ရန်ကုန်မြို့ရဲ့ ကြက်တောင်အားကစားရုံအတွင်းမှာ အားကစားဝတ်စုံအနီရောင် ဝတ်ဆင်ကာ ကြက်တောင်ရိုက်လေ့ကျင့်နေတဲ့ အမျိုးသမီးငယ်တဦးကို တွေ့ရပါတယ်။
ချွေးတပြိုက်ပြိုက်ကျသည်အထိ လေ့ကျင့်ကစားနေတဲ့ သူကတော့ အသက် ၁၉ နှစ်အရွယ်ရှိ မသက်ထားသူဇာ ဖြစ်ပါတယ်။ သူဟာ ဖိတ်ခေါ်ပြိုင်ပွဲတခုဖြစ်တဲ့ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့တဲ့ Egypt International Series 2018 ပြိုင်ပွဲမှာ အမျိုးသမီး တဦးချင်းဖိုင်နယ်ပွဲစဉ်မှာ ချန်ပီယံပထမဆု ဆွတ်ခူး ရရှိခဲ့သူဖြစ်ပါတယ်။
မသက်ထားသူဇာက နိုင်ငံတကာပြိုင်ပွဲပေါင်း ၈ ပွဲပြိုင်ခဲ့ဖူးပြီး တတိယဆု ၃ ကြိမ်ရရှိကာ အီဂျစ်နိုင်ငံမှာ ပြုလုပ်တဲ့ ပြိုင်ပွဲမှာ ပထမဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်တယ်။ ဒီပြိုင်ပွဲအတွေ့အကြုံတွေ၊ ပြိုင်ဘက် ကစားဖော်တွေနဲ့ အတူ လေ့ကျင့်ရေး ဆင်းခဲ့တဲ့ အတွေ့အကြုံကြောင့် နိုင်ငံတကာပြိုင်ပွဲတွေက သူအနေနဲ့ အခက်အခဲ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ သိရပါတယ်။
“ ညီမသွားပြိုင်တဲ့အခါ ဒီဆုကို ရကိုရရမယ်ဆိုတဲ့ စိတ်ဓာတ်သွားပြိုင်တာကြောင့် အခုလို ပထမဆု ရခဲ့ တာပါ။ အခက်အခဲကတော့ အီဂျစ်နိုင်ငံက မြန်မာနိုင်ငံနဲ့ဝေးတော့ သွားရတာ ခက်ခဲပင်ပန်းခဲ့ရတယ်”လို့ သက်ထားသူဇာက ပြောပါတယ်။
မိဘနှစ်ပါးလုံးက ကြက်တောင်ကစားသမားဟောင်းတွေ ဖြစ်ကြပြီး ဖခင်ဖြစ်သူက ၁၉၉၅ ခုနစ် အရှေ့တောင်အာရှဆီးဂိမ်းမှာ တတိယဆုရရှိထားတဲ့ လက်ရွေးစင်ဟောင်းတဦးဖြစ်ပါတယ်။ သူတို့မိသားစု ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့တဲ့အချိန်က သမီးဖြစ်သူ သက်ထားသူဇာက ငယ်သေးတာကြောင့် အိမ်မှာပဲ လေ့ကျင့် စေခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အချိန်မှာ ဖခင်ဖြစ်သူက ကြက်တောင်အဖွဲ့ချုပ်မှာ နည်းပြအဖြစ် လုပ် ကိုင်နေတဲ့အတွက် သက်ထားသူဇာက နေ့စဉ်သူမရဲ့ဖခင်နဲ့ ကစားကွင်းသို့ လိုက်ပါလာလေ့ရှိပြီး ကြက်တောင် ကစားပါတယ်။
“တခါတလေ လေ့ကျင့်ရတာ နေ့တိုင်းဖြစ်တဲ့အတွက်ကြောင့် ပျင်းတဲ့ရက်တွေတော့ ရှိတယ်။ ညီမ ကောင်းကောင်းမလုပ်ရင် နည်းပြတွေက ဆူတယ်။ ကစားဖော်တွေကလည်း ဆူတယ်။ ဆူတာကလည်း သူတို့က ညီမကို ဖြစ်စေချင်လို့ပါ။ ဒါပေမယ့် ညီမ အကောင်းဆုံး လုပ်ပါတယ်။ ဒီအတွက် သည်းခံသင်ကြားပေးတဲ့ နည်းပြတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။” လို့ သက်ထားသူဇာက ပြောပါတယ်။
ယခင်တုန်းက ကြက်တောင်ရိုက် အားကစားကို ဆောင်းရာသီရဲ့ နံနက်ခင်းတွေမှာ လူအများစုက လေ့ကျင့်ခန်း အနေနဲ့ ကစားလေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီအားကစားကို စိတ်ဝင်တစားရှိသူ နည်းပါးလာပါတယ်။
ကြက်တောင်ရိုက်စရာ မြေနေရာ၊ ကစားကွင်းတွေ နည်းပါးလာတာကလည်း ကစားနည်းကို လူတွေ စိတ်ဝင်စား မှု နည်းလာတဲ့ အကြောင်းအရင်းတခု လို့ ဆိုရမှာပါ။
၁၉၉၅ ခုနစ် ရှေ့ပိုင်းကာလတွေမှာဆိုရင် ကြက်တောင်လောကမှာ လက်ရွေးစင်အားကစားသမားများ ၊ ထူးချွန်တဲ့ကစားသမား အတော်များများ ထွက်ပေါ်ခဲ့တယ်။
အဲဒီအချိန်ကာလက မြန်မာ့အားကစားဆိုတာ အာရှမှာ အောင်မြင်မှု အရှိဆုံး နိုင်ငံတနိုင်ငံဖြစ်ခဲ့တဲ့ အချိန်ပါ။
လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ ဒေါ်မြလေးစိန်ဆိုရင် ၁၉၇၅ ခုနစ်က ဒေါ်သီတာအေးညွန့်နဲ့ နှစ်ယောက်တွဲယှဉ်ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့တယ်။
၁၉၇၉ ခုနစ်၊ တရုတ်ပြည်မှာကျင်းပတဲ့ ကမ္ဘာ့ဖိတ်ခေါ်ပြိုင်ပွဲ ကျား၊ မ ၂ ယောက်တွဲမှာ ဒေါ်မြလေးစိန်က ဒုတိယဆု ရရှိခဲ့ပြီး နောက်ပိုင်း၌ မြန်မာ့ကြက်တောင်လောကတွင် ထူးချွန်တဲ့ အမျိုးသမီးကြက်တောင် အားကစား သမားသစ် ထပ်မံ ပေါ်ထွက်လာခြင်းမရှိခဲ့ပါ။
မျိုးဆက်သစ်ပျောက်လုနီးပါးရှိနေတဲ့ ကြက်တောင်အားကစားနည်းမှာ သက်ထားသူဇာ ရဲ့ ရွှေတံဆိပ်ဆုရရှိ လိုက်တာက ကြက်တောင်အားကစားလောကကို ပြန်လည်သက်ဝင်စေခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသမီးတဦးချင်းအနေနဲ့ ကြက်တောင်ရိုက်အားကစားမှာ ရွှေတံဆိပ်ဆုကို သက်ထားသူဇာက ပထမဆုံးအကြိမ် ပြန်လည် ရရှိယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ အီဂျစ်နိုင်ငံက ပြုလုပ်တဲ့ပြိုင်ပွဲမှာ ဂျော်ဒန်နဲ့ ချက်နိုင်ငံက ကစားသမားတွေကို ရမှတ်အသာစီးနဲ့ နိုင်ခဲ့သလို ကွာတားအဆင့်မှာလည်း ဟန်ဂေရီကစားသမားကို နှစ်ပွဲပြတ် နဲ့နိုင်ခဲ့တယ်။ နောက်ပြီး ကြက်တောင်လောကမှာ နေရာတခု အခိုင်အမာရထားတဲ့ အာဆီယံဒေသအတွင်းပြိုင်ဘက် မလေးရှားကစားသမားကို ဆီးမီးမှာ နှစ်ပွဲပြတ်နဲ့ နိုင်ပြီး ဖိုင်နယ်တက်နိုင်ခဲ့ပြီး ရွှေတံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
“ညီမတို့ရဲ့ မြန်မာနိုင်ငံရဲ့ ကြက်တောင်လောကက အဓိကကတော့ လေ့ကျင့်ရေးအပိုင်း၊ အခြေခံလေ့ကျင့်ရေး အပိုင်းတွေမှာ အဓိက လိုနေပါတယ်။ တခြားနိုင်ငံတွေမှာ ဒီထိုင်းတို့၊ မလေးရှားတို့ အင်ဒိုနီးရှားတို့ဆိုလို့ရှိရင် ကြက်တောင်အားကစားနည်းက အရမ်းတိုးတက်နေပြီ။ မြန်မာနိုင်ငံမှာက ကွင်းကလည်း နည်းတယ်။ အဲဒီတော့ ကစားသမားတွေကလည်း ရိုက်ဖို့ ကွင်းမရှိတဲ့အတွက်ကြောင့် လေ့ကျင့်ခန်းလုပ်ဖို့လည်း အဆင်မပြေဘူး။ လူတွေက ကြက်တောင်ကို စိတ်ဝင်စားပေမယ့် ပံ့ပိုးမှုတွေ နည်းတယ်။ လေ့ကျင့်ကွင်းတွေ၊ ပြိုင်ပွဲလွှတ်တာတွေ နည်းတယ်။ အဲဒါတွေ အဓိကထားပြီး ပြုပြင်ပေးမယ်ဆိုရင် မြန်မာ့ကြက်တောင်လောက အောင်မြင်မယ်လို့ ထင်ပါတယ်”လို့ သက်ထားသူဇာက ရှင်းပြတယ်။
လက်ရှိအနေအထားအရဆိုရင် မြန်မာကြက်တောင်လောကက အခြေခံလေ့ကျင့်ရေး အပိုင်းနဲ့ နည်း စနစ်ပိုင်းတွေမှာ အဓိက လိုအပ်နေပါသေးတယ်။ တခြားအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှား နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာဆိုရင် ကြက်တောင်အားကစားနည်းက တိုးတက်နေပြီလို့သိရပါတယ်။
သက်ထားသူဇာက Myanmar Imperial University ရဲ့ BA (Hons:) Business and Management Programme မှာ Postgraduate တက်နေပြီး ပညာရေးမှာလည်း ထူးချွန်သူတဦးဖြစ်တယ်။
သူဟာ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ကြက်တောင်ရိုက် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်လေ့ရှိပြီး နေ့လည်ဘက်က ကျောင်းတက်ရတယ်လို့ သိရပါတယ်။
“တနေ့ကို မနက်တကြိမ်၊ ညနေတကြိမ် ကစားရတယ်။ မနက်ဆို ၉နာရီခွဲကနေ ၁၂နာရီအထိကစားရပြီး ညနေကျရင် ၅ နာရီကနေ ၇ နာရီအထိ ကစားရတယ်။ အဲဒါက တနလာၤနေ့ ကနေ သောကြာနေ့အထိဖြစ်တယ်။ စနေနေ့ကတော့ မနက်ပိုင်းတချိန်ပဲ ကစားရတယ်။” လို့ သူက ပြောပြတယ်။
သက်ထားသူဇာနဲ့ ပတ်သက်ပြီး သူရဲ့ နည်းပြတဦးဖြစ်တဲ့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က “ သူက နည်းပြတွေပြောဆိုတဲ့အပေါ်မှာ လိုက်နာမှုရှိတယ်။ ငယ်တယ်။ ထက်မြက်တယ်။ သူမှန်တယ် ထင်တာကို ဆွေးနွေးနိုင်တာ ရှိတယ်” လို့ ရှင်းပြပါတယ်။
မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှာ သက်ထားသူဇာအပါအဝင် အာဆီယံဆီးဂိမ်း၊ လက်ရွေးစင်နဲ့ လူငယ်သွေးသစ်တွေ စုစုပေါင်း ၂၅ ဦး ရှိတယ်။
အဖွဲ့ချုပ်အနေနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက အလားအလာရှိတဲ့ ကစားသမားတွေကို ရွေးချယ်ခေါ်ယူပြီး နိုင်ငံတော်ရဲ့ပံ့ပိုးတဲ့စရိတ်နဲ့ အလားအလာ ရှိတဲ့သူတွေကို လေ့ကျင့်ပေးတယ်။
အဖွဲ့ချုပ်ကနေ ရွက်ပုန်းသီးကစားသမားတွေကို စရိတ်ကုန်ကျခံသလို နိုင်ငံတော်ကလည်း ပံ့ပိုးပေးတယ်။ အဲဒါအပြင်နေထိုင်စားသောက် စရိတ်အပြင် ကျောင်းတက်လိုပါကလည်း ပညာရေးမှူးတွေနဲ့ ညှိနှိုင်းစီစဉ်ပေးတယ်လို့ သိရပါတယ်။
လက်ရှိမှာ သက်ထားသူဇာကို အားကစားပစ္စည်းရောင်းတဲ့ Yonex ကုမ္ပဏီက ထောက်ပံ့ပေးထားသလို (AOP)ဆိုတဲ့ အိုလံပစ်ပရော့ဂျက်ကနေ တနှစ်စာဒေါ်လာ ၃ ထောင် ထောက်ပံ့ပေးထားတာရှိပါတယ်။ သို့သော် သက်ထားသူဇာက ဥရောပအထိ ဖိတ်ခေါ်ပြိုင်ပွဲတွေ သွားကစားရတဲ့အတွက် တနှစ်စာ သူရဲ့စရိတ်က သိန်းရာ နဲ့ချီရှိတယ်လို့ သိရပါတယ်။
ကစားသမားတယောက်အတွက် စိတ်ဓာတ်နဲ့ စည်းကမ်းက အဓိက ရှိရမှာဖြစ်သလို ဦးစီးဦးဆောင် လမ်းပြ သူတွေကလည်း တတ်သိကျွမ်းကျင်မှုအပြင် ကစားသမားတွေနဲ့သင့်တော်တဲ့နည်းစနစ်သုံးမှသာ အောင်မြင်မှု ရနိုင်မှာဖြစ်တယ်။ အဲဒါအပြင် အားကစားမှာ ငွေကြေးတခုထဲနဲ့မအောင်မြင်နိုင်ပါဘူးလို့ ကြက်တောင် အားကစားသမားဟောင်းတွေက သုံးသပ်ကြပါတယ်။
ယခုအစိုးရသစ်လက်ထက်မှာတော့ ကြက်တောင် အားကစားကို စိတ်ပါဝင်စားပြီး လာရောက်ကစားကြတဲ့ အားကစားသမားတွေ များလာတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။
သက်ထားသူဇာအနေနဲ့က နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆက်ရိုက်သွားဖို့ရှိသလို သူရဲ့ အဓိက ရည်မှန်းချက်က ဂျပန်မှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ်မှာ ကွာလီဖိုင်း round လောက် ရိုက်လို့ရအောင် ကြိုးစားပြီး အမှတ်ယူကာ မြန်မာပြည် အိုလံပစ်ရအောင် ကြိုးစားပြီးရိုက်မယ်လို့ ပြောပါတယ်။
ထူးချွန်တဲ့ ကြက်တောင်အားကစားသမားကောင်းတွေထွက်ပေါ်လာစေဖို့အတွက်ဆိုရင် ကစားကွင်း၊ ကစားရုံတွေ များများရှိဖို့လိုသလို နိုင်ငံတော်ကလည်း မျိုးဆက်သစ်အားကစားသမားတွေကို မွေးထုတ်ပေး နိုင်ရင် ကြက်တောင်လောကက ယခုထက်ပိုမိုအောင်မြင်လာနိုင်ပါတယ်။
ကစားသမားတွေ အဆင်ပြေစွာ လေ့ကျင့်နိုင်တဲ့ ကစားကွင်းတွေ လိုအပ်နေသလို နိုင်ငံတော်က ဦးစီးပြီး ဖိတ်ခေါ်ပြိုင်ပွဲတွေ၊ CLUBပေါင်းစုံပြိုင်တွေကို များများစေလွှတ်ပေးဖို့လည်း လိုနေပါသေးတယ်လို့ အားကစားသမားတွေက အကြံပြုကြပါတယ်။