Women & Gender

“မျိုးဆက်ပွား ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်”

Want create site? Find Free WordPress Themes and plugins.

မျိုးဆက်ပွား ကျန်းမာရေးဆိုသည်မှာ အခြားသော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကဲ့သို့ပင် အရေးကြီးသည်။ သို့သော် မျိုးဆက်ပွားဟု ဆိုလိုက်သည်နှင့် ရှက်စရာကိစ္စဟု ထင်မြင်မှုများနှင့် ယင်းကိစ္စရပ်သည် အိမ်ထောင်သည် အမျိုးသမီးများနှင့်သာ သက်ဆိုင်သည်ဆိုသည့် လွဲမှားသည့် အယူအဆများ ယခုအချိန်အထိ လူမှုပတ်ဝန်းကျင်တွင် ပျံ့နှံ့ တည်ရှိနေဆဲ ဖြစ်သည်။ ယင်းလွဲမှားသည့် အယူအဆများကြောင့်ပင် မလိုလားအပ်သည့် လူမှုရေးပြဿနာများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေရသည်။ ထို့ကြောင့် မျိုးဆက်ပွား ကျန်းမာရေးသည် မည်သည့်အချက်ကို ဆိုလိုသည်၊ မည်မျှအထိ အရေးကြီးသည်၊ မည်သူတွေ သိထားသင့်သည် ဆိုသည့် အချက်များနှင့် ပတ်သက်၍ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်နေသည့် ဒေါက်တာ ပြည့်ဖြိုးဝေ (Mate – “မိတ်” မျိုးဆက်ပွားကျန်းမာရေး) အား ဧရာဝတီသတင်းထောက် ဇူးဇူးက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ “မိတ်” မျိုးဆက်ပွားကျန်းမာရေး လူမှုကွန်ရက်စာမျက်နှာ (Facebook) မှာ အဓိက ဘယ်လိုအ ကြောင်းအရာမျိုးတွေကို မျှဝေပေးနေတာပါလဲ။

ဖြေ ။ ။ “မိတ်” မျိုးဆက်ပွားကျန်းမာရေးက အမျိုးသမီးနဲ့ အမျိုးသား အားလုံးအတွက် မျိုးဆက်ပွား ကျန်းမာရေး၊ ဆယ်ကျော်သက်နဲ့လူငယ်များဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေး ကိစ္စရပ်တွေကို ရှင်းလင်းဆွေးနွေးပေးနေတာပါ။ သားဆက်ခြားနည်း အမျိုးမျိုး၊ ကိုယ်ဝန်ဆောင် ကျန်းမာရေး၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများအကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးမှုနဲ့ ကာကွယ်မှုအကြောင်း၊ ဆယ်ကျော်သက်လူငယ်တွေ အရွယ်ရောက်ချိန် ကိုယ်ခန္ဓာနဲ့ စိတ်ခံစားမှု အပြောင်းအလဲတွေ၊ အမျိုးသမီးတွေအတွက် အလှအပရေးရာနဲ့ လူမှုရေးရာ ဆောင်းပါးတွေ စသဖြင့် ကဏ္ဍတွေခွဲပြီး မျှဝေပေးနေပါတယ်။

မေး ။ ။ “မိတ်” မျိုးဆက်ပွားကျန်းမာရေး Facebook ကနေ ဘယ်လိုဝန်ဆောင်မှုတွေ ရရှိနိုင်ပါသလဲ။

ဖြေ ။ ။ Mate Facebook Page ကတော့ လူသုံးများတဲ့ လူမှုကွန်ရက် (facebook) ပေါ်ကနေ မျိုးဆက်ပွားကျန်းမာရေး အသိပညာတွေ ပုံမှန်မျှဝေပေးတယ်။ အဲဒါအပြင် သိချင်တာတွေရှိလာရင်လည်း ကိုယ်တိုင်မေးမြန်းနိုင်ဖို့ hotline နံပါတ် ၀၉၄၃၁၁၁၀၀၀ ကနေ ဖုန်းခေါ်ဆိုတာတွေ၊ မိတ် ဖေ့စ်ဘုတ်ပေ့ချ်ရဲ့ မက်ဆင်ဂျာနဲ့ ကွန်မန့်တွေမှာ စာပို့ မေးမြန်းတာတွေကို ဖြေကြား ဆွေးနွေးပေးနေပါတယ်။

မေး ။ ။ မျိုးဆက်ပွားကျန်းမာရေး ဆိုတာ ဘာကို ပြောတာလဲ။ ဘယ်လိုအရာတွေ ပါဝင်ပါသလဲ။

ဖြေ ။ ။ မျိုးဆက်ပွားကျန်းမာရေးလို့ ပြောရင် ရှက်စရာကိစ္စလို့ မြင်တတ်ကြတယ်။ တကယ်တော့ အခြားသော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေလိုပဲ မျိုးဆက်ပွားကျန်းမာရေးကလည်း တကယ်လိုအပ်ပါတယ်။ ကိုယ်ခန္ဓာမှာရှိတဲ့ အခြားသော အစိတ်အပိုင်းတွေ ဥပမာ- အစာအိမ်ဆို အစာခြေတဲ့အလုပ်ကို လုပ်မယ်၊ ဆီးလမ်းကြောင်းက ဆီးစွန့်ထုတ်တဲ့ အလုပ်ကို လုပ်မယ်။ ဒီလိုမျိုးတွေကိုတော့ ကျန်းမာရေးကိစ္စလို့ သတ်မှတ်ပြီး ဂရုတစိုက်ရှိကြပေမယ့် မျိုးဆက်ပွား ကျန်းမာရေးကိုတော့ ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။

မျိုးဆက်ပွားကျန်းမာရေး ဆိုတာဟာ သိတတ်စ ကလေးငယ်တွေကစလို့ အရွယ်ရောက်ကာစ ဆယ်ကျော်သက် လူငယ်တွေ၊ အိမ်ထောင်သည် အမျိုးသား/အမျိုးသမီးတွေအပါအဝင် လူတိုင်းလိုလို မသိမဖြစ် သိထားရမယ့် ကျန်းမာရေးကိစ္စ တရပ်ဖြစ်တယ်။ အရင်ဦးဆုံး ကျန်းမာရေးရဲ့ အဓိပ္ပါယ်ဆိုတာကို ရှင်းပြပြီး ဆက်စပ်ပြချင်ပါတယ်။ ကျန်းမာရေးဆိုတာက ကိုယ်ရော စိတ်သာမက လူမှုဆက်ဆံရေးတွေမှာပါ ကျန်းမာနေတာကိုမှ အမှန်တကယ် ကျန်းမာတယ်လို့ သတ်မှတ်ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးဆိုတာလည်း မိမိရဲ့ မျိုးဆက်ပွားဆိုင်ရာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ရောဂါကင်းစင်တာအပြင် မိမိရဲ့ လိင်မှုဘဝမှာလည်း ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးစတဲ့ အခန်းကဏ္ဍတိုင်းမှာ အပြည့်အ၀ ပျော်ရွှင်ရပ်တည်နိုင်တာမျိုးပါ။ ဒီလို ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ဆိုရင် စိတ်ချရတဲ့၊ လက်လှမ်းမီတဲ့၊ ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေကို ရရှိဖို့ လိုအပ်ပါတယ်။ လိင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းသိဖို့၊ ကာကွယ်နိုင်ဖို့ လိုပါတယ်။ ကာကွယ်ဖို့ နည်းလမ်းတွေကိုလည်းအ လွယ်တကူရဖို့ လိုပါတယ်။ လက်တွဲဖော် ရွေးချယ်ရာမှာ ဆုံးဖြတ်ပိုင်ခွင့်၊ ကလေးယူမယ်/မယူဘူး ဆုံးဖြတ်ပိုင်ခွင့်တွေ ရရှိဖို့လည်း လိုပါတယ်။

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်သည့် “မိတ်” မျိုးဆက်ပွားကျန်းမာရေး လူမှုကွန်ရက် စာမျက်နှာ

မေး ။ ။ မျိုးဆက်ပွားကျန်းမာရေးဟာ ဘယ်လောက်ထိ အရေးကြီးပါသလဲ။

ဖြေ ။ ။ မျိုးဆက်ပွားကျန်းမာရေး အသိမရှိခဲ့ရင် ဒီလို အကြောင်းအရာတွေနဲ့ပတ်သက်လာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ- သားဆက်ခြား နည်းလမ်းတွေကို မသိလို့ဖြစ်ဖြစ်၊ ဝန်ဆောင်မှုတွေနဲ့ မနီးစပ်တာပဲဖြစ်ဖြစ် မတားထားရင် မလိုချင်တဲ့ကိုယ်ဝန်တွေ ရသွားနိုင်တယ်။ မလိုချင်လို့ တရားမဝင် ဖျက်ချကြတဲ့အခါ အသက်အန္တရာယ ်ထိခိုက်နိုင်တယ်။ ဖျက်မချဘဲ ယူမယ်ဆိုရင်လည်း ပြင်ဆင်မထားဘဲ ရလာတာမို့ မိမိရော ကလေးပါ ဒုက္ခရောက်စရာ၊ ထိခိုက်ခံစားရစရာ၊ စိတ်ညစ်စရာတွေ ကြုံရမယ်။

လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း အသိမရှိလို့ ကူးစက်သွားတာတွေလည်း ကြုံရနိုင်တယ်။ ကိုယ့်ဘ၀ တလျှောက်လုံးအတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေ ကြုံနိုင်တဲ့ ကိစ္စရပ်တွေ နဲ့ ပတ်သက်နေတာမို့ မျိုးဆက်ပွားကျန်းမာရေးက လူထုကြားမှာ တကယ်ကို လိုအပ်ပါတယ်။

မေး ။ ။ မိသားစုစီမံကိန်းဆိုတာကရော ဘာကို ပြောတာပါလဲ။ အကယ်၍ မိသားစုတစုမှာ စနစ်တကျ မိသားစု စီမံကိန်းမရှိဘူး/မလုပ်ဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါသလဲ။

ဖြေ ။ ။ မိသားစုစီမံကိန်းဆိုတာ စနစ်တကျပြင်ဆင်ပြီးမှ ကိုယ်ဝန်ဆောင်ကလေးမွေးတာလို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ မပြင်ဆင်ဘဲ ကလေးမွေးမယ်ဆိုရင် ကျန်းမာရေးအရလည်း မိခင်ရော ကလေးပါ ထိခိုက်နိုင်တယ်။ မိဘနှစ်ယောက်စလုံး ကိုယ်တိုင်အတွက်ကတော့ ကိုယ်မမျှော်လင့်ထားချိန်မှာ ကလေးရလာတာမို့ ကိုယ့်ပညာရေး၊ စီးပွားရေးအတွက် ရည်ရွယ်ထားတဲ့ ရည်မှန်းချက်တွေ ထိခိုက်ပျက်ဆီးသွားတာတွေ ဖြစ်မယ်။ တချို့စုံတွဲတွေမှာဆို နှစ်ယောက်ကြားက လိင်မှုဘဝကိုပါ ထိခိုက်လာနိုင်တယ်။

ကလေးအတွက်လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေမရဘဲ ကြီးပြင်းလာရရင် ခက်ခဲမယ်။ စီးပွားရေးအရ ပြည့်စုံတဲ့ မိဘတွေမို့ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ မကြုံရင်တောင် ရသင့်တဲ့ ချစ်ခင်နွေးထွေးမှု အပြည့်အဝမရနိုင်တဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာကတော့ တသက်လုံး ပါသွားနိုင်ပါတယ်။

မေး ။ ။ ဘာကြောင့် သားသမီး တဦးနဲ့ တဦးကြား သားဆက်ခြား ခိုင်းရတာလဲ။ သားဆက်ခြားတာက ဘယ်လောက်ထိ အရေးပါပါသလဲ။

ဖြေ ။ ။ ဘာကြောင့် သားဆက်ခြားရသလဲ။ ဒါဟာ ဘယ်လောက်ထိ အရေးပါလဲဆိုတာကို နှစ်ပိုင်းခွဲ ပြောလို့ရပါတယ်။ ပထမတပိုင်းက ကျန်းမာရေးအရပေါ့။ အမျိုးသမီးတယောက် ကိုယ်ဝန်ဆောင် ကလေးမွေးဖို့အတွက်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်ဖို့သင့်တော်တဲ့ ကျန်းမာရေး အခြေအနေ ရှိရပါမယ်။ မွေးဖွားချိန်မှာလည်း ရိုးရိုးမွေးတာ ဖြစ်ဖြစ်၊ ခွဲပြီးမွေးတာပဲ ဖြစ်ဖြစ် သွေးအထိုက်အလျောက် ဆုံးရှုံးတာ ရှိတယ်။ မိမိရင်သွေးကို ကိုယ့်ခန္ဓာကိုယ်က အရင်းအမြစ်၊ အသွေးအသားတွေ ခွဲပေးလိုက်ရတာတွေ ရှိတယ်။ ဒါတွေကို ပြန်လည် ဖြည့်တင်းဖို့လည်း လိုတယ်။ မွေးဖွားထားတဲ့ ကလေးကိုလည်း အနည်းဆုံး ခြောက်လ မိခင်နို့တမျိုးတည်း တိုက်ကျွေးသင့်တယ်လို့ ဆိုထားပြန်တယ်။ သားဆက်ခြား နည်းတမျိုးမျိုးသာ သေချာမသုံးထားခဲ့ရင် ပထမကလေးမွေးဖွားပြီး မကြာခင်မှာပဲ နောက်ထပ် ကလေး ရသွားနိုင်တယ်။ ဒါဆို မိခင်က မိမိကိုယ်တိုင်အတွက်ရော ပထမကလေးကိုရော ဂရုစိုက်ဖို့ ခက်ခဲသွားမယ်။ ပထမကလေးလည်း မဝ၊ နောက်ကလေးက မပြည့်မစုံ၊ အမေက ချို့တဲ့ ဖြစ်ရတော့တာပေါ့။ မိခင်ရော ကလေးတွေမှာပါ ကျန်းမာရေး ထိခိုက်လာနိုင်တာမျိုး ရှိမှာပေါ့။

နောက်တပိုင်းက လူမှုရေးအရပေါ့။ ကလေးတယောက် မွေးဖွားတယ်ဆိုတာက မွေးဖွားပြီးတာနဲ့ ရပ်သွားတဲ့ ဖြစ်စဉ် မဟုတ်ဘူး။ ကလေးမွေးမယ်လို့ စပြီးစဉ်းစားလို့ ကိုယ်ဝန်မဆောင်ခင်ကတည်းက မိဘဖြစ်လာဖို့အတွက် ကြိုတင် ပြင်ဆင်ရတယ်။ မွေးဖွားပြီးနောက်မှာလည်း ဒီကလေး ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရရှိပြီး ကြီးပြင်းလာနိုင်အောင် စောင့်ရှောက်ပေးရမယ်။ ဒီအတွက် မိဘတာဝန် ယူထားတဲ့သူတွေမှာ အသိပညာ၊ အချိန်၊ စီးပွားရေး စတာတွေ အဆင်သင့်ဖြစ်နေဖို့ လိုတယ်။ ကိုယ့်ဘက်က ဒီလိုအဆင်သင့်ဖြစ်ဖို့အတွက် ပြင်ဆင်နေချိန်မှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရမသွားဖို့အတွက်ဆိုရင် သားဆက်ခြား နည်းလမ်းတွေကို စနစ်တကျ အသုံးပြုဖို့ အရေးကြီးလာပါတယ်။

မေး ။ ။ သားသမီး ပထမတယောက် ယူအပြီး ဘယ်လောက်အကြာမှာ ဒုတိယမြောက် တယောက်ကို ယူသင့်ပါသလဲ။

ဖြေ ။ ။ ပထမကလေးကို မွေးဖွားပြီး အနည်းဆုံး၁ နှစ်ခွဲကနေ၂ နှစ်နီးပါးအကြာမှာ ဒုတိယကိုယ်ဝန် စယူသင့်ပါတယ်။ ဒါဆိုရင် ကျန်းမာရေးအရတော့ အဆင်သင့်ပြန်ဖြစ်တဲ့အချိန်ပေါ့။

မေး ။ ။ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာများ တိုက်တွန်းအကြံပြုချင်တာမျိုးရှိမလဲ။

ဖြေ ။ ။ ဘယ်သူမဆို မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာတွေကို သေချာ နားလည်သဘောပေါက်သင့်တယ်။ မျိုးဆက်ပွား ကျန်းမာရေးအသိပညာနဲ့ ဝန်ဆောင်မှုတွေကို ရယူပိုင်ခွင့်ရှိရမယ်။ အသိပညာ ဖြန့်ဝေပေးနေတဲ့ “မိတ်” လို အဖွဲ့ အစည်းတွေကနေ လေ့လာပြီး လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ရှာဖွေရယူဖို့လည်း တိုက်တွန်းပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading