ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ဒေသခံအမျိုးသမီးများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်ရည်ရွယ်ပြီး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် လူထု အသိပညာ ပေးပွဲပြုလုပ်ခဲ့သည်။အဆိုပါ ၁၆ ရက်တာ လှုပ်ရှားမှု လုပ်ရသည့် အကြောင်းအရင်း၊ ဒေသခံအမျိုးသမီးများ လိုအပ်ချက်များနှင့် ၎င်းလိုအပ်ချက်များအား မည်သို့ ဆောင်ရွက်ပေးနေသည့်အကြောင်းကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်းအား ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ ၁၆ ရက်တာ အခွင့်အရေးလှုပ်ရှားမှုကို ဘာကြောင့်လုပ်ဖြစ်တာပါလဲရှင့်။
ဖြေ။ ။ အဓိကက International Women Development Agency- IWDA က အခရာနဲ့ချိတ်တယ်ဆိုတာက အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေး ချင်တဲ့ နိုင်ငံသားတာဝန်ကို အဓိကက အမြင့်ဆုံး တာဝန်ယူ နေရတဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်ကို လိုချင်တဲ့အတွက်ကြောင့်မို့ လုပ်ပေးချင်တယ်။ ကူညီပေးချင်တယ်တဲ့အတွက်ကြောင့်မို့ သူတို့ကလည်း အရှေ့တောင်အာရှမှာ လုပ်တာတွေရှိတယ်။ အာဖရိကမှာ လုပ်ပေးတာတွေလည်း ရှိတယ်။
ဒီနိုင်ငံမှာ အမြင့်ဆုံး တာဝန်ထမ်းဆောင် နေရတဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ လက်တွဲလမ်းပြခြင်း အစီအစဉ်ကို အခရာကနေတဆင့် ဆက်သွယ်လာတဲ့အတွက် ဒီအစီအစဉ် ထဲမှာ ပါဝင်ခဲ့တယ်။ IWDA ကနေ ပြီးခဲ့တဲ့နှစ်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့မှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်ခြောက်ဦးကို ဒီလှုပ်ရှားမှုတွေနဲ့ အမျိုးသမီးကဏ္ဍကို မြှင့်တင်ပေးဖို့ ဒီလှုပ်ရှားမှုကို လုပ်ခဲ့တာ ဖြစ်တယ်။
မေး ။ ။ နယ်ကို ဆင်းတဲ့အခါမှာ ဒေသခံအမျိုးသမီးတွေရဲ့လိုအပ်ချက် က ဘာတွေရှိမလဲ။ အခက်အခဲတွေက ဘာတွေရှိတယ်လို့သူတို့ ပြောကြပါသလဲ။
ဖြေ။ ။ အန်တီတို့မြို့နယ်မှာရှိတဲ့အမျိုးသမီးတွေက ပညာရေးလည်း နိမ့်ကျခဲ့တယ်။ ဖွံ့ဖြိုးမှုလည်း နိမ့်ကျခဲ့တယ်။ နောက် ပိတ်နေတဲ့လူနေမှုဘဝကနေ ရှင်သန်ခဲ့ရတော့ ကဏ္ဍတိုင်းမှာ လုပ်ပေးဖို့လိုတယ်။ ရှင်းရှင်းပြောရင်တော့ ပညာရေးလည်း နိမ့်နေတော့ အတွေးအခေါ်ပိုင်းရော၊ ပညာတတ်လည်း နည်းတယ်။ အဲဒီတော့ အသိပညာပိုင်း က လိုနေဦးမယ်။ အထူးသဖြင့် ကိုယ်စီးတဲ့မြင်းအထီးလား၊ အမလား မသိတဲ့အနေအထားမျိုးတွေ အများကြီး ရှိတယ်။ နိုင်ငံသားတယောက်အနေနဲ့ ကိုယ့်နိုင်ငံအတွက် တာဝန်ယူရမယ့် တာဝန်ပိုင်းရော ကိုယ့်ရဲ့အခွင့် အရေးပိုင်းကိုတောင်မှ မသိသေးတာတွေ အများကြီးရှိတယ်။
မေး ။ ။ ဒေသခံအမျိုးသမီးတွေအတွက် လွှတ်တော်သက်တမ်းသုံးနှစ်အတွင်းမှာ ဘာတွေ ဆောင်ရွက်ပေး ပြီးပြီလဲ။
ဖြေ။ ။ အန်တီအနေနဲ့က အမျိုးသမီးတွေအတွက် သီးသန့်လုပ်ပေးတဲ့အနေအထားတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကိုယ့် တမြို့နယ်လုံးက ရေချိန်က အတူတူပဲလေ။ အမျိုးသမီးရော၊ အမျိုးသားရော လိုအပ်ချက်တွေက ရှိနေတုန်းပဲ။ ဘာလို့လဲဆိုတော့ ဒီသံတောင်ကြီးက GDP အနိမ့်ဆုံးပဲ ဆိုတော့ ဒီနိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းအားလုံးဟာ လိုအပ်ချက်ရှိနေတာပဲ။ အမျိုးသမီးခေါင်းစဉ်ရယ်လို့ သီးသန့်မဟုတ်ပဲနဲ့ အားလုံးအတွက် လုပ်ပေး တာတော့ ရှိတယ်။ ပြောချင်တာက အမျိုးသမီးသီးသန့်ခေါင်းစဉ်အနေနဲ့ လုပ်ပေးတာတော့ မရှိခဲ့ဘူး။ ဒါပေမယ့် အားလုံးအတွက်တော့ လုပ်ပေးတာရှိတယ်။
မေး ။ ။ ဒေသခံအမျိုးသမီးတွေအတွက် လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဘာတွေ ဖြည့်ဆည်း ပေးပြီးပြီလဲ။
ဖြေ။ ။ IWDA နဲ့ အခရာချိတ်ဆက်ပြီးတဲ့နောက်မှာ အမျိုးသမီးနဲ့ပတ်သက်ပြီး သီးသန့်လှုပ်ရှားမှုတွေ အန်တီက လုပ်နိုင်ခွင့်ရခဲ့တယ်။ အဲဒီခေါင်းစဉ်အောက်မှာ လုပ်ခွင့်ရတဲ့အခါ သီးသန့်ခေါင်းစဉ်တခု အလုပ်တာဝန်တခု အနေနဲ့ လုပ်ပေးတယ်။ ၂၀၁၇ ကနေစပြီးတော့ အမျိုးသမီးတွေအတွက် စတင်လုပ်ဆောင်ပေးနေတာ တွေရှိပါတယ်။ အန်တီတို့ NLD ပါတီမှာလည်း သံတောင်ကြီးမြို့နယ်ရဲ့အမျိုးသမီးကော်မတီရဲ့ ဥက္ကဋ္ဌ လည်းဖြစ်တယ်။ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ လည်းဖြစ်တယ်ဆိုတော့ တခါထဲတပေါင်းထဲလုပ်သွားလို့ရတယ်။ အဲဒါတွေက ပါတီတာဝန်စယူတဲ့ ၂၀၁၂ ကတည်းက လုပ်ခဲ့တာပဲ။
မေး ။ ။ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုက တကယ်ရော ထိရောက်မှုရှိသလား။
ဖြေ။ ။အနယ်နယ်အရပ်ရပ်က အမျိုးသမီးအဖွဲ့တွေ အများကြီးရှိတယ်ဆိုတာလည်း သိပါတယ်။ ပါတီမှာလည်း ရှိပါတယ်။ အဖွဲ့အစည်းတိုင်းကို ထိထိရောက်ရောက်ဖြစ်စေချင်တယ်။ တကယ်တမ်းအမျိုးသမီး အဖွဲ့အစည်းတွေ အားလုံးက စုစုစည်းစည်းနဲ့ တသံထဲထွက်ရင် ကောင်းတယ်။ ဥပမာ အန်တီတို့အစိုးရ အနေနဲ့လည်း စီဒေါ တွေ ထိုးထားတဲ့အခါကျတော့ စီဒေါကို နှစ်စဉ်နှစ်တိုင်းပြန်ပြီး ရီးဗျူးလုပ်တဲ့ ကဏ္ဍရှိတယ်။ အဲဒီလိုလုပ်ရတဲ့ အချိန်ကျရင် လွှတ်တော်ကနေ အမျိုးသမီးကိုယ်စားလှယ်တွေ ဦးစီးပြီးတော့ တက်ရတယ်။
ဒီလိုတက်ရ တဲ့အခါမှာ အမျိုးသမီးထုရဲ့အားက တစုတစည်းထဲရှိတယ်ဆိုရင် ပိုကောင်းတယ်။ လွှတ်တော်ကနေ အဓိက တာဝန်ရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေက ဒီလိုနိုင်ငံတကာနဲ့ပတ်သက်တဲ့ တာဝန်ယူရတဲ့အခါ အမျိုးသမီးတွေရဲ့ ပါဝါက ဒီထက်မြှင့်ဖို့လိုတယ်။ လွှတ်တော်မှာရှိတဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ဖြစ် တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေက မြင့်မားဖို့ လိုတယ်။ ကျယ်ပြန့်ဖို့ လည်းလိုတယ်။ ထိရောက်ဖို့လည်း လိုတယ်။
ဒါမှ စီဒေါတခုထဲ မဟုတ်ဘူး။ အမျိုးသမီးရဲ့ ကျား၊ မတန်းတူ ညီမျှရေးလုပ်နိုင်ဖို့၊ အမျိုးသမီးခေါင်းဆောင် များများပေါ်ထွန်းလာနိုင်ဖို့ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းလာနိုင်ဖို့ဆိုရင် အမျိုးသမီးအဖွဲ့အစည်းအားလုံးက စုစုစည်းစည်းနဲ့ အရည်အချင်းရေချိန်မြှင့်ပြီးတော့ လုပ်နိုင်မှ ပိုကောင်းတယ်။အဖွဲ့အစည်းတွေများပြီးတော့ သိပ်ပြီး ပွဲမစည်ရင် မကြိုက်ဘူး။
မေး ။ ။ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒါက တနိုင်ငံလုံးနဲ့ တွက်ရင် ပြည်သူတွေက စွမ်းရည်နိမ့်နေသေးတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ အကျင့်ပျက် ခြစားမှုကြီးက ကိုယ်နိုင်ငံရဲ့ စာရိတ္တ၊ သိက္ခာတွေ အများကြီး ကျဆင်းခဲ့ပြီးပြီ။ ဒါကြီးကို ပြန်ပြီးတော့ ပြုပြင်ပြီး မြှင့်တင်ဖို့ ဆိုတာ အခက်အခဲတော့ အများကြီးပဲ။ ဥပမာ အန်တီတို့ မြို့နယ်မှာကတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ရင် စွမ်းရည်နိမ့်တယ်ဆိုတာက ပညာရေးကလည်း နိမ့်ကျခဲ့တယ်။ နောက် ဒီဒေသက နှစ်ပေါင်း များစွာ မအေးချမ်းခဲ့တာတွေလည်း ရှိတော့ အမျိုးသမီးတွေရဲ့အသိပညာပိုင်းကတော့ နိမ့်နေတယ်။
အထူး သဖြင့် နိုင်ငံရေးမှာဆိုရင်တောင် နိုင်ငံရေးရေချိန်နိမ့်နေမယ်။ အဲဒီလိုမျိုးတွေတော့ ရှိတယ်။ ဒါတွေက အန်တီတို့ တယောက်ထဲလုပ်နိုင်တယ်ဆိုတာထက် အမျိုးသမီးအဖွဲ့အစည်းတွေကလည်း လမ်းကြောင်းမှန်မှန်နဲ့ လုပ်ပေး သွားနိုင်ရင် ပိုကောင်းတယ်။ ဟန်ပြပဲလုပ်ပေးသွားတာမျိုးကလည်း ထိရောက်မှာ မဟုတ်ဘူး။ အန်တီ မကြိုက် တာ တခုကလည်း အမျိုးသမီးအဖွဲ့အစည်းရယ်လို့ မပြောပါဘူး။ ကိုယ်နိုင်ငံမှာက NGO၊ INGO၊ CSO တွေ ကမ္ဘာပေါ်မှာ အများဆုံးနိုင်ငံဖြစ်နေတယ်။ ဒါပေမယ့် ဒီဟာတွေက တကယ်တမ်းကျတော့ ထိရောက်မှု မရှိတာ ကိုယ်တိုင်တွေ့ရတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေကို အပြစ် တင်ချင်တာထက် ကိုယ့်နိုင်ငံမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံးက ကိုယ့်နိုင်ငံကို အကျိုးပြုမှုက နည်းနေသေး တယ်လို့လည်း မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများနိုင်ငံတွေကို ရောက်တဲ့အခါ တွေ့ရတယ်။ တကယ်တမ်း NGO, INGO တွေရဲ့ အကူအညီဆိုတာ မလိုဘူး။ ကိုယ့်ဘာသာ ကိုယ် ကိုယ်ထူကိုယ်ထ ဂျပန်တို့ ဘာတို့ဆို ဒီလို NGO အဖွဲ့ အစည်းတွေ အရမ်းနည်းပါးတဲ့နိုင်ငံတွေလည်း တိုးတက်နေတာပဲ။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာ မလိုအပ်ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးကလည်း နိမ့်ကျနေသေး တယ်ဆိုတဲ့ အခါကျတော့ ဖွံ့ဖြိုးမှုကလည်း အများကြီးလိုသေးတယ်ဆိုတဲ့အခါကျတော့ လိုအပ်တာ မှန်ပေမယ့်လည်း ဒီဟာတွေဟာ ကိုယ့်နိုင်ငံရဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်ဖို့ အဖွဲ့အစည်းတွေအားလုံးမှာ လိုတယ်။
သြစတြေးလျမှ တွေ့ခဲ့တာက သူတို့ဆီက NGO က သူတို့အစိုးရရဲ့ပေါ်လစီအောက်မှာပဲ သွားတယ်။ သူတို့က အစိုးရကို ထောက်ပံ့မှု ပေးတယ်။ အခုဒီမှာက အဖွဲ့အစည်းတော်တော်များများက ကိုယ့်အစိုးရကို ထောက်ပံ့မှု ပြုနိုင်တာ နည်းတယ်။
မေး ။ ။ အခုလိုလုပ်ဆောင်ပေးတာကြောင့် ဘာတွေတိုးတက်မှုရှိလာတယ်လို့ ထင်သလဲ။
ဖြေ။ ။ အခရာနဲ့ပေါင်းလုပ်တာက အခုက ဒုတိယအကြိမ်ပဲရှိသေးတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ဘယ်က စရမယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ၊ သူတို့ကို ဘယ်လို စွမ်းရည်မြှင့်ပေးရ မယ်ဆိုတာကတော့ တဖြည်းဖြည်း ချင်း စသွားရမှာပေါ့။ အခုဒီမှာ ရိုးရာဟင်းချက်ပြိုင်ပွဲတွေလည်းပါတယ်။ ဒါမှ အမျိုးသမီးတွေရဲ့ စွမ်းရည် တွေက စီးပွားရေးမှာ ဘယ်လိုအကျိုးပြုမယ်ဆိုတာ သိလာမယ်။ အပြင်ထွက်ပြီး ပိုက်ဆံရှာနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် လုပ်ပေးတာဖြစ်တယ်။ ကျပန်းပြိုင်ပွဲဆိုလည်း ဒီလိုပဲ။ သူက အသိပညာပိုင်း ရှာဖွေရတယ်။ ကျပန်းဆိုတာ မသိပဲနဲ့တော့ ဒီအတိုင်းအလွတ်လာပြောလို့မရဘူး။
အဲဒီတော့မှ သူတို့အနေနဲ့ အမျိုးသမီးနဲ့ပတ်သက်တဲ့အရာတွေကို သိခွင့်ပိုရလာမယ်။ ပြီးတော့ ပွဲတိုးရဲလာမယ်။ အမျိုးသားတယောက်ကို ယှဉ်ပြိုင်နိုင်တဲ့သတ္တိတွေ ရှိတယ်။ အဲဒီလိုမျိုးမွေးထုတ်ပေးရတာပါ။ ဒီလို လုပ်ဆောင်ပေးတဲ့အတွက် ကြောင့်မို့ သူတို့အမျိုးသမီးတွေအတွက် ပြောရေးဆိုခွင့်တွေလည်း ခွင့်ပေးလိုက်သလိုဖြစ်နေတယ်။ ဒါတွေ ကလည်း သူတို့ဖော်ပြမှ ကိုယ်ကဖြည့်ဆည်းပေးလို့ရမှာပါ။ အခုလို လုပ်ပေးတော့ ပြောရဲဆိုရဲတဲ့အခွင့်အရေး ရနေပါပြီ။ အမျိုးသမီးတွေအနေနဲ့ ပြဿနာဖြစ်လာရင် ဘယ်လိုအကာအကွယ်ယူရမလဲ။ ဒါမျိုးတွေ ပိုပြီးတော့ သိခွင့်ရလာတယ်။
နိုင်ငံသားတယောက်ရဲ့တာဝန်ကျေဖို့ အခွင့်အလမ်းရလာတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ သူတို့ရဲ့အရည်အချင်းကို ဖော်ထုတ်နိုင်ဖို့ အခွင့်အရေးရှိတယ်ဆိုတာ သိလာတယ်။ အခုပွဲမှာပြောသွား တဲ့ အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်း၊ လွှတ်တော်ပိုင်း အစရှိတဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ သူတို့ရည်သန်လာကြတယ်။ ကြိုးစားကြပါဆိုတာမျိုး၊ မဲပေးကြပါဆိုတာမျိုးတွေ သူတို့မှာ လှုံဆော်တာမျိုးတွေ ရှိလာကြတယ်။