မျိုးဆက်ပွား ကျန်းမာရေးဆိုတာ မိမိရဲ့ မျိုးဆက်ပွားဆိုင်ရာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ရောဂါကင်းစင်တာအပြင် မိမိရဲ့ လိင်မှုဘဝမှာလည်း ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး စတဲ့ အခန်းကဏ္ဍတိုင်းမှာ အပြည့်အဝ ပျော်ရွှင် စွာ ရပ်တည်နိုင်တာမျိုးပါ။ ဒီလို ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ဆိုရင် စိတ်ချရတဲ့၊ လက်လှမ်းမီတဲ့၊ ထိရောက်မှုရှိတဲ့ သားဆက် ခြားနည်းလမ်းတွေကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ သားဆက်ခြား နည်းလမ်းတွေ ဘယ်နှစ်မျိုးလောက်ရှိလဲ၊ မိမိနဲ့ ကိုက်ညီမယ့် ဘယ်လို သားဆက်ခြားနည်းလမ်းကို ရွေးချယ် အသုံးပြုသင့်သလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာပြည့်ဖြိုးဝေ (Mate – “မိတ်” မျိုးဆက်ပွားကျန်းမာရေး) ကို ဧရာဝတီသတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး – သားဆက်ခြား နည်းလမ်း ဘယ်နှစ်မျိုးလောက် ရှိပါသလဲ။
ဖြေ – သားဆက်ခြား နည်းလမ်းတွေမှာ ရေတိုနည်းလမ်းနဲ့ ရေရှည်နည်းလမ်းတွေ ဆိုပြီး ခွဲခြားထားပါတယ်။ ရေတိုနည်း လမ်းကတော့
နေ့စဉ်သောက် ဆေးကတ်၊ သုံးလခံ သားဆက်ခြားထိုးဆေး ၊ ကွန်ဒုံ သုံးတဲ့နည်းတွေပါ။ ရေရှည်နည်းလမ်း ကတော့ လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းနဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းဆိုပြီး ရှိပါမယ်။
မေး – အပေါ်ကပြောတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့ အသုံးပြုပုံတွေနဲ့ ဘေးထွက်ဆိုးကျိုး ရှိနိုင်တာလေးတွေ ပြောပြပေးပါ။
ဖြေ – ကွန်ဒုံဆိုတာ အမျိုးသားသုံး ကွန်ဒုံကို ပြောတာပါ။ သူကတော့ ဟော်မုန်းမပါတဲ့နည်းပေါ့။ ကိုယ်ဝန် အကြာကြီးတား ဖို့အစီအစဉ်မရှိသူတွေ သုံးနိုင်ပါတယ်။ အတူနေချိန်မှာပဲ အသုံးပြုရတာဖြစ်ပြီး အသုံးမပြုတဲ့အချိန်မှာ ကလေးချက်ချင်းပြန် ရနိုင်ပါတယ်။
နောက်တနည်းကတော့ ဆေးကတ်ပါ။ ဆေးကတ်ကတော့ ဟော်မုန်းပါတဲ့ ဆေးဖြစ်ပြီး နေ့စဉ် မမေ့မလျော့ သောက်ဖို့ လို အပ်ပါတယ်။ ရာသီစလာတဲ့နေ့ကနေ ၅ ရက်အတွင်း ဆေးစသောက်နိုင်ခဲ့ရင် အရန်ကာကွယ်နည်းတွေ ထည့်သုံးဖို့ မလိုပါဘူး။ ၅ ရက်ကျော်မှ သောက်ရင်တော့ နောက်ထပ် ၇ ရက်အတွင်း ကွန်ဒုံးလို အရန်နည်းလမ်းတွေသုံးပြီး အတူနေရပါမယ်။ သောက်နေတုန်း ရာသီမှန်မှန်လာပြီး ဆေးကတ် ဖြတ်လိုက်တာနဲ့ ကလေးချက်ချင်းရနိုင်တဲ့ နည်းလမ်းပါ။
နောက်နည်းလမ်းကတော့ ဟော်မုန်းပါတဲ့ ထိုးဆေးပါ။ ထိုးဆေးကိုတော့ သုံးလတစ်ကြိမ် ထိုးပေးရပါတယ်။ ဆေးထိုးတဲ့ ရက်က ရာသီ စလာတဲ့ရက်ကနေ ၇ ရက်အတွင်းဖြစ်ခဲ့ရင် အရန်တားနည်းတွေ သုံးဖို့မလိုပါဘူး။ ရာသီ စလာတဲ့ရက်ကနေ ၇ ရက်ကျော်မှ ထိုးဖြစ်ခဲ့ရင်တော့ နောက်ထပ် ၇ ရက်အတွင်း အတူနေတိုင်း ကွန်ဒုံးလို အရန်တားနည်း တွဲသုံးပေးရပါမယ်။ သုံးလဆေးထိုးသူတွေ မထိုးခင်စဉ်းစားရမှာက ဒီဆေးထိုးထားရင် ရာသီအပြောင်းအလဲတွေ ကြုံရတတ်ပါတယ်။ ဆေး ဖြတ်ပြီးတဲ့နောက် ကလေးရဖို့၊ ရာသီပုံမှန်ပြန်လာဖို့လည်း အချိန်စောင့်ရတတ်ပါတယ်။
ရေရှည်တားနည်းတွေကတော့ သုံးနှစ်ကနေ ငါးနှစ်လောက် ကလေး မယူချင်သေးတဲ့သူတွေ အတွက်ပါ။ ပထမနည်းက တော့ သားအိမ်ထဲ ပစ္စည်းထည့်တဲ့နည်းပါ။ ဒီနည်းက ဟော်မုန်းမပါဝင်တဲ့ ကြေးနီပစ္စည်းလေးကို သားအိမ်ထဲ ထည့်တာပါ။ သူ့ကိုတော့ မထည့်ခင် ကိုယ်ဝန်ရှိမရှိ သေချာကြိုတင် စစ်ဆေးရပါတယ်။ ထည့်ပြီးတာနဲ့အရန်တားနည်းမလိုဘဲ အတူနေ လို့ရပါတယ်။ ဒီနည်းသုံးထားရင် ရာသီမှန်မှန်လာမယ်။ တချို့တွေမှာတော့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာတော့ ရှိတတ် ပါတယ်။ စိုးရိမ်ရလောက်အောင်တော့ မဟုတ်ပါဘူး။
နောက်ထပ် ရေရှည်တားနည်းကတော့ လက်မောင်းအရေပြားအောက်မှာ ပစ္စည်းထည့်ထားပြီး ကိုယ်ဝန်တားတာပါ။ ရာသီ လာတဲ့နေ့ကနေ ၇ ရက်အတွင်းထည့်ရင် အရန်တားနည်းမလိုပါဘူး။ ၇ ရက်ကျော်မှထည့်ရင်တော့ အရန်တားနည်း တပတ် သုံးပေးရပါမယ်။ ဒီနည်းကတော့ ဟော်မုန်းပါတဲ့ နည်းလမ်းဖြစ်တာမို့ ရာသီအပြောင်းအလဲ အနည်းငယ် ကြုံရမယ်။ ထုတ် ပြီးတဲ့နောက်မှာ ကလေးချက်ချင်း ပြန်မရတာ ရာသီ ပုံမှန်ချက်ချင်း ပြန်မလာတာမျိုးတော့ ဖြစ်တတ်ပါတယ်။
မေး – အရေးပေါ် တားဆေးဆိုတာကရော ဘာလဲ။ ဘယ်လို အသုံးပြုရတာလဲ။
ဖြေ – အရေးပေါ် တားဆေးဆိုတာ ဟော်မုန်းပါဝင်တဲ့ သားဆက်ခြား သောက်ဆေးပါ။ အရေးပေါ်ဆိုတဲ့ အတိုင်းပဲ မတရား ပြုကျင့်ခံရတာမျိုး ၊ မထင်ထားဘဲ လိင်ဆက်ဆံဖြစ်သွားတာမျိုး၊ လိင်ဆက်ဆံရာမှာ ကွန်ဒုံးပေါက်ပြဲတာမျိုး၊ ရေရှည်တား နည်း တမျိုးမျိုးသုံးနေရင်း မတော်တဆလွဲချော်သွားတဲ့ အခြေအနေ ဥပမာ – နေ့စဉ်သောက် ဆေးကတ် သောက်နေရင်း မေ့သွားတာမျိုးစတဲ့ အခြေအနေတွေမှာပဲ သောက်သင့်ပြီး ရေရှည်သားဆက်ခြားနည်းအနေနဲ့တော့ မသုံးသင့်ပါဘူး။ အတူ နေပြီး နာရီ ၁၂၀ အတွင်း (၅ ရက်အတွင်း) သောက်ရပါမယ်။ စောစောသောက်လေ ပိုကာကွယ်လေပါပဲ။ နောက်ကျလေ ကာကွယ်နိုင်စွမ်းလျော့လေပါပဲ။ အရေးပေါ်တားဆေးကို ရေရှည်တားနည်းအနေနဲ့ မသုံးရပါဘူး။ “အရေးပေါ်” မှပါ။
မေး – အရေးပေါ် တားဆေးအသုံးပြုတဲ့အခါ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်ပါသလဲ။
ဖြေ – သောက်တဲ့အချိန်၊ သောက်ပုံသောက်နည်းမှားသွားရင် အကာအကွယ်မရနိုင်တာဟာ အရေးပေါ်တားဆေးရဲ့ အဓိက ပြဿနာပါ။ ဆေးအနေနဲ့က ဆိုးကျိုးရယ်လို့ သိပ်ကြီးကြီးမားမား မရှိပါဘူး။ ဆေးရဲ့ဘေးထွက်အာနိသင် အဖြစ်နဲ့တော့ အရေးပေါ်တားဆေးက ဟော်မုန်းအသုံးပြုတဲ့ ဆေးဖြစ်တဲ့အတွက် ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်း ရာသီလာသလို သွေးဆင်းတာ၊ ရာသီရက်ပုံမှန်ထက် စောတာ/နောက်ကျတာ၊ ရာသီပုံမှန်ထက် နည်းတာ/များတာတို့ဖြစ်နိုင်ပါတယ်။ ရာသီ ရက်တပတ်ကျော် နောက်ကျနေရင်တော့ ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ကြည့်ရပါမယ်။
မေး – အရေးပေါ် တားဆေးသုံးတဲ့အခါ သတိထားစရာ အချက်တွေရှိရင် ပြောပြပေးပါအုံး။
ဖြေ – အရေးပေါ်တားဆေးနဲ့ပတ်သက်ပြီး သတိထားရမှာကတော့ ဆေးသောက်ပုံ သောက်နည်းပါ။ အချို့ဆေးကတ်တွေ က တစ်လုံးတည်းပါတော့ တခါတည်း သောက်လိုက်ရုံပဲပေါ့နော်။ အချို့ဆေးကတ်တွေမှာကျ ၂ လုံးပါတယ်။ ၂ လုံး ပါတဲ့ ဆေးကတ် သောက်မယ်ဆိုရင်တော့ ပထမ ၁ လုံးကိုသောက်၊ ပြီးရင် နောက် ၁၂ နာရီအကြာမှာ ဒုတိယ ၁ လုံးကိုသောက် ရမယ်။ ကိုယ်က မေ့တတ်တယ် နောက်၁၂ နာရီအတိမှာ သောက်ဖို့ မေ့နိုင်တယ်ဆိုရင်တော့ ၂ လုံးစလုံး တခါထဲ သောက် လို့လည်း ရပါတယ်။
မေး – ကိုယ်နဲ့ကိုက်ညီမယ့် သားဆက်ခြား နည်းလမ်းတွေ ရွေးချယ်အသုံးပြုနိုင်ဖို့ ဘာများ အကြံပြုချင်ပါသလဲ။
ဖြေ – သားဆက်ခြားနည်း ရွေးချယ်တဲ့အခါမှာ အရင်ဆုံး အခြေခံ စဉ်းစားရမယ့် အချက်ကတော့ ကိုယ်က ဘယ်လောက် ကြာကြာ သားဆက်ခြားချင်သလဲ။ ရေတိုလား/ရေရှည်လား၊ ဟော်မုန်းပါတာ သုံးမလား/မသုံးဘူးလား ဆိုတဲ့ အချက်တွေ ပါ။ နောက်ပြီး ဘယ်သူမဆို သားဆက်ခြားနည်းလမ်းတခုခု သုံးတော့မယ်ဆိုတာနဲ့ နည်းလမ်းအားလုံးရဲ့ အသုံးပြုပုံ၊ ဘေး ထွက် အာနိသင်တွေကို တတ်ကျွမ်းနားလည်သူ တယောက်ယောက်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှ မိမိနဲ့ အသင့် တော်ဆုံးကို ကိုယ်တိုင်ဆုံးဖြတ်ပြီး ရွေးချယ် သုံးသင့်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်- မျိုးဆက်ပွား ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်”