Women & Gender

ရှေ့မှာ ရှိတဲ့အခွင့်အလမ်းတွေကို မြင်တတ် ဖို့ပါပဲ

Want create site? Find Free WordPress Themes and plugins.

လူမူစီးပွားရေးနယ်ပယ်တွင် ထင်ရှားကျော်ကြားပြီး အောင်မြင်မှုရနေသည့် အမျိုးသမီးများစွာ ရှိပါသည်။ယင်းကဲ့သို့ အောင်မြင်မှုမှ လွယ်ကူစွာရရှိခဲ့ခြင်းမဟုတ်ပေ။ သို့ဖြစ်ရာ တွေ့ကြုံခဲ့ရသော အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ၎င်းတို့ ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများနှင့်ပတ်သက်ပြီး Flanders Belgium Investment and Trade Office၏ အကြံပေးဖြစ်သူ မအိမ့်ဖူးဖူးအောင်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ စီးပွားရေးစလုပ်ဖြစ်တဲ့အတွေ့အကြုံ ပြောပြပေးပါဦး။

ဖြေ ။ ။ ကျမ ဆယ်တန်းအောင်ပြီးပြီးချင်းမှာ study guide လုပ်ဖြစ်တယ်။ အသက် ၁၆နှစ်အရွယ်ပဲရှိသေးတာ တော်တော်အောင်မြင် နေပြီ။ အဲဒီအချိန်မှာ ကျမရဲ့ဝင်ငွေက သုံးသိန်းကျော်လောက်ရှိပြီ။ အဲဒါကို ဆက်လုပ်ရင်းကျောင်းတက်တယ်။ ကျောင်းမှာ ကိုယ့်သူငယ်ချင်းတွေ ရုပ်ရှင်သွားကြည့်တယ်။ ပန်းခြံသွားနေတဲ့အချိန်မှာ ကျမက အတန်းလစ်ပြီး guideသင်မယ်ဆိုတာ အမြဲတွေးဖြစ်နေတယ်။ ပိုက်ဆံရတာကို သိပ်ကျေနပ်တယ်။ အောင်မြင်တယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တယ်။ တနေ့ကျမ လည်ပင်းနာလို့ အသံမထွက်တဲ့အချိန်မှာ ကျမပိုက်ဆံမရှာနိုင် တော့ဘူးဆိုတာ သဘောပေါက်လာတယ်။ နောက်ဖိအားတခုက စာမေးပွဲနီးရင် ကျောင်းသားတွေစာမရမှာစိုးတဲ့ ဖိအားရှိတယ်။ အဲဒီအချိန်မှာ ကိုယ်ဘယ်လိုလူမျိုးတယောက်ဖြစ်ချင်လဲဆိုတာ တွေးမိလာတယ်။ စာသင်တာ ကတော့ ကျမဝါသနာမပါတာသေချာတယ်။ ဒါပေမယ့် အများနဲ့စကားပြောရတာ ဝါသနာပါတယ်ဆိုတာ သိလာတယ်။တဦးနဲ့ တဦးဘယ်လိုဆက်ဆံသလဲဆိုတာ ကျမဝါသနာပါတယ်။

မေး ။ ။ စီးပွားရေးကောင်စစ်ဝန်တယောက်ဖြစ်လာဖို့ အခက်အခဲတွေရှိခဲ့လား။

ဖြေ။ ။အောင်မြင်တဲ့လမ်းကြောင်းတခုကို လျှောက်တဲ့နေရာမှာ မှန်ကန်တဲ့ ရွေးချယ်မှုကို ချတဲ့နေရာမှာ အင်မတန် အရေးကြီးပါတယ်။ ကျမရဲ့လမ်းကြောင်းမှာ ပြန်ကြည့်မယ်ဆိုရင်တော့ ကျမကျောင်းပြီးတဲ့အချိန်မှာ လူတွေ တယောက်နဲ့ တယောက်စကားပြောတာကို ကျမ သိပ်ဝါသနာပါတယ်။ တဦးနဲ့ တဦးဆက်ဆံတဲ့ လူမူရေး သိပ္ပံတက်ချင်တယ်။ နိုင်ငံရေးသိပ္ပံပညာ ကျမ ဝါသနာပါတယ်။ အဲဒါကို သိလာတယ်။ အဲဒီတော့ ကျမ နိုင်ငံရေး သိပ္ပံကို ထိုင်းနိုင်ငံမှာ သွားတက်ခဲ့တယ်။ ၂၀၁၀ ခုနှစ် အချိန်က နိုင်ငံရေးသိပ္ပံတက်တယ်လို့ ပြောလိုက်ရင် နိုင်ငံရေး သမားဖြစ်မှာ။ ထောင်ကျမှာဆိုပြီး ကျမကို အားလုံးဝိုင်းတားတယ်။ ဒါပေမယ့် ကျမဆက်တက်ခဲ့တယ်။ နောက်ပြီး မြန်မာပြည်ကို ပြန်လာတော့ ဘာလုပ်မလဲဆိုတာ ကျမအတွက် စိန်ခေါ်မှုဖြစ်ခဲ့တယ်။

နောက်တခု အတွေ့အကြုံတွေဖြစ်တယ်။ မှန်ကန်တဲ့ရွေးချယ်မှုတွေကို လုပ်ဖို့အတွက် ကျမအတွေ့အကြုံတွေ အများကြီးရှိလာတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုသလိုပဲ အလုပ်များများလုပ်ပါ။ ပြီးရင် အတွေ့အကြုံကနေ ရွေးချယ်မှုလမ်းကြောင်းတွေ မှန်ကန်လာပါမယ်။ တခါတလေကျတော့ ကျမတို့က အခွင့်အလမ်းဆိုတာ အဝေးကြီးမှာလို့ ထင်တယ်။ အဲဒီတော့ ကိုယ် အနားမှာ ရှိတဲ့အခွင့်အလမ်းတွေကို မမြင်တတ်ကြဘူး။ ဒါကြောင့် မြန်မာပြည်ကို ပြန်လာပြီး UK ဘန်ကောက် မှာ ၅နှစ်လောက် လုပ်နေတဲ့အချိန်မှာ ဒီစီးပွားရေးကောင်စစ်ဝန်အလုပ်ပေါ်လာတယ်။ အသက်ငယ်တဲ့ အချိန် ဒီလုပ်ငန်းကြီးကြီးနဲ့ဆိုတော့ ဖြစ်ပါ့မလားလို့ မယုံရဲပဲနဲ့စခဲ့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ဒီလုပ်ငန်းကို စခဲ့တယ်

မေး ။ ။ အောင်မြင်တဲ့အမျိုးသမီးတယောက်အဖြစ် ဘာကြောင့်ရပ်တည်နိုင်ခဲ့တယ်လို့ထင်သလဲ။

ဖြေ။ ။ ကျမဘွဲ့ရခဲ့တာတော့ စီးပွားရေးစီမံခန့်ခွဲမှုဖြစ်တယ်။ အဲဒီမှာလည်း ဂဏန်းတွေ ၊စာရင်းတွေကို မသိခဲ့ဘူး။ ကိုယ်ဝါသနာပါတာ ကိုယ်စိတ်ဝင်စားတာက နိုင်ငံရေးသိပ္ပံ။ ဒါပေမယ့် ကျမ ၁၆နှစ်လောက်က အင်္ဂလိပ်စာ သင်တန်းတက်တော့ အဲဒီမှာ ကိုယ့်ရည်မှန်းချက်ဆိုတာတွေ ပြောရတာရှိတယ်။ ကျမ အမြဲတမ်း ပြောတာ က့မြန်မာနိုင်ငံမှာ first ladyတို့ ဝန်ကြီးချုပ်တို့ ဖြစ်ချင်တယ်။အဲဒီတော့ ကျမအတန်းထဲမှာ အရယ်ခံရတယ်။ အဲဒီအရယ်ခံရတာက အိပ်မက်ဖြစ်ခဲ့တယ်။ တခါတလေမှာ ကိုယ်ရဲ့စိတ်ကူးယဉ် အိပ်မက်တွေကလည်း မြုပ်သွားတတ်တာလည်း ရှိတယ်။ အများက ဘေးပတ်ဝန်းကျင်ကလှောင်လိုက်လို့ မြုပ်သွားတာလည်း ရှိတယ်။ ဒါပေမယ့် တချိန်မှာ ပြန်ဖော်ထုတ်လာတဲ့အချိန်မှာ ဒီလမ်းကြောင်းပေါ်ကို ပြန်ရောက်လာတယ်။ ကိုယ့်ယုံကြည် ချက်တွေ ကိုယ်အိပ်မက်တွေကို ရဲရဲသာဖော်ပါ။ ဘေးနားက လှောင်ရီနေပေမယ့်လည်း ကိုယ့်ရဲ့အိပ်မက်တွေ ခမ်းခမ်းနားနားလုပ်ပါ။

အဲဒီအချိန်မှာ ကျမ စံထားရမယ့် ပုဂ္ဂိုလ်တယောက်ကို သွားတွေ့တယ်။ အမှန်အတိုင်းပြောရရင် ကျမတို့နိုင်ငံမှာ နိုင်ငံရေးသိပ္ပံနဲ့ပတ်သက်ပြီး စံထားရမယ့် ပုဂ္ဂိုလ်တွေက အကန့်အသတ်ဖြစ်ပါတယ်။ ဘယ်သူကို စံထားရမလဲ ဆိုတာ အကန့်အသတ်ရှိတယ်။ အဲဒီအချိန်မှာ အာရှဖောင်ဒေးရှင်းက လူငယ်၁၀ယောက်ထဲမှာ မြန်မာပြည် ကိုယ်စားပြုအနေနဲ့ ကျမ အရွေးခံခဲ့ရတယ်။ ကျမအားကျရတဲ့စံထားရတဲ့သူတယောက် ဖိလစ်ပိုင်မှာ သွားတွေ့တယ်။ သူက ၃၂နှစ်နဲ့ MDဖြစ်တယ်။ ကိုယ်လည်း နောက်၁၀နှစ်မှာ မဖြစ်လာနိုင်ဘူးလား။ နိုင်ငံတနိုင်ငံအတွက် ဘယ်လိုလုပ်ပေးလို့ရမလဲလို့ အတွေးဝင်တယ်။ အဲဒီအချိန်ကစပြီး ကျမရဲ့လမ်းကြောင်း တွေ ပြန်ပြီးတော့ ရလာတယ်။

မေး ။ ။ စီးပွားရေးမှာ အမျိုးသမီးဦးဆောင်တာနဲ့ အမျိုးသားဦးဆောင်တာ ဘယ်လိုကွာခြားမှုရှိလဲ။

ဖြေ ။ ။ စီးပွားရေးအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာ ကိုယ်က ဘယ်လို နေရာမျိုးမှာ တာဝန် ယူထားတာလဲဆိုတာက အရေးကြီးပါတယ်။ ဒါက အာရှယဉ်ကျေးမှုမှာပဲ ရှိတာမဟုတ်ပါဘူး။ အနောက်တိုင်းယဉ်ကျေးမှုမှာ ကျား၊ မတန်းတူညီမျှရေးမှာ အမြဲတမ်း ဆွေးနွေးရတယ်။ အကြီးတန်းအုပ်ချုပ်မှု ရာထူးကို ကြည့်လိုက်ရင် အမျိုးသားတွေက ဦးဆောင်တဲ့ နေရာမျိုးဖြစ်နေတယ်။ အမျိုးသမီးတွေအတွက်ကျ ဒီအခြေအနေကို ဖြတ်ကျော် ရတဲ့အနေအထားမျိုးဖြစ်နေတယ်။ ကျမဆိုရင် ကျမရဲ့လုပ်ငန်းမှာ ဦးဆောင်သူ တယောက်အနေနဲ့ လုပ်ကိုင်တဲ့ အခါ အမျိုးသမီးတယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေက အများကြီး ရှိတယ်။ ဥပမာဆိုရင် စက်ရုံ ဖြစ်တဲ့အတွက်ကြောင့် အစည်းအဝေး အခု ၁၀၀လုပ်မယ်ဆိုရင် ကျမတို့အများဆုံး တွေ့ရတဲ့သူက အမျိုးသားတွေ ဖြစ်တယ်။ အမျိုးသမီးက ဆယ်ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီအမျိုးသမီး ဆယ်ရာ ခိုင်နှုန်းအနေနဲ့ကျတော့ အင်မတန်ခက်ခဲတယ်။ ကျမတို့ အလုပ်ခရီးတွေ ထွက်ရတာကလည်း အမျိုးသမီးတွေ အတွက် စိန်ခေါ်မှုတွေ ဖြစ်တယ်။ ဒီလိုမျိုး စိန်ခေါ်မှုတွေ ရှိပါလျက်နဲ့ ကျမတို့ အမျိုးသမီးတွေက ကိုယ့်ကိုယ် ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ ကွက်လပ်လေးတွေ ဖြည့်းပေးရင်း လုပ်ဆောင်သွားမယ်ဆို အမျိုးသမီးတွေကို market economy မှာ အများကြီးတွေ့ရပါမယ်။

မေး ။ ။ အမျိုးသမီးတွေ စီးပွားရေးမှာ ဦးဆောင်လာတာက စီးပွားရေးအတွက် ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ ။ ။ မတူညီတဲ့ အကြောင်းတွေ ပြောချင်တယ်။ အဓိကက တဦးနဲ့ တဦး မတူညီကြဘူး။ အမျိုးသား၊ အမျိုးသမီး မှ genderမှ မဟုတ်ပဲ တဦးတယောက်ချင်းစီရဲ့ personal ပေါ်မှာလည်း မူတည်တယ်။ နံပါတ် ၁ က ပြဿနာ တခုဖြစ်လာပြီဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာ တယောက်နဲ့ တယောက် မတူဘူး။ အမျိုးသားကိုင်တွယ်ပုံနဲ့ အမျိုးသမီးကိုင်တွယ်ပုံက တူချင်မှ တူမယ်။ ရိုးရာပိုင်းမှာလည်း ကွာကောင်း ကွာနိုင်တယ်။ gender အရဆိုရင်လည်း အမျိုးသမီးတွေ စီမံခန့်ခွဲတာနဲ့ အမျိုးသားစီမံခန့်ခွဲမှုက ကွာတယ်။ ကျမအနေနဲ့ကျတော့ ဘယ်သူသာတယ်။ ဘယ်သူက ပိုပြီးတော်တယ်ဆိုတာထက် ကျမတို့မှာ မတူညီတဲ့အခြေ အနေတွေရှိတယ်။ အဲဒါတွေကို နားလည်မှုပေးမယ်။ နေရာပေးမယ်ဆိုရင် အားလုံးလက်တွဲညီညီနဲ့ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ အမျိုးသမီးတယောက်စီးပွားရေးမှာ ဦးဆောင်တဲ့အခါ ဘာတွေအခက်အခဲတွေ့ရလဲ။

ဖြေ ။ ။ အဓိကကတော့ အခက်အခဲအနေနဲ့ ကြုံတွေ့ရတာက အမျိုးသမီးတယောက်အနေနဲ့ ကြုံတွေ့ရတာထက် ကိုယ်တာဝန်ယူထားတဲ့ အပိုင်းအပေါ် မူတည်တယ်။ ဥပမာ ကျမဆိုရင် ခရီးသွားရတယ်။ တလ၊ နှစ်လ ကြာတတ်တယ်။ အဲဒီမှာ ကိုယ်တွေ့ရတဲ့ အစည်းအဝေးတွေမှာ ၉၀ရာခိုင်နှုန်းလောက်က အမျိုးသား တွေကို တွေ့ရတာများတယ်။ အဲဒီတော့ အများကြားမှာဆိုတော့ လူနည်းစုဆိုတဲ့ခံစားမှုကိုရစေတယ်။ နောက် တခုက အားလုံးထဲမှာ ကိုယ်တယောက်ထဲ အာရှကဖြစ်နေတယ်။ အများစုက ဥရောပကလာတာချည်းပဲ။ အဲဒီတော့ လူနည်းစုဖြစ်တယ်။ ပြီးရင် အသက်အရွယ်အပိုင်းအခြားပေါ့။ ကောလိပ်တွေမှာ ကိုယ့်အဖေအရွယ်၊ အမေအရွယ်တွေကြားထဲမှာ လူငယ်တွေပါလာတယ်ဆိုရင် လူနည်းစုဖြစ်နေပြန်တယ်။ တကယ်လို့များ ကိုယ်က လူနည်းစုထဲမှာပါတယ်ဆိုပြီးအားငယ်နေရင်တော့ ကျမတို့ ဆက်ပြီးတော့မှ ကိုယ်လုပ်မယ့် လမ်း ကြောင်းကို ယုံကြည်ချက်မရှိပဲနဲ့ လမ်းဆက်မလျှောက်နိုင်ဘူးဆိုရင် ကိုယ့်ရဲ့လမ်းကြောင်းမှာ အခက်အခဲတွေ ဖြစ်တယ်။ အဲဒီအတွက် ဒီလမ်းကြောင်းတွေလျှောက်ပြီးတော့ ကိုယ်က လူနည်းစုဖြစ်နေတယ်။ အဲဒီလူနည်း စုကနေ ကိုယ်ရဲ့ အရည်အချင်းကို ဖော်ထုတ်နိုင်တယ်ဆိုရင် ကိုယ်ရဲ့အခက်အခဲတွေကို ကျော်ပြီး အောင်မြင်မှု ရနိုင်တယ်။

မေး ။ ။ အမရဲ့လက်ကိုင်ထားတဲ့ဆောင်ပုဒ်ရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ကျမရဲ့ဆောင်ပုဒ်က အမှန်တကယ်တော့ အခက်အခဲဆိုတာက ကျမတို့အတွက် အခွင့်အလမ်းတွေ ဖြစ်ပါတယ်။ အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာ ရှိမှာပဲ။ ဒီအလုပ်မှာ အခက်အခဲကြောက်လို့ နောက် အလုပ်မှာ ပြောင်းလုပ်မယ်ဆို နောက်အလုပ်မှာလည်း အခက်အခဲရှိတယ်။ ဒီမဖြစ်မနေကြုံရမယ့် အခက်အခဲကို ဘာကြောင့်ရှောင်နေမှာလဲ။ အဲဒီတော့ တွေ့ရမှာတော့ တွေ့ရမှာပဲ။ ပြုံးပြုံးလေးနဲ့ ရင်ဆိုင်ရမယ်။ တကယ်တော့ အခက်အခဲတိုင်းက မီးသွေးတုံးကို စိန်ပွင့်အဖြစ်ပြောင်းလိုက်သလိုမျိုး ဖိနှိပ်မှုတွေ ပြင်းထန်လာရင် ကျမတို့အတွက် ပိုပြီးတော့ တောက်ပစေဖို့ ဖြစ်လာနိုင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading