အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို ခြိမ်းခြောက်အန္တရာယ်ပြုခြင်းများ ရှိကြောင်း အဆိုပါအဖွဲ့အစည်းများထံက သိရသည်။
အကြမ်းဖက်ခံရသည့် အမျိုးသမီးအရေး လိုက်ပါဆောင်ရွက်ပေးသည့်အခါ ခြိမ်းခြောက်မှု၊ အန္တရာယ်ပြုမှုများ မကြာခဏကြုံတွေ့နေရသည့်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အကူအညီပေးရန် တောင်းဆိုထားသည်ဟု ထားဝယ်အမျိုးသမီးများသမဂ္ဂမှ အထွေထွေ အတွင်းရေးမှူး နန်းမာလာက ဧရာဝတီသို့ ပြောသည်။
“ မုဒိမ်းကျင့်ခံရတဲ့ ၇တန်း ကျောင်းသူလေးကို ကျမတို့က save house ထားပေးထားတယ်။ ကောင်မလေး ဦးလေးက ပြန်ခေါ်တော့ ကောင်မလေးက မလိုက်ချင်ဘူး။ အဲဒီတော့ သူ့ဦးလေးက ကျမတို့ကို တရားစွဲ မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါနဲ့လူမူဝန်ထမ်းနဲ့ပေါင်းပြီး ညှိလိုက်တော့မှ အဆင်ပြေသွားတယ်။ လူမှုဝန် ထမ်းကလူတွေ မပါရင် ကျမတို့ကို ခြိမ်းခြောက်တာ အန္တရာယ်ပြုတွေလုပ်တယ်။ အမှုတွေကို လိုက်ပါကူညီတဲ့ အခါ သူတို့ အကူအညီပါမှ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။
ထားဝယ်အမျိုးသမီးသမဂ္ဂအနေဖြင့် သက်ငယ်မုဒိမ်းမှုအား လိုက်ပါဆောင်ရွက်ရာတွင် ကျူးလွန်ခံရသူ၏ ဆွေမျိုးသားချင်းများ ခြိမ်းခြောက်မှုရှိသကဲ့သို့ ကျူးလွန်သူများကိုယ်တိုင်ကလည်း ခြိမ်းခြောက်ခြင်းမျိုးရှိကြောင်း သိရသည်။
“ဥပမာ အကြမ်းဖက်ခံရတဲ့ မိန်းကလေးက အိမ်မှာမနေချင်ဘူးဆိုလို့ ခေါ်လာတဲ့အခါ ကလေးအဖေ ဘက်က အမျိုးတွေက တရားစွဲဖို့ လုပ်တယ်။အဲဒီလိုအမှုမျိုးဆို ကျမတို့က လူမူဝန်ထမ်းကို အကူအညီတောင်း ရတယ်။ မုဒိမ်းမှုတခုဆိုရင် ကျူးလွန်တဲ့သူတွေဘက်က ခြိမ်းခြောက်တာတွေလည်း လုပ်တယ်။ နင်တို့ရုံးကိုလည်း မီးလာရှို့မယ်လို့လည်း ခြိမ်းခြောက်တယ်။ တချို့ကျတော့ ကျမတို့ရဲ့လိုက်ပါဆောင်ရွက်ပေးမှုတွေကို တရားစွဲမယ် ဆိုတာမျိုးတွေ လုပ်တယ်။”ဟု နန်းမာလာက ဆိုသည်။
ရန်ကုန်မြို့တွင်လည်း အမျိုးသမီးအရေးဆောင်ရွက်နေသော အဖွဲ့အစည်းတခုဖြစ်သည့် အခရာအမျိုးသမီး အဖွဲ့အစည်းမှ ဒါရိုက်တာ မထားကလည်း အမျိုးသမီးအရေးအမှုကိစ္စများလိုက်ပါဆောင်ရွက်သည့်အခါ ခြိမ်း ခြောက်ခံရမှုများရှိကြောင်း၊ အထူးသဖြင့် ထင်ပေါ်ကျော်ကြားသူများ၏အမှုများကို လိုက်ပါဆောင် ရွက်သည့် အခါ ပိုမိုခြိမ်းခြောက်ခံရမှုများရှိသည်ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသည့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ သတင်းမှတ်တမ်းနှင့်သုတေသနဌာန တာဝန်ခံ လွေးပိုးကမီခေးလ်ကလည်း “ အဲဒါမျိုးတွေက တိုက် ရိုက်တော့ မဟုတ်ဘူး။ သွယ်ဝိုက်ပြီး ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်။ ဥပမာ မူဆယ်မှာ အမှုလိုက်ပါ ဆောင် ရွက်တဲ့အခါတရားရုံးအပြန်မှာ ဆိုင်ကယ်ချင်းပွတ်ဆွဲတာမျိုး၊ စကားပြောရင်လည်း စောင်းမြောင်းပြောဆိုတာမျိုး သတိပေးတဲ့ပုံစံလိုမျိုးတွေလည်း လုပ်တာရှိတယ်”ဟု ဆိုသည်။
အမျိုးသမီးအရေးလိုက်ပါဆောင်ရွက်ရာတွင် အန္တရာယ်ပြုမူများက ပဋိပက္ခဖြစ်ရာဒေသများတွင်သာ ရှိကြောင်း၊ ၎င်းဒေသများတွင် အမျိုးသမီးအရေးသာမက အမျိုးသမီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်ပတ်သက်ပြီး လုပ်ဆောင် နေသည့်အဖွဲ့များကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းမဟုတ်ပဲ ခွင့်ပြုချက်မယူဆိုသည့်ပုံစံဖြင့် စီတန်းလှည့်လည် ဆန္ဒပြခြင်းအား တရားစွဲခြင်းဖြင့် ပြုလုပ်ကြောင်း၊ အဆိုပါဖြစ်ရပ်သည် အမျိုးသမီးအရေးလှုပ်ရှားသူများအတွက် စိန်ခေါ်မှုကြီးတရပ်ဖြစ်နေကြောင်း ငြိမ်းချမ်းရေးအတွက် ကျား၊ မတန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP)၏ နည်းပညာအကြံပေး ဒေါ်နန်းဖြူဖြူလင်းက သုံးသပ်သည်။
အမျိုးသမီးအရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများသည် ထို့သို့ ခြိမ်းခြောက်အန္တရာယ်ပြုမှုခံရပါက လူမူဝန် ထမ်းဌာနသို့လည်းကောင်း၊ လူကုန်ကူးရဲဌာနများသို့လည်းကောင်း အကူအညီများတောင်းခံမှုပြုသကဲ့သို့ ရန်ကုန်မြို့ရှိ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် ထင်ရှားသူများ၏အမှုကိစ္စများကိုဆောင်ရွက်သည့်အခါ သိုသိပ်စွာဆောင်ရွက်ခြင်းပြုကြောင်း သိရသည်။