ကျူထရံကာ ခြေတံရှည်အိမ်တလုံးအောက်က ကွပ်ပျစ်လေးပေါ်မှာ ဆံပင်အုံ့လုံးသိမ်းထုံးထားပြီး ခပ်နွမ်း နွမ်းအိမ်နေအင်္ကျီဝတ်ထားတဲ့ အမျိုးသမီးကြီးတဦးဟာ ကွမ်းသီးခြင်းတွေနဲ့ ကွမ်းသီးပုံတွေကြားထဲမှာ ထိုင်နေပါတယ်။
ဒီအတိုင်းကြည့်ရင်တော့ သူဟာ ဘာမှမထူးခြားတဲ့ သာမန်အမျိုးသမီးတဦးပါ။
ဒါပေမယ့် ထိုင်နေရာကနေ တခြားတနေရာကို ရွေ့တော့မယ်ဆိုရင်တော့ သူရဲ့သာမန်မဟုတ်တဲ့ အနေအထားကို မြင်သူတိုင်းက ချက်ချင်းသတိပြုမိသွားမှာပါ။ သူဟာ ခြေနှစ်ဖက်စလုံး ပေါင်လယ်ကနေ ပြတ်နေတဲ့အတွက် လက်ကိုအသုံးပြုပြီး တင်ပါးကိုတွန်းလျက်သာ ရွှေ့လျားသွားလာနိုင်သူဖြစ်ပါတယ်။
ဒီလိုကိုယ်လက်အင်္ဂါချို့ယွင်းမှုဟာ သူ့ဘဝမှာ မွေးရာပါ မဟုတ်သလို ရိုးရိုးမတော်တဆမှုကြောင့်လည်း မဟုတ်ခဲ့ပါဘူး။
“သြော်…ကိုယ့်ကံတရားပဲပေါ့၊ မဟုတ်ဘူးလား၊ ဟိုဘဝက မကောင်းတာ ဖြစ်ခဲ့လို့နေမှာပေါ့”လို့ ကွမ်းသီး ခြစ်ရင်း ခပ်သဲ့သဲ့ရယ်သံနဲ့ ပြောပါတယ်။
သူဟာ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်စန်းဖြစ်ပြီး လွန်ခဲ့တဲ့အနှစ် ၄၀ တုန်းက ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ မြန်မာ့တပ်မတော်တို့ကြား အပြန်အလှန်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို တက်နင်းမိ ခဲ့လို့ ခြေနှစ်ဖက်လုံးပြတ်ခဲ့သူပါ။
ဘယ်သူ့မိုင်းကို နင်းမိတာလဲဆိုတာတော့ အခုချိန်ထိ သူအပါအဝင် ဘယ်သူကမှ သေချာမသိကြပါဘူး။
တကယ်တော့ အပြင်လူ တစိမ်းတယောက်ကို ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အခုလိုပေါ့ပေါ့ပါးပါး ပြန် ပြောပြနိုင်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ သူ ခွန်အားယူခဲ့ရပါတယ်။
၁၉၈၁ ခုနှစ်ဝန်းကျင်ကာလ မိုင်းထိခဲ့တဲ့အချိန်မှာ သူ က ၁၃ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး တဦးပါ။ သူ့ရဲ့အဒေါ်၊ သူ့ရဲ့သူငယ်ချင်းတဦးတို့နဲ့အတူ ကွမ်းသီးနဲ့ ဆန်လဲလှယ်ဖို့အတွက် ရွာအပြင် ကွင်း(မုန်းချောင်းရဲ့အနောက်ဘက်ခြမ်းကျေးရွာ) ထဲကိုအသွား၊ လမ်းခုလပ်မှာ မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။
သူ မိုင်းထိပြီးနောက်ပိုင်း ဘဝအတွက် အဓိကအရေးပါတဲ့သူကတော့ သူ့ရဲ့အမေ ဒေါ်ညွှန့်ရီပဲဖြစ်ပါ တယ်။ မိခင်ဒေါ်ညွှန့်ရီဟာ အကြပ်အတည်းပေါင်းစုံကြား သေဘေးထဲက သူ့ဘဝကို ဆွဲထုတ်ပြီး ဒုတိယ အကြိမ်မြောက် ပြန်လည်မွေးထုတ်ပေးခဲ့တဲ့မိခင်ဖြစ်ပါတယ်။
“စဖြစ်တုန်းကဆို အဲဒီမိုင်းထောင်တဲ့သူကို အစိမ်းလိုက်တောင် ဝါးစားချင်တယ်။ ကိုယ့်ဆီမှာ လက်နက်မရှိ လို့။ လက်နက်သာရှိပြီး ဘယ်သူထောင်သလဲဆိုတာ သိခဲ့ရင် အဲဒီမိုင်းထောင်တဲ့သူကို ပစ်သတ်မိမှာလား မသိဘူး” လို့ ဒေါ်ခင်စန်းက ပြောပြတယ်။
အသက် ၇၀ ကျော်အရွယ် ပိန်ပိန်သေးသေး ဒေါ်ညွှန့်ရီဟာ သမီးမခင်စန်း မြေမြုပ်မိုင်းထိချိန်က ခံစားခဲ့ရ တာတွေကို ပြန်ပြောပြနေတာပါ။
မာန်ပါတဲ့သူ့စကားသံတွေ၊ စူးရှတဲ့မျက်လုံးတွေနဲ့ သူ့ရဲ့မှတ်ဉာဏ်တွေဟာ လွန်ခဲ့တဲ့အနှစ် ၄၀ က အကြောင်းကို ပြန်ပြောပြနေတာထက် မနေ့တနေ့က ဖြစ်ရပ်ကို ပြန်ပြောပြနေသလို နိုးကြားလွန်းနေပါ တယ်။
ဒေါ်ခင်စန်းနေထိုင်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသဟာ KNU တပ်မဟာ (၃) နယ်မြေဖြစ်ပါ တယ်။ ၂၀၁၁ ခုနှစ်လောက်အထိ အဲဒီဒေသမှာရှိတဲ့ ကျေးရွာအုပ်စုတွေအားလုံးဟာ အစိုးရစစ်တပ်နဲ့ KNU ကြား တိုက်ပွဲဖြစ်ပွားရာ စစ်တလင်းဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်နှောင်းပိုင်းအထိ အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။
”ကားပေါ်ရောက်တော့ သြော်.. ငါ့သမီးလေး အသက်ရှင်ပါစေ၊ ခြေထောက်မရှိရင်နေပါစေ၊ အသက် ကလေးတော့ ချမ်းသာပေးပါဆိုပြီး ကလေးလိုပဲ ပါးစပ်က တတွတ်တွတ် ရွတ်ပြီးသွားတာ” ဆိုပြီး ဒေါ်ညွန့် ရီက သမီးကို ဆေးရုံပို့ခဲ့တဲ့အချိန်က အတွေ့အကြုံကို ဆုတောင်းတဲ့အသံနေအသံထား၊ အမူအရာတွေနဲ့ ပြန်ပြောပြပါတယ်။
ဖြူးမြို့ဆေးရုံရောက်တော့လည်း သမီးကိုသယ်လာတဲ့ထမ်းစင်ကို ခပ်ကြမ်းကြမ်းချလိုက်တဲ့အတွက် ညင်ညင်သာသာလုပ်ပေးဖို့ တောင်းဆိုမိလို့ ဆရာဝန်က စိတ်ဆိုးပြီး ချက်ချင်းမကြည့်ပေးပဲ ထားခဲ့ပါသေးတယ်။ ဒါပေမယ့် ဆေးရုံမှာတွေ့တဲ့အမျိုးသမီးကြီးတဦးကို အကူအညီတောင်းပြီး ပြန်တောင်းပန်မှ ဆရာဝန်က ပြန်လာပြီး ကြည့်ပေးခဲ့လို့ ဆေးကုခဲ့ရပါတယ်။
မြေမြှုပ်မိုင်းကြောင့် ခြေနှစ်ဖက်စလုံးဖြတ်လိုက်ရတဲ့ဒေါ်ခင်စန်းဟာ ဆေးရုံမှာ ၈ လကြာ ကုသခဲ့ပေမယ့် ဒဏ်ရာတွေက မသက်သာလို့ နေ့နေ့ညည မအိပ်နိုင်ပဲ နေ့စဉ်ရက်ဆက် ငိုကြွေးနေခဲ့ရပါတယ်။ အဲဒီအချိန် က လက်နက်ကိုင်အဖွဲ့ နှစ်ဖက်လုံးကို လူတွေကြောက်နေရပေမယ့် သမီးဝေဒနာတွေသက်သာရေးအတွက် နီးစပ်ရာ စစ်တပ်ကဆေးတွေရရှိဖို့ မိခင်ဒေါ်ညွှန့်ရီက ရအောင်ကြိုးစားခဲ့ပါတယ်။
“အငယ်ဆုံးကလေးကို ချီပြီးတော့ စစ်တပ်ရှိတဲ့နေရာ၊ ဘယ်နေရာမဆို သွားတာပဲ။ ဗိုလ်မှူးရယ် ကျမသမီး လေး မိုင်းထိထားတာ တအားငိုလို့ ကိုက်နေလို့ ဆေးလေးလာတောင်းတာပါဆိုပြီး စစ်တပ်တွေ ရောက်လာတိုင်း ရောက်အောင်သွားတာပဲ” ဆိုပြီး အကူအညီတောင်းခဲ့ရပုံကို မိခင်ဖြစ်သူက ပြောပြပါတယ်။
အဲဒီဆေးတွေရဲ့အကူအညီနဲ့ ဒေါ်ခင်စန်းရဲ့ ခြေထောက်ဖြတ်ထားတဲ့ဒဏ်ရာတွေကို သက်သာအောင် ကုသ နိုင်ခဲ့ပေမယ့် သမီးဖြစ်သူကတော့ တသက်လုံးခြေနှစ်ဖက်ပြတ်ထားတဲ့ ဒုက္ခိတဘဝကိုရောက်ခဲ့ရပါတယ်။
တိုက်ပွဲတွေကြောင့် သေနတ်သံတွေနဲ့ မိုင်းသံတွေကြား ပုန်းအောင်းပြေးလွှားရင်း မုန်းဒေသခံ ရွာသူရွာ သားတွေဟာ တောတောင်နဲ့ ကွမ်းသီးဥယျာဉ်ခြံတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်ခဲ့ကြရပြီး ဒီအထဲမှာ ဒေါ်ခင်စန်းလို မြေမြုပ်မိုင်းနင်းမိကြသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
၁၉၈၀ ခုနှစ်နောက်ပိုင်းကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကာလအထိ မြေမြှုပ်မိုင်းကြောင့် ခြေပြတ်လက်ပြတ်ခဲ့သူ ပေါင်း ၄၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေကတော့ စစ်တမ်းမရှိတဲ့အတွက် အတိအကျမသိရဘူးလို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မုန်းဒေသ) က ဘဏ္ဍာရေးမှူးတာဝန်ယူထားသူ မစန်းစန်းအေး က ပြောပါတယ်။
ဒေါ်ခင်စန်းကတော့ ၁၉၈၀ ခုနှစ်ကာလတွေမှာ ခြေနှစ်ဖက်လုံးပြတ်ခဲ့တဲ့ ပထမဆုံး မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရ သူ ဖြစ်ပါတယ်။
ခြေထောက်နှစ်ဖက်စလုံး ပြတ်ခဲ့ရပြီး ဒဏ်ရာတွေကို ကုသနိုင်ခဲ့ပေမယ့် ဒေါ်ခင်စန်းတို့ မိသားစု နောက် ထပ် ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ နေ့စ္စဓူ၀ ဝမ်းရေးပဲ ဖြစ်ပါတယ်။
သူ့ကို ကုသဖို့အတွက် ရှိစုမဲ့စု ပိုင်ဆိုင်ထားတဲ့ နွားတွေနဲ့ လှည်းတွေကို ရရာဈေးနဲ့ ရောင်းချလိုက်ရသလို တိုက်ပွဲနဲ့မိုင်းတွေကိုရှောင်ပြီး အလုပ်လုပ်ကိုင်ရတဲ့အတွက် မိသားစု ၇ ယောက် ထမင်းတနပ်စာ မှန်ဖို့ တောင် သူတို့မိသားစုခက်ခဲခဲ့ပါတယ်။
ဈေးဆိုင်တွေမှာ ဆန်အကြွေးဝယ်ဖို့သွားခဲ့ပေမယ့် ဘာပိုင်ဆိုင်မှုမှမရှိ၊ အပေါင်ထားစရာမရှိလို့ အကြွေး မရောင်းကြတဲ့အတွက် လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတဲ့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ပါတယ်။ ကွမ်းသီး ကောက်လို့ရမှပဲ ဆိုင်ပြန်သွားပြီး ကွမ်းသီးအလုံးရေတန်ဖိုးအလိုက် ရသလောက် ဆန်၊ ငရုတ်သီး၊ ဆား စတာတွေကို လဲလှယ်ပြီး ဖြစ်သလိုသာ စားသောက်ခဲ့ရပါတယ်။
“အဖိုးကြီး (သူ့ခင်ပွန်း) က ဘယ်လိုပြောလဲဆိုရင် ဆန်ပြုတ်ပဲ ပြုတ်ပါဟယ်တဲ့။ အဲဒါဆိုရင် သူများဆီမှာ လည်း မရှာရတော့ဘူးပေါ့တဲ့။ အဲဒီဆန် ၃ ပြည်ဆို အကြာကြီးစားရတယ်တဲ့။ ဆန်ပြုတ်ကျတော့လည်း ကလေးတွေက မစားနိုင်ဘူးလေ”လို့ မိခင်ဖြစ်သူ ဒေါ်ညွှန့်ရီက ပြောပြပါတယ်။
မိုင်းပေါက်သံတွေကြားပြီဆိုတာနဲ့ တောတောင်ထဲသွားပြီး ဝမ်းရေးအတွက် ဝင်ငွေရှာနေတဲ့ ဖခင်နဲ့ တခြား သားသမီးတွေ ဘေးလွှတ်ရေး ဆုတောင်းရတာကလည်း အိမ်မှာကျန်ခဲ့တဲ့ ဒေါ်ခင်စန်းနဲ့ သူမမိခင်ရဲ့ ပုံမှန် ရင်ဆိုင်ရတဲ့ သောကတွေပဲဖြစ်ပါတယ်။
မိုင်းထိပြီး ၂ နှစ်ကျော်ကာလရောက်လာတော့ ဒေါ်ခင်စန်းဟာ အိမ်မှုကိစ္စတွေ ဝိုင်းကူနိုင်တဲ့အထိ ကျန်းမာရေး တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်မှာ ခြေနှစ်ဖက်စလုံးဆုံးရှုံးခဲ့ရမှုတွေ၊ မိသားစုရဲ့ ဝမ်းရေးခက်ခဲမှုတွေ၊ တိုက်ပွဲတွေကြောင့် မကြာခဏ ရွာပြောင်းရွှေ့ရတဲ့အခါ သူများလို မပြေးလွှား နိုင်မှုတွေက သူ့ရဲ့စိတ်ဒဏ်ရာကို တစထက်တစ ကြီးထွားလာစေခဲ့ပါတယ်။
“မနေချင်ဘူးလေ။ ဆေးတွေဘာတွေသောက်ပြီး သေချင်တဲ့စိတ်ပဲရှိတယ်” ဆိုပြီး အကြိမ်ကြိမ် သတ်သေဖို့လည်း ကြိုးစားခဲ့ဖူးတဲ့အကြောင်း ဒေါ်ခင်စန်းက ပြောပြတယ်။ ဒါပေမယ့် သတ်သေဖို့အတွက် ကိုယ်တိုင် ဆေးသွားမဝယ်နိုင်တာကလည်း သူ အသက်ဆက်ရှင်ဖို့ အကြောင်းတခုဖြစ်ခဲ့ပါတယ်။
ဒေါ်ခင်စန်းဟာ မိုင်းမထိခင်က သာမန်ကလေးတွေလိုပဲ တက်ကြွသွက်လက်သူတယောက်ဖြစ်ခဲ့ပေမယ့် မိုင်းထိပြီးနောက်မှာတော့ သူမနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေလာရင်တောင် ထွက်မတွေ့ပဲ အခန်းထဲမှာပဲ တယောက်တည်း သီးသန့်နေခဲ့တယ်လို့ အိမ်နီးချင်းငယ်သူငယ်ချင်းတဦးက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာတော့ နည်းမျိုးစုံကြောင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေကို ကူညီပေးတဲ့ အဖွဲ့အချို့ မုန်းဒေသကို ရောက်လာချိန်မှာ ဒေါ်ခင်စန်းအတွက် ပြင်ပလောကကို ထိတွေ့ဖို့ အခွင့်အရေး ရ လာခဲ့ပါတယ်။
မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (MPHA) (မုန်းဒေသ) ရဲ့ အကြိမ်ပေါင်းများစွာ အားပေး နှစ်သိမ့်မှုတွေအပြင် မိခင်ရဲ့ တွန်းအားပေးမှုတွေကြောင့် မသန်စွမ်းသူတွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်ရခဲ့ပါတယ်။
“စိတ်အင်အားမြှင့်တင်ပေးတဲ့အဖွဲ့တွေနဲ့ကြုံတော့ ကိုယ့်စိတ်ထဲနည်းနည်းပျော်လာတယ်” လို့ သူက ပြော ပါတယ်။
လူမှုရေးအဖွဲ့အချို့ရဲ့ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမှုတွေအပြင် တခါတရံထောက်ပံ့တဲ့ ဆန်နဲ့ အိမ်သုံးပစ္စည်း လေးတွေကလည်း သူမတို့မိသားစုအတွက် အများကြီးအထောက်အကူဖြစ်စေတယ်လို့ ဒေါ်ခင်စန်းက ဆို ပါတယ်။
အသက် ၁၃ နှစ်အရွယ်ကနေ လူမှုအသိုင်းအဝိုင်းနဲ့ ဝေးကွာသွားခဲ့ရပြီး စိတ်ပျက်အားငယ်မှု၊ အထီးကျန် မှုတွေနဲ့ နေထိုင်လာရာကနေ ဒီလိုအားပေးနှစ်သိမ့်မှုတွေကြောင့် ရုန်းထလာနိုင်ချိန်မှာတော့ သူ့အသက် ဟာ ၅၃ နှစ်ကျော်ခဲ့ပါပြီ။
သူရဲ့အဖေက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျန်းမာရေးချို့တဲ့လို့ ဆုံးပါးသွားခဲ့ပြီး တခြားမောင်နှမသားချင်း တွေလည်း တနယ်တကျေး သွားရောက်လုပ်ကိုင်စားသောက်နေကြလို့ အခုချိန်မှာတော့ သူဟာ မိခင်၊ ညီမတဦးတို့နဲ့ အတူ နေထိုင်နေပါတယ်။
မြန်မာ့တပ်မတော်နဲ့ KNU ကြား အပစ်ရပ်ပြီးနောက် သူတို့ဒေသမှာ တိုက်ပွဲသံတွေနဲ့ မိုင်းကွဲသံတွေ ငြိမ် သက်နေပေမယ့် သူတို့မိသားစုရဲ့ဘဝတိုက်ပွဲကတော့ မပြီးဆုံးနိုင်သေးပါဘူး။
သူ့ညီမရဲ့ နေ့စားခ တနေ့လုပ်အားခကျပ် ၄၀၀၀ ဝန်းကျင်နဲ့ သူ ကွမ်းသီးခြစ်လို့ရတဲ့ တနေ့ကျပ် ၁၀၀၀ ဝန်းကျင် ဝင်ငွေဟာ သူတို့ရဲ့ နေ့စဉ် စားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းပေးနေဆဲပါ။
“ဒီနေ့ကွမ်းသီးခြစ်ရင် ဘယ်လောက်ရမလဲ၊ နောက်နေ့ခြစ်ရင် ဘယ်လောက်ရမလဲ အဲဒီအထဲမှာပဲ စိတ်က ရှိတယ်” လို့ သူက ဆိုပါတယ်။
ခုချိန်မှာ သူတို့မိသားစုအတွက် အစိုးရိမ်ဆုံးက နောက်ထပ်သေနတ်သံတွေထွက်လာပြီး မိုင်းသံတွေ ပြန် ညံလာမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မကြာခင်ရက်ပိုင်းက KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးက အစိုးရ၊ တပ်မတော်တို့နဲ့ လုပ်နေတဲ့ NCA ဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်ဖို့ ခေတ္တရပ်ဆိုင်းထားမယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့အတွက် သူတို့ စိုးရိမ်နေတဲ့အတိုင်း စစ်ပွဲဘက်ကိုပြန်လှည့်လာမလားဆိုတာတော့ သူနဲ့ ရွာသူရွာသားတွေ အတွက် စဉ်းစားစရာပါ။
ပြောခွင့်သာရမယ်ဆိုရင် မိုင်းထောင်တဲ့သူတွေကို ဘာပြောချင်သလဲလို့မေးတော့ ဒေါ်ခင်စန်းက ပြုံးပြီး ကြည့်နေရုံကလွဲလို့ ပြောဖို့ခေါင်းခါနေပေမယ့် သူ့အမေကတော့ ခပ်သွက်သွက်ပဲ ပြန်ဖြေ ခဲ့ပါတယ်။
“ကျမတို့က မပြောရဲဘူးလေ။ သူတို့က လက်နက်ကိုင်ထားတာကိုး။ ကိုယ်က ဘာမှမရှိတာ။ ဒီလိုပဲ ကုတ် ပြီး နေရတာပေါ့။ ကြောက်နေတာပေ့ါ။ ဘာမှမပြောရဲဘူး။ တွေ့လည်းမပြောရဲဘူး” လို့ ဆိုပါတယ်။
ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်သည့် Honest Information – HI မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။