နိုင်ငံတွင်းနယ်ပယ်အသီးသီးတွင် ထင်ရှားကျော်ကြားပြီး ဦးဆောင်လုပ်ကိုင်လျှက် ရှိသည့် အမျိုးသမီး များ၏ မတူညီသော အတွေ့အကြုံနှင့် အသိပညာဝေမျှခြင်းဖြင့် အမျိုးသမီးများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်ပြီး 2018 Women in Business and leadership ကွန်ဖရင့် ပြုလုပ်မည်ဟု AustCham Myanmar မှ သိရသည်။
အဆိုပါကွန်ဖရင့်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နိုဝင်ဘာ ၁၃ရက်၊ Pan pacific ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်လူငယ်များ စီးပွားရေးကဏ္ဍနယ်ပယ်များတွင် ခေါင်းဆောင်များ ဖြစ်လာစေရန်နှင့် ကျား၊မရေးရာတန်းတူညီမှုကို နားလည်သိရှိသဘောပေါက်လာစေရန်ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို လာမည့် နိုဝင်ဘာ ၁၇ ရက်တွင် Pan Pacific ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စီးပွားရေး၊ လူမှုရေး၊ အားကစား အစရှိသည့် နယ်ပယ်အသီးသီးတွင် အောင်မြင်နေသည့် အမျိုးသမီးများကို ဖိတ်ကြားထားကြောင်း သိရသည်။
အဆိုပါဆွေးနွေးဖလှယ်ပွဲတွင် ကမ္ဘာဇဘဏ်၏ Internal Communications and Public Affairs တာဝန်ခံ မယုဝေ မောင်၊ IFC Myanmar အရာရှိ မခင်သီတာမော်၊ Proximity Design ၏ အထွေထွေမန်နေဂျာ မဖြူနှင်း၊ Yangon Bake house ၊Monsoon Restaurant& Bar နှင့် Monument Book & Toys တို့၏ ပူးတွဲတည်ထောင်သူဖြစ်ပြီး MasterChef၏ ဒိုင်ဖြစ်သူ မဖြူဖြူတင်၊ Forte Global တည်ထောင်သူ မစန္ဒီအောင်၊ Flanders Belgium Investment and Trade Office ၏ အကြံပေးဖြစ်သူ မအိမ့်ဖူးဖူး၊ မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့၏ ပူးတွဲတည်ထောင်သူဖြစ်သည့်သတင်းထောက် မသူဇာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူဖြစ်ပြီး ဆက်ဆံရေးအကြံပေးဖြစ်သူ မမေသက်ထွေး၊ ဆုရရုပ်ရှင် ရိုက်ကူးသူ မလေးသီတာနှင့် Lifestyle& motivational blogger မဖြိုးဖြိုးအောင်တို့ ပါဝင်ကြမည်ဖြစ်သည်။
“ အခုနောက်ပိုင်းမှာတော့ မိန်းကလေးတွေက ယောကျာၤးလေးတွေကို ရင်ဘောင်တန်းလာနိုင်တယ်။ အခုလို အသိ ပညာဖြန့်ဝေတာကြောင့် နောက်ပိုင်းမှာ ခွဲခြားဆက်ဆံမှုတွေက သိပ်မရှိတော့ဘူး။ လူကြီးတော်တော် များများကလည်း ဒါကို လက်ခံလာကြတယ်။”ဟု Cardno Myanmar မှ HR Coordinator မပန်းဝတ်ရည်က သုံးသပ် သည်။
အဆိုပါအခမ်းအနားတွင် အမျိုးသမီးများဝင်ရောက်လုပ်ကိုင်လေ့မရှိသော လုပ်ငန်းနယ်ပယ်များတွင် ယခုအခါ ဝင်ရောက် လုပ်ကိုင်နေကြပြီဖြစ်သော အမျိုးသမီးများ၏ အခန်းကဏ္ဍမှအစ လုပ်ငန်းခွင်များတွင် ရောက်ရှိနေသော အမျိုးသမီးများကို အလေးထားကာ အမျိုးသမီးများ၏ အခွင့်အရေးကို အသိအမှတ်ပြုပေးသော အလေ့အကျင့် ကောင်းများစသည့် ရှေးအစဉ်အလာများထဲမှ ခွဲထွက်နေသော ဆန်းသစ်သည့် အကြောင်းအရာများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။
လူမူဘဝ၏ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများကို အမျိုးသားများနှင့် အခွင့်အရေးတန်းတူညီမျှမှုရရှိရန် လုပ်ဆောင်နိုင်မည့် အခွင့်အရေးတခုကို ရရှိနေပြီဖြစ်ကြောင်း၊ အမျိုးသမီးများကို ၎င်းတို့၏လုပ်ငန်းခွင်အတွင်း တွင် လုပ်ပိုင်ခွင့်ပေးခြင်းက လုပ်သင့်လုပ်ထိုက်သည့် အရာတခုဖြစ်ကြောင်း၊ စီးပွားရေးအမြင်အရ ကြည့်မည် ဆိုပါက အကျိုးရလာဒ်ကောင်းများ ရရှိလာမည်ဟု AustCham Myanmar အမှုဆောင်အရာရှိချုပ် Ms. Weedon က ရှင်းပြသည်။