လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကတော့ ကေသီအောင်တယောက် သူ့အဒေါ် ကလေးမီးဖွားရင်း သေဆုံးသွားတာကို ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်ကစပြီးတော့ အမျိုးသမီးတွေ အန္တရာယ်ကင်းကင်း မီးဖွားနိုင်အောင်ကူညီဖို့ သူ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူက သားဖွားဆရာမတယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။
“မွေးကင်းစ ကလေးလေးတွေရဲ့ ငိုသံကို ကြားရတိုင်း ကျမ အရမ်းပျော်ပါတယ်” လို့ ကေသီအောင်က ဆိုပါတယ်။
ကေသီအောင်က အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ပုသိမ်သားဖွားသင်တန်းကျောင်းမှာ နောက်ဆုံးနှစ် တက်ရောက်နေတာပါ။ သူ့ရဲ့ သင်တန်းတစိတ်တပိုင်းအဖြစ် သူဟာ ကလေးမီးဖွားမှု တော်တော်များများကို ဆေးရုံတွေနဲ့ ကျေးလက်ဒေသက ကျန်းမာရေးစင်တာတွေမှာပါ ကူညီ မွေးဖွားခဲ့ပြီးပါပြီ။ သူဟာ အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တဲ့ ကလေး ၃ ယောက်ရဲ့ ခေါင်းဆောင်သားဖွားဆရာမလည်း ဖြစ်ပါတယ်။
သင်တန်းပြီးဆုံးရင်တော့ ကေသီအောင်ဟာ သားဖွားဆရာမ အဖြစ် အတွေ့အကြုံယူရုံတင်မက တခြား အဓိကကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပထမဆုံး စတင်နိုင်ဖို့ နယ်မြို့တွေမှာ တာဝန်ချထားခံရဖို့ မျှော်လင့်နေပါတယ်။
သားဖွားဆရာမတယောက်ဖြစ်လာဖို့ ကြိုးစားရတာဟာ ကေသီအောင်အဖို့ သိသာထင်ရှားတဲ့ ရွေးချယ်မှုတော့ ဟုတ်ပါဘူး။ သူဟာ စီးပွားရေးအတွက် စိုက်ပျိုးရေးကိုသာ အခြေခံလုပ်ကိုင်ကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ဘိုကလေးမြို့နယ်မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ကေသီအောင်ရဲ့ မိသားစုကတော့ စားဝတ်နေရေးအတွက် စပါးစိုက်ပါတယ်။ သူက လူဦးရေများတဲ့ မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့ရသူပါ။ မောင်နှမ ၆ ယောက်ရှိတဲ့အနက် သူက ၃ ယောက်မြောက် ဖြစ်ပါတယ်။ သူရဲ့ မိဘတွေနဲ့ မောင်နှမတွေဟာ ဘိုကလေးမြို့မှာ ဆက်လက်နေထိုင်နေပါတယ်။
“ကျမအဒေါ် တယောက်ဟာ ကလေးမွေးပြီး သိပ်မကြာခင် ဆုံးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကပါ။ အဲဒီတုန်းက သားဖွားဆရာမတွေ သိပ်ရှားပါးနေခဲ့ပြီး၊ သားဖွားဆရာမ တယောက်က ရွာ ၂၀ လောက်ကို တာဝန်ယူနေရချိန်မှာ ကျမအဒေါ် မီးဖွားပြီး သွေးတွေ သွန်တော့ ဆရာမဟာ အချိန်မှီရောက်မလာနိုင်ခဲ့ပါဘူး” လို့ ကေသီအောင်က ဆိုပါတယ်။
မီးဖွားတာနဲ့ပတ်သက်ပြီး သင်တန်းမရရှိထားတဲ့ ရိုးရာလက်သည် တယောက်က သူ့ အဒေါ် မီးဖွားချိန်မှာ ကူညီပေးခဲ့ ပေမယ့် လက်သည်ဟာ မီးဖွားပြီးနောက် ဖြစ်လာတဲ့ ရှုပ်ထွေးမှုတွေကို ထိထိရောက်ရောက် မကုသနိုင်ခဲ့ပါဘူး။ ကေသီအောင်ရဲ့ ရွာဟာ လှေနဲ့ပဲ သွားလို့ရပြီး တနေရာကနေ တနေရာ သွားလာဖို့ အချိန်အရမ်း ကြာပါတယ်။ စိတ်မကောင်းစရာဖြစ်တဲ့ ဒီလမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် အဒေါ်ဖြစ်သူရဲ့ အသက်ကို ဆုံးရှုံးလိုက်ရပါတယ်။
“ကျမအဒေါ် ဆုံးတော့၊ ကျမသာ သားဖွားဆရာမဆိုရင် သူ့ကို ကယ်နိုင်မှာပဲလို့ တွေးမိခဲ့တယ်” လို့ ကေသီအောင်က ပြောပါတယ်။
အဲဒီနောက်မှာတော့ သူဟာ 3MDG ရဲ့ မိတ်ဖက်ဖြစ်တဲ့ Jhpiego က ပြုလုပ်တဲ့ ပုသိမ်သားဖွားဆရာမ သင်တန်းကျောင်းမှာ သင်တန်းတက်ရောက်ခဲ့ပါတယ်။
မကေသီအောင် တက်ရောက်နေတဲ့ ပုသိမ်သူနာပြုနှင့် သားဖွား သင်တန်းကျောင်းဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၄ ရပ်ကွက်မှာ တည်ရှိပါတယ်။ ဒီကျောင်းကနေ နှစ်စဉ် ပျမ်းမျှအားဖြင့် ကျွမ်းကျင် သူနာပြုနဲ့ သားဖွား ၆၀ ကနေ ၇၀ ကြား မွေးထုတ်ပေးလျှက်ရှိပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ဒီလို သူနာပြုနဲ့ သွားဖွားသင်တန်းပေါင်း ၂၂ ကျောင်းရှိပြီးတော့ 3 MDG ရဲ့ မိတ်ဘက် Jpiego ဟာ နိုင်ငံတဝှမ်းက သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းတွေကို အထောက်အပံ့ပေးလျှက်ရှိပါတယ်။
နိုင်ငံတဝှမ်းက သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းတွေကို တက်ရောက်ချင်တယ် ဆိုရင်တော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ရမှာ ဖြစ်ပြီးတော့ နိုင်ငံပိုင် သတင်းစာတွေကနေ တဆင့် ခေါ်ယူချိန်မှာ လျှောက်ထား နိုင်ပါတယ်လို့လည်း သိရပါတယ်။
သင်တန်းတလျှောက်လုံးမှာတော့ ကေသီအောင်ဟာ သူ့ရဲ့ သားဖွားဆရာမဘဝမှာ လိုအပ်မယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှု တွေ ကျွမ်းကျင်မှုတွေကို ရရှိခဲ့ပါတယ်။ သင်တန်းမှာတော့ သားဖွားဆရာမသင်တန်းသူတွေဟာ ကလေးမီးဖွားရာမှာ လိုအပ်မဲ့ တူညီတဲ့ ကျွမ်းကျင်မှုအမျိုးမျိုးကို စမ်းသပ်ခန်းတွင်းမှာ လေ့ကျင့်ကြရပြီး ဆရာမတွေဆီကနေ သီအိုရီတွေ ကိုလည်း လေ့လာရပါတယ်။
Jhpiego ဟာ ပုသိမ်သားဖွားဆရာမ သင်တန်းကျောင်းနဲ့ တခြား နိုင်ငံအနှံ့က သင်တန်း ကျောင်းတွေမှာ သားဖွားခြင်းနဲ့သက်ဆိုင်တဲ့ ပညာရေးအစီအစဉ်တွေ အားကောင်းလာဖို့ အကူအညီပေးနေပါတယ်။ Jhpiego ရဲ့ အကူအညီနဲ့ ပုသိမ်သားဖွားသင်တန်းကျောင်းရဲ့ စမ်းသပ်ခန်းမှာဆိုရင် သင်တန်းသားတွေအနေနဲ့ ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်တာ၊ မီးဖွားပြီးနောက် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကုသတာနဲ့ မွေးကင်းစကလေးပြုစု စောင့်ရှောက်တာ တွေအတွက် လေ့ကျင့်လို့ရအောင် ပိုကောင်းတဲ့ မီးဖွားခန်းသုံး ကိရိယာအသစ်တွေလည်း ရှိလာပါပြီ။
ဒီကရိယာတွေက ရှုပ်ထွေးတဲ့ မီးဖွားမှုတွေ အပါအဝင် ကလေးမီးဖွားတာကို ပုံစံတူ ပြုလုပ်လေ့ကျင့်နိုင်ပါတယ်။ အကြီးတန်း သားဖွား ဆရာမကြီးတွေက ကေသီအောင့်ကို သူ့ရဲ့ လေ့ကျင့်ချိန်တွေအတွင်းမှာ ကလေးမီးဖွားခြင်းရဲ့ အဆင့်တွေ လုပ်ရမယ့် နည်းစနစ်တွေကိုသေချာ သင်ပေးပါတယ်။ ကျောင်းအုပ်ကြီးလည်း ဖြစ် လက်ထောက် ဒါရိုက်တာလည်း ဖြစ်တဲ့ နော်ကပေါ်ရှီးကတော့ ကျောင်းသားတွေကို ဗဟိုပြုသင်ကြားတဲ့ စနစ်တွေဟာ အင်မတန် ထိရောက်ပါတယ် လို့ ဆိုပါတယ်။
“ကျမတို့ သင်တန်းသားတွေ လက်တွေ့ဆင်းတဲ့ ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနတွေက ပြန်ပေးတဲ့ မှတ်ချက်တွေက ကျမတို့ ကျောင်းသားတွေဟာ အရင်ကထက်ပိုပြီး ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြတယ်လို့ ဆိုတယ်” လို့ သူက ပြောပါတယ်။
သားဖွားဆရာမတွေဟာ နိုင်ငံအနံှ့ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ရောက်ရှိဖို့ အခရာကျပါတယ်။ ဒါပေမယ့် ကျောင်းအုပ်ဆရာမကြီး နော်ကပေါ်ရှီးကတော့ ကျွမ်းကျင်သားဖွားတယောက်ဖြစ်ဖို့က ကြမ်းတမ်းခက်ခဲ့ပါတယ်။ ကျောင်းသားတွေက အရမ်းများတဲ့ အလုပ်တွေကြောင့် စိတ်ပျက်ကြပေမယ့် ကျောင်းသား နည်းနည်းပဲ ကျောင်းကနေ ထွက်သွားကြပါတယ်။ ကေသီအောင် အပါအဝင် ကျောင်းသားအများစုအတွက် သားဖွားဆရာမအဖြစ်ဟာ ဘဝအတွက် ရွေးချယ်မှု ဖြစ်ပါတယ်။
ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ် လို့ ကေသီအောင်က ပြောပါတယ်။