘူး။ ရှမ်းစကား မတတ်တဲ့အခါကျတော့ သူတို့မှာ မျက်နှာငယ်ပီး ရှမ်းတောထဲ မဝင်ရဲတဲ့ အနေအထား ဖြစ်နေတယ်။ သူတို့ကို သူတို့လည်း ရှမ်း ဖြစ်ချင်တယ်။ ကျမတို့က သူတို့ိရှမ်းပြန်ဖြစ်အောင် ရှမ်းစာပေ စကားတွေ သင်ရတာမျိုး လုပ်ရမှာပေါ့။ ရှမ်းစာပြန်ပြီး သင်နိုင်အောင် ဘယ်လိုလုပ်ပေးမလဲပေါ့။ စာသင်ကျောင်းမှာလည်း ကျောင်းချိန်ပြင်ပ ဖြစ်နေတယ်။ ဘယ်လိုလုပ်မလဲပေါ့။ အဲဒါကိုလည်း ဘယ်လိုလုပ်ပေးရမလဲဆိုတာ ကျမ ခေါင်းထဲမှာ ရှိပါတယ်။

မေး။ လက်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကိုရော ဘယ်လောက်အထိ လေ့လာထားလဲ။ အဲဒီအထဲမှာ ဘယ်လိုအချက်တွေက ကောင်းနေလဲ။ ဘယ်လိုဟာတွေက ပြင်သင့်တယ်လို့ ယူဆလဲ။

ဖြေ။ တိုင်းရင်းသားရေးရာဝန်ကြီးတဦးသည် သက်ဆိုင်ရာတိုင်းရင်းသားရေးရာကိစ္စများကို ဆောင်ရွက်ရမည်လို့ ဖော်ပြထားတယ်။ ဥပမာ ကချင်ဆိုလည်း ကချင်ရေးရာ ဆောင်ရွက်ရမယ်။ အခု ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာ ဖြစ်တော့ ရှမ်းနဲ့ပတ်သက်တာ ဆောင်ရွက်ရမယ့်သဘော ကျမ နားလည်ထားတယ်။ ရေးရာကိစ္စဆိုတာ အများကြီး ရှိပါတယ်။ အဲဒီအများကြီးထဲမှာ တကယ်လို့ (ဒီကြားဖြတ်ရွေးကောက်ပွဲမှာ) နိုင်ခဲ့တယ်ဆိုရင် ၂ နှစ်တာ ကာလအတွင်းမှာ ကျမ တတ်အားသမျှ လုပ်နိုင်သမျှတော့ လုပ်ပေးဖို့ စိတ်ထဲမှာ စီစဉ်ထားပါတယ်။

မေး။ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ဘက်အမျိုးသားတွေနဲ့ချည်း ယှဉ်ပြိုင်ရတော့ အမျိုးသမီးတဦးအနေနဲ့ ဘာတွေ ကြုံရလဲ။ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်လိုခံယူထားလဲ။

ဖြေ။ စည်းရုံးရေးမှာတော့ (တဖက်နဲ့တဖက် တိုက်ခိုက်တာ) ပြောကြဆိုကြတာ ရှိတယ်။ ကျမတို့ကတော့ တခြားပါတီ တခြား ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် စကားလုံးမျိုး မသုံးပါဘူး။ ဒါပေမယ့် သူများ သုံးခဲ့မယ်ဆိုရင် လည်း ကျမတို့က သဘောထားကြီးကြီးနဲ့ပဲ နေနေပါတယ်။

မေး။ အမျိုးသမီးတဦးဖြစ်လို့ စည်းရုံးရေးသွားတဲ့အခါ အမျိုးသားများနဲ့ယှဉ်ရင် လုံခြုံရေးအရဖြစ်စေ တခြားအကြောင်းကြောင့်ဖြစ်စေ မလုံခြုံမှုရှိတတ်တယ်ဆိုတဲ့ အတွေးတွေ ရှိတယ်။ ဆရာမ အနေနဲ့ရော အဲလို စိန်ခေါ်မှု ကြုံရလား။

ဖြေ။ အဲဒါတော့ မရှိပါဘူး။ ကျမတို့ အဖွဲ့က ပါတီဝင်တွေနဲ့ပဲ အတူတူသွားလာနေတာ ဒီလိုကိစ္စမျိုးတွေ မရှိပါဘူး။

မေး။ ရွေးကောက်ပွဲ အတွေ့အကြုံလည်း အတော်လေးရှိသလို ရှေ့နေတဦးအဖြစ်ရော နိုင်ငံရေးသမားတဦး အဖြစ်ပါ နှစ်ပေါင်း ၃၀ လောက် လှုပ်ရှားနေတော့ ဒီကြားဖြတ်မှာရော နိုင်ဖို့ ဘယ်လောက် မျှော်လင့်ထားလဲ။

ဖြေ။ ရှမ်းတိုင်းရင်းသားတွေပဲ ထည့်ရမယ့် မဲဖြစ်နေတဲ့အခါကျတော့ ကျမတို့ ပြင်ဦးလွင် မိုးကုတ်နဲ့တင် ကျမတို့ တော်တော်များများ စည်းရုံးခဲ့ပြီးပါပြီ။ အခုလောလောဆယ်တော့ (နိုင်မယ် မနိုင်ဘူး) မပြောရဲပါဘူး။ (ထောက်ခံမှု) ၅၀ ရာခိုင်နှုန်း အထက်မှာတော့ ရှိနိုင်ပါတယ်။

မေး။ SNLD က ကိုယ်စားလှယ်ဆိုရင် အမျိုးသမီးက တယောက်ပဲနော်။ အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ ဦးဆောင်တဲ့နေရာက ပါဝင်ရင် အမျိုးသားတွေထက် စိန်ခေါ်မှု ပိုကြုံရတယ်။ ရာခိုင်နှုန်း အတော်နည်းပေမယ့် အမျိုးသမီးတွေက ပါနေကြတယ်။ ဘယ်လိုအတွေးတွေကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဖို့ ဆုံးဖြတ်ကြတယ်လို့ ယူဆလဲ။

ဖြေ။ ကျမရဲ့ အတွေ့အကြုံအရဆိုရင် အခုကမ္ဘာမှာရော မြန်မာနိုင်ငံထဲမှာရော ကျမတို့ ရှမ်းတိုင်းရင်းသားထဲမှာ ရော အမျိုးသမီးဦးရေက အရမ်းများပါတယ်။ အမျိုးသားလူဦးရေက နည်းနေတယ်။ နောက်တခုက စီးပွားရေးအရ ဆိုလည်း ကျမတို့ အမျိုးသမီးတွေ ထိပ်တန်းကရောက်ပြီး ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိပါတယ်။ နိုင်ငံရေးမှာလည်း ကျမဆိုရင် ငယ်ငယ်လေးကတည်းက စိတ်ဝင်စားပါတယ်။ ဒီနိုင်ငံရေးကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ အိမ်ထောင်မှာလည်း အိမ်ထောင်ဦးစီးနေတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ အောင်မြင်တဲ့အမျိုုးသမီးတွေလည်း အများကြီးရှိတယ်။

ကျမတို့ အမျိုးသမီးတွေက ဖြတ်ထိုးဉာဏ်ကောင်းပါတယ်။ အမျိုးသမီးတွေရဲ့ အတွေးအခေါ်နဲ့ အမျိုးသားတွေရဲ့ အတွေးအခေါ်က မတူပါဘူး။ ဒီလို မတူတဲ့ ဆန့်ကျင်ဘက် နှစ်ခုကို ပေါင်းပြီး သွားမယ်ဆိုရင် ဒါတိုင်းပြည်က ပိုပြီးတော့ အောင်မြင်နိုင်တယ်။ အိမ်ထောင်တခုဆိုရင်လည်း ယောက်ျားပဲ စီးပွားရှာပီး မိန်းမထိုင်နေတယ်ဆိုရင် အဲဒီအိမ်ထောင်စုက ပြေလည်တာ ရှားတယ်။ နည်းတယ်။ တကယ်လို့ အားလုံး ယောက်ျားရော မိန်းမရောပေါင်းပီး စီးပွားရှာတဲ့ မိသားစုက ပိုပြီး အဆင်ပြေပါတယ်။

မေး။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံရရင် စာပေ ယဉ်ကျေးမှု တိုးတက်ရေးတွေ ပိုပြီး ဦးစားပေးလုပ်မယ် ပြောသွားတယ်။ ရှမ်းတိုင်းရင်းသားတွေအတွက် တခြား စိန်ခေါ်မှုတွေရော ဘာတွေရှိလဲ။

ဖြေ။ အခုလောလောဆယ်တော့ ဒီဟာကို လုပ်မယ်။ တခြားစိန်ခေါ်မှုတွေလည်း ရှိတယ်။ ကျမ ဖြစ်ချင်တာက သူတို့ရဲ့ အသိပညာပွင့်လင်းလာမယ်။ လူ့အသိုင်းအဝိုင်းမှာ မျက်နှာချင်းဆိုင်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ အခု ကျမတို့ ရှမ်းတိုင်းရင်းသားတွေက တော်တော်များများ ရုံးဆို မသွားရဲဘူး။ နေရာတကာ သွားဖို့ အမြဲ နောက်ဆုတ်နေတယ်။ ဒီ စိတ်ဓါတ်လေးတွေကို ကျမ ပြန်ပြီး ပြင်ပေးချင်ပါတယ်။ သူတို့ အသိဉာဏ်၊ ရှမ်းစာပေ အသိတွေ ရပီဆိုရင် သူများနဲ့ ရင်ဘောင်တန်းလာနိုင်အောင် အများကြီး ပေးရဦးမှာပါ။ အဲလိုဆို သူတို့ ဘဝရပ်တည်ရေးဟာလည်း ပိုပြီး အေးချမ်းလာမယ်လို့ ကျမ ယုံကြည်တယ်။

မေး။ ဒီနှစ်မှ ၁၈ နှစ်ပြည့်မယ့်လူငယ်တွေ မဲဆန္ဒရှင်တွေကို ဆရာမ ပေးချင်တဲ့ ပြောချင်တဲ့ စကားလက်ဆောင်က ဘာဖြစ်မလဲ။

ဖြေ။ လူငယ်ဆိုတာ နောင် အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ နိုင်ငံရေးမှာ ပါလာကြပါလို့ ပြောချင်ပါတယ်။ လူငယ်တွေ လက်ဖက်ရည်ဆိုင် ထိုင်နေမယ့်အစား တိုင်းပြည်ရဲ့ အကျိုးကို သာပြီး ဆောင်ရွက်ကြပါလို့။ ဒါ့အပြင် မန္တလေးတိုင်းမှာ ရှိတဲ့ ရှမ်းတိုင်းရင်းသားတွေအားလုံး နိုဝင်ဘာ ၃ ရက်မှာ မဲသွားထည့်ကြဖို့ မမေ့ကြပါနဲ့လို့လည်း ပြောချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading