မီ။ ဆရာမကြီး ကြည်အေး ၏ မီ။ ၁၉၄၈ ခုနှစ်က ရေးခဲ့သည့် မီ။
အနှီ မီသည် မြန်မာပြည် လွတ်လပ်ရေး ရကာစက နုသစ် ပျိုနုနေဆဲ စာရေးဆရာမလေး၏ ကလောင်ဖျားမှ ယိုစီးကျလာသည့် စိတ်ကူးပုံဖော်မှု ဖြစ်ပေသည်။ ထို မီသည် ဆယ်စုနှစ်ပေါင်း များစွာကို ကျော်ဖြတ်ပြီးသကာလ ယနေ့ ၂၀၁၈၊ နှစ်ပေါင်း ၇၀ အကြာတွင်မှ အရုပ်ဖြင့် ထင်ဟပ်ခြင်း ခံရပေသည်။ ထို မီသည် ယခုအခါ ဆေးလိပ်အစား အနီရောင် ကန့်လန့်ဖြတ် ပိုစတာတခုဖြင့် ဆင်ဆာ ဖြတ်ခံရပေသည်။ သေသည်အထိ ဆေးလိပ်မဖြတ်ခဲ့သော မီ ၂၀၁၈ မှ ဆင်ဆာ ထိလေသည် တကား။
အနုပညာ ဖန်တီးခွင့် ထက်သန် အားကောင်းစေရန် အနုပညာရှင်များ၊ စာပေသမားများသည် ဖြန့်ကျက် တွေးခေါ်နိုင်စွမ်းကို အစွမ်းကုန် ထုတ်သုံးရပေသည်။ အနုပညာရှင်သည် သူမြင်သမျှကို စာစီကုံး နေသည်မဟုတ်။ မြင်သမျှ၏ နောက်ကိုလွန်၍ စာဖတ်သူကို တွေးစေချင်သည်။ မြင်နိုင်သမျှ၏ ဟိုမှာဘက်အစွန်းအထိ ပရိသတ်ကို ကဆုန်စိုင်းစေချင်သည်။ ဤသည်ကိုပင် ဆင့်ပွား ဖန်တီး တွေးခေါ်နိုင်စွမ်းဟု ခေါ်ရပေမည်။
အနုပညာသည် ပုစ္ဆာတပုဒ်ကို ညီမျှခြင်းချ၍ ၂ နှင့် ၂ ပေါင်း ၄ ရသည်ဟု ပြောခြင်းမဟုတ်။ ၂ ဆိုသည့် ဂဏန်း၏ နောက်ကွယ်၊ ၄ ဟူသည့် ပညတ်၏ နောက်ကွယ်သို့ တံခါးဖွင့်လိုက်ခြင်းသာ ဖြစ်သည်။ အသင် ခံစားသူ စိတ်ကြိုက် ဆက်လက် ခံစားနိုင်ခွင့် ပေးထားသည်။ ယင်းအတွက် အနုပညာရှင်သည် ဤသို့ မယူလင့်၊ ဟိုသို့ မတွေးလင့်ဟု စာဖတ်သူ၊ ကြည့်ရှုသူအား လမ်းညွှန်နေလိမ့်မည် မဟုတ်ပါ။ လမ်းညွှန် နေပါကလည်း အနုပညာ မမြောက်တော့ပါ။
မီ ဆေးလိပ်သောက်သည်ပဲ။ မီကို ဖတ်မိသူတွေ ဆေးလိပ်စွဲရပေတော့မည် ဟူသော အတွေးအခေါ်သည် သိပ်ကို ရိုးစင်း ဘောင်ပိတ်လွန်းသည်ဟုသာ ဆိုချင်သည်။ မီသည် ယောက်ျားတကာကို ကစားသည်ပဲ။ မီကို ဖတ်မိသူများက လိုက်ကစားပါမည်လား။ မီသည် အရက်လည်း အလွန်သောက်နိုင်သည်တဲ့။ မီကို ဖတ်မိသူတွေ အရက်ကြိုက် ကုန်ရမည်တဲ့လား။
ရုပ်ရှင်ကားကြီးတွင်တော့ ဆင်ဆာတန်ခိုးဖြင့် မီ့ခမျာ ဖန်ခွက်သာ ကိုင်ရရှာသည်။ နှုတ်ခမ်းဖျားနှင့်ပင် မထိနိုင်ရှာ။ မီတို့ လုပ်ပြတိုင်းသာ တနိုင်ငံလုံး လိုက်လုပ်ကြကြေးဆိုလျှင် ဝါဒဖြန့် ဇာတ်ကားပေါင်း များစွာ၊ သန်းပေါင်းများစွာ အကုန်အကျခံ၍ ရိုက်ခဲ့လေသမျှ တနိုင်ငံလုံး လိုက်လုပ်ကြလေသလား။ အဲဒီလို ဇာတ်လမ်းတွေ အလကား လိုင်းတွေက လာနေလျှင်ပင် တီဗီလိုင်း ပြောင်းကြည့်ခဲ့ကြ ဖူးသူချည်း။
ပြည်သူက ပြသမျှ ကြည့်၊ ပြောသမျှ လိုက်လုပ်နေသည့် အတုခိုးတတ်သော မျောက်သာသာ သတ္တဝါလို့သာ ထင်ရှာသည်လား ဟု စတစ်ကာ ကပ်သူများကို မေးကြည့်ချင်မိသည်။
ဤကဲ့သို့ ကြပ်ကြပ်မတ်မတ် အနုပညာကို စည်းကြပ်ခဲ့သဖြင့် တို့မြန်မာနိုင်ငံ တနိုင်ငံလုံး လူကောင်း သူကောင်း၊ လူရိုးသူရိုးလေးတွေချည်း ဖြစ်နေကြပြီလား ဟုသာ မေးချင်ပါသည်။
အနုပညာ ဖန်တီးမှုနယ်မြေသည် ဆင်ဆာ တင်းကြပ်မှုများမှ မကင်းလွတ်သရွေ့ ဘယ်တော့မှ လူလား မြောက်မည် မဟုတ်ပါ။ မြန်မာ့မြန်မာ့ ရုပ်ရှင် နိုင်ငံ့ဂုဏ်အင်ဟု တနှစ်တခါ အကယ်ဒမီ ပွဲကြီး ဝှဲချီးကျင်းပကာ ဝါးလုံးခေါင်းထဲ လသာနေခဲ့သည်မှာ ကမ္ဘာကြီးသာ ရွာကြီး ဖြစ်ပြီး အရှေ့တောင် အာရှတခွင်က ရုပ်သံဇာတ်လမ်းတွဲတွေသာ မြန်မာနိုင်ငံသို့ ဝင်လာသည်၊ မြန်မာ့ မြန်မာ့ ရုပ်ရှင်ကတော့ မြန်မာ့ မြန်မာ့ ရုပ်ရှင်နေဆဲ။
တီထွင်ဖန်တီးမှုနှင့် ဘောင်ခတ်ထားခြင်းသည် ရန်ဘက်သာဖြစ်သည်။ ဉာဏ်ကွန့်မြူးစမ်းပါဟု တဖွဖွပြောပြီး ဟိုနားလောက် အထိပဲနော်ဟု စည်းကြပ်နေမှတော့ စည်းကြပ်သူ၏ ဉာဏ်ရည်နား လောက်တွင်သာ တလည်လည် ဖြစ်တော့မည်ပေါ့။
နောက်ထပ် ပြောချင်သည်မှာ အမျိုးသား၊ အမျိုးသမီးအပေါ် ထားရှိသည့် သဘောထား ဖြစ်သည်။ လူမိုက်ကားတွေ များစွာ ရိုက်ကူးကြပေသည်ပဲ။ မင်းသား အကျော်အမော်တို့ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်၊ ဥပမာ ဆိုရလျှင် ပန်းမြိုင်လည်က ဥယျာဉ်မှူး၊ လူမိုက်ဇာတ်ကောင် ကျော်ဟိန်း အကယ်ဒမီတောင် ရသေးသည်။ မိုက်တီး၏ ရိုက်ချက်များ။ ဘယ် သကောင့်သား၊ သကောင့်သမီးမှ မြန်မာ့ ယဉ်ကျေးမှု ပျက်ရချေရဲ့ဟု အသံမထွက်။ ဘယ်ဌာနကမှ မင်းသားနဲ့ ဒါရိုက်တာ အရက် ကုမ္ပဏီက ငွေယူထားလို့ ကြော်ငြာတာနေမှာပေါ့ဟု မစွပ်စွဲ။ အုတ်ကြားမြက်ပေါက်မှာလည်း ကြည့်။ မြင့်မြတ်က ပုဆိုး ခြေမျက်စိဖုံးနဲ့ ယဉ်တစစ သရုပ်ဆောင်ခဲ့သည်မှ မဟုတ်တာပဲ။
မီ ဆေးလိပ်သောက်တော့မှ အသံကုန်ဖျစ်အော်ကြသည်။ မီ ဇာတ်လမ်းလေးမှ ဆုံးအောင် မဖတ်ဖူးမှန်း သိသာလွန်းလှသည်။
ဤအဖြစ်အပျက်သည် အနုပညာကို ခံစားတတ်သော နှလုံးသားတို့ ခမ်းခြောက်လာခြင်း၊ ဇာတ်လမ်း တခု၏ အစ၊ အလယ်၊ အဆုံး၊ အဆုံး၏ နောက်သို့ လှမ်းမျှော်ကြည့်နိုင်စွမ်း နည်းလာခြင်းကို ပြခြင်း ဖြစ်သည်။ အခုတော့ မီ့ခမျာ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါသည်ဟူသော စာတမ်း၊ စတစ်ကာ များ၏ အောက်တွင် ဖျော့တော့သော မီသည် မှိန်ဖျော့လေပြီ။
မီသည် ဆေးလိပ်တိုက်ဖျက်ရေး ဝါဒဖြန့်ကား မဖြစ်ဖြစ်အောင် ပုံဖော်ခံရလေပြီ။ မီသည် ဘဝကို ရေစုန် မျောသော၊ ကျားတကာတို့ကို လက်စားချေသော သွေးဆာသည့် ကျားသစ်မလေး အဖြစ်မှ ဆေးလိပ် တိုက်ဖျက်ရေး ကိုယ်စားလှယ် ဖြစ်ရလေပြီ။ မီသာ သက်ရှိထင်ရှားရှိလျှင် ကျားတွေကို လက်စားချေသည့် သွေးဆာသူလေး အဖြစ်မှ သူ့ဘဝကို သူ့စိတ်ကြိုက် ပြသခွင့်မရအောင် ပိတ်ပင်သူများကို အရွဲ့ တိုက်သည့် ဆေးလိပ် ကော်ပရေးရှင်းကြီးများ ထောင်လေမည်လား မသိ။ မိန်းမသား တယောက်၏ ဘဝ အလျဉ်ကိုတောင်မှ လွတ်လပ်စွာ နာကျည်းခွင့် မပေးတော့ပါလား။
ထို့ထက် အရေးကြီးသည့် တချက်မှာ အလုပ်အကိုင်နှင့် အမည်သညာတို့ကြားက ပြဿနာပင်ဖြစ်သည်။ သရုပ်ဆောင် ပိုင်ဖြိုးသုသည် သရုပ်ဆောင်ဖြစ်သည်။ သူ၏ ဩဇာသည် သူ့အနုပညာဈာန် စီးမျော နိုင်အားဖြစ်သည်။ သူ၏ အနုပညာဈာန် စီးမျောနိုင်အားကြောင့် ပရိသတ်ချစ်သည်။ ပရိသတ် ချစ်သည့်အတွက် သူ၏ ဩဇာကို အမှီပြု၍ ပညာပေးနိုင်အောင် ကျန်းမာရေး သံတမန် ခန့်ခြင်းဖြစ်သည်။
ပိုင်ဖြိုးသုသည် ဆေးပညာရှင် မဟုတ်ပါ။ သရုပ်ဆောင်သာ ဖြစ်သည်။ ကျရာ ဇာတ်ရုပ်ကို သရုပ် ဆောင်ရသည့် သရုပ်ဆောင်သာ ဖြစ်သည်။ ဇာတ်ကောင် အားကောင်းသည့် ရုပ်ရှင်များသည် သူ၏ ဩဇာကို ပိုမိုကြီးမားစေသည့် အထောက်အပံ့များ ဖြစ်သည်။ ကျန်းမာရေး သံတမန် အဖြစ် ခန့်အပ် သည်နှင့် ဆေးကြော်ငြာများပဲ ရိုက်နေရမည်လား။ ဒီလောက်လေးတော့ဖြင့် ခွဲခြားမြင်စေချင်သည်။
အထူးသဖြင့် မီ ဘာမှန်း သေချာမသိဘဲ ဆေးလိပ်သောက်တာ မြင်တာနဲ့ ပိုင်ဖြိုးသုကို ဝိုင်းဆဲ နေကြသူများ၊ ကန့်ကွက်ကြသူများသည် မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလို မီကို စမ်းနေကြရုံသာမဟုတ်၊ အနာဂတ် အနုပညာ ဖန်တီးမှုအားကို သေကွင်းပို့နေကြခြင်းသာ ဖြစ်သည်။
သရုပ်မှန်ကိုလည်း ပြလို့မရ၊ စိတ်ကူးဉာဏ် ကွန့်မြူးမှုကိုလည်း တားမြစ်နေသရွေ့တော့ မြန်မာ့ မြန်မာ့ ရုပ်ရှင်သည် ငတုံးများသာ အားပေးမည့် ပေါကား အဆင့်မှ ဘယ်တော့မှ တက်လာတော့မည် မဟုတ်ပေ။
(စာရေးသူသည် သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။)