ကာလကြာမြင့်စွာ စောင့်ဆိုင်းနေရသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်သော ဥပဒေသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမိုအကာအကွယ် ပေးနိုင်မည်ဖြစ်သောကြောင့် ထိုဥပဒေကို အမြန်ဆုံး ပြဌာန်းပေးရန် မြန်မာနိုင်ငံမှ အမျိုးသမီး အဖွဲ့များက တောင်းဆိုလိုက်သည်။
“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဥပဒေဖြင့် ကာကွယ်ပါ” အမည်ဖြင့် လိင်ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာလှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ် လူမှုအခြေပြု အဖွဲ့အစည်း ၃၀ ကျော်တို့သည် ၁၆ ရက်ကြာ လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ခဲ့သည်။
ရုပ်ရှင်ပွဲတော်တခုနှင့် အသိစိတ်ဓာတ်မြှင့်တင်ရေး ပညာပေးဆောင်ရွက်ချက် တခုတို့ ပါဝင်သော ထိုလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေမှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများတွင် ကျင်းပမည်ဖြစ်သည်။ ထိုလှုပ်ရှားမှုကို အဖွဲ့အစည်းပေါင်း ၃၉ ခုပါဝင်သည့် လှုပ်ရှားမှုအဖွဲ့က ကျင်းပနေခြင်း ဖြစ်သည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတွင် တိုးပွားနေကြောင်းနှင့် ၂၀၁၆ ခုနှစ်က ရဲတပ်ဖွဲ့သို့ တိုင်ကြားသော အမှုပေါင်း ၁၁၀၀ ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁၄၀၅ မှုသို့ မြင့်တက်သွားကြောင်း ၁၆ ရက်ကြာ လုပ်ငန်းအဖွဲ့ လှုပ်ရှားမှုအဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံအမျိုးသမီး အဖွဲ့ချုပ် (WLB) က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်ခံရသူများအတွက် တရားမျှတမှု ရရှိရေး အခက်အခဲများနှင့် အဓမ္မပြုကျင့်သူများကို လွတ်ငြိမ်းခွင့် ပေးနေသည့် ယဉ်ကျေးမှု၊ အထူးသဖြင့် ပဋိပက္ခ ဒေသများမှ အဓမ္မပြုကျင့်သူများအတွက် ပြစ်ဒဏ် လွတ်ငြိမ်း စေသော ယဉ်ကျေးမှုကြောင့် အကြမ်းဖက်မှုများ ပိုမို များပြားလာကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
“လက်ရှိဥပဒေများသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်းမရှိပေ” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားပြီး သီခြားဥပဒေ အကာအကွယ်ဖြင့် အမျိုးသမီးများကို အကြမ်းဖက်မှု ပုံစံအားလုံးမှ အကာအကွယ်ပေးရန် အရေးတကြီး လိုအပ်နေကြောင်း ဆိုထားသည်။
အာဆီယံနိုင်ငံများအနက် အမျိုးသမီးများကို အကာအကွယ်ပေးရေးအတွက် အာရုံစိုက်သော အထူးဥပဒေများ မရှိသည့် တခုတည်းသော မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ခေတ်မမီတော့သော ကိုလိုနီခေတ် ရာဇဝတ်မှု ဥပဒေကိုသာ အသုံးပြုနေသည်။ ထိုဥပဒေသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအတွက် ပြစ်မှု၊ ပြစ်ဒဏ်များကို ယေဘုယျ မျှသာ ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ၏ အမျိုးသမီးများကို သီးခြား အကာအကွယ်ပေးသော ဥပဒေဖြစ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (PoVAW) ကို စတင်ရေးဆွဲခဲ့သည်။ အတည်ပြု ပြဌာန်းပြီးပါက ထိုဥပဒေသည် အမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်မှုနှင့် လုပ်ငန်းခွင်နှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် အမျိုးသမီးများအပေါ် ထိပါးမှုများသာမက၊ အကြမ်းဖက် ခံရသူများအတွက် ထိရောက်သော ဥပဒေနှင့် ဆေးကုသမှု အထောက်အကူများ ရနိုင်မည်ဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များက မျှော်လင့်နေကြသည်။
လက်နက်ကိုင် အဖွဲ့အစည်းများက ပဋိပက္ခဒေသများတွင် ကျူးလွန်သည့် အဓမ္မပြုကျင့်မှုများကို စုံစမ်း စစ်ဆေး အရေးယူရန်လည်း တက်ကြွလှုပ်ရှားသူ အုပ်စုများက တောင်းဆိုကြသည်။
ငါးနှစ်ကြာမျှ စောင့်စားခဲ့ပြီးနောက် ထိုဥပဒေကို နောက်ဆုံး အပြီးသတ်ရန်သာ ကျန်တော့သော်လည်း လွှတ်တော်သို့ တင်သွင်းခြင်းမရှိသေးပေ။
“တခြား ဥပဒေကြမ်းတွေနဲ့ ယှဉ်လိုက်ရင် ဒီဥပဒေကြမ်းကို ဥပဒေအဖြစ်ပြဌာန်းဖို့ ဘာလို့ ဒီလောက်တောင် ကြာနေတာလဲဆိုတာ ကျမ နားမလည်တော့ဘူး” ဟု WLB အထွေထွေအတွင်းရေးမှူး လွေပိုးငယ် က ပြောသည်။
“ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ လိင် အကြမ်းဖက်မှုတွေကို ကျမတို့ ပိုပိုတွေ့နေရတယ်။ အဓမ္မပြုကျင့်မှု အများအပြားကို အိမ်နီးချင်းတွေနဲ့ မိသားစုဝင်တွေက ကျူးလွန်နေကြတယ်။ ဒီကိစ္စကို သီးခြား ကိုင်တွယ်ဖို့ ဥပဒေမရှိရင် အခြေအနေက ရှေ့လျှောက် ဆိုးလာမှာ သေချာတယ်” ဟုလည်း သူက ဆက်ပြောသည်။
PoVAW ကိုပြဌာန်းရန် တည်ဆဲ အမျိုးဘာသာသာသနာ ဥပဒေ လေးခုကို ပြင်ဆင်ရန်လိုကြောင်း လွှတ်တော် ကော်မတီက ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဖော်ပြသောအခါ ထင်ရှားသော အမျိုးသားရေးဝါဒီအုပ်စုက အုံကြွကြ ပြန်သည်။
အစိုးရက ပိတ်ပင်ထားသည့် မဘသဟု လူသိများသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များသည် အလျင်အမြန် တုံ့ပြန်ပြီး နိုင်ငံတဝှန်းတွင် ဆန္ဒပြပွဲများ ပြုလုပ်မည်ဟု ခြိမ်းခြောက်လာသည်။
ထိုအငြင်းပွားဖွယ် အမျိုးဘာသာသာသနာ ဥပဒေလေးခုကို မဘသက ၂၀၁၄ ခုနှစ်တွင် စတင်တင်သွင်းပြီး သမ္မတဟောင်း ဦးသိန်းစိန်က ၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သည်။
အတည်ပြုလျှင်ပြုခြင်းပင် အမျိုးသမီးအခွင့်အရေး အုပ်စုများက ထိုဥပဒေများသည် အမျိုးသမီးများ၏ တန်းတူ ညီမျှမှုနှင့် လွတ်လပ်မှုကို ကန့်သတ်ပြီး ဘာသာရေး လူနည်းစုများကို ချုပ်ချယ်သည်ဟု ဝေဖန်ကြသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နော်ဆူဇန်နာ လှလှစိုးက ထိုဥပဒေကြမ်း၏ နောက်ဆုံးအခြေအနေကို မေးမြန်းသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က သူ၏ ဝန်ကြီး ဌာနသည် ထိုဥပဒေ ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းနေကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် ပြဌာန်းနိုင်မည်ဟု မျှော်လင့်ကြောင်း ဖြေသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနှင့် ဥရောပသမဂ္ဂနိုင်ငံများ၏ ကိုယ်စားလှယ် အဖွဲ့ အကြီးအကဲများကလည်း အမျိုးသမီး အခွင့်အရေးအဖွဲ့များ၏ တောင်းဆိုမှုတွင် ပူးပေါင်းပါဝင်သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ၎င်းတို့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော အမျိုးသမီးများအား ပုံစံမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂ သဘောတူညီချက် (CEDAW) နှင့်အညီ PoVAW ကိုပြဌာန်းရန် တောင်းဆိုခဲ့သည်။
“မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေကြောင်း ပြသသည့် မကြာသေးမီက စစ်တမ်းများနှင့် ပတ်သက်ပြီး မိမိတို့ လွန်စွာ စိုးရိမ်မကင်းဖြစ်ရသည်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။
“ထိုကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခြင်းသည် ရွေးချယ်ရမည့်နည်းလမ်း မဟုတ်ပေ။ လုပ်ငန်းခွင်၊ နိုင်ငံရေး နယ်ပယ်နှင့် နေအိမ် ပုဂ္ဂလိကနယ်ပယ်မှ အမျိုးသမီးများ၏ အသံများကို မိမိတို့ နားထောင်ရမည်ဖြစ်သည်” ဟုလည်း ဆက်လက်ဖေါ်ပြသည်။
နှုတ်ဆိတ်နေသော ယဉ်ကျေးမှုကို အဆုံးသတ်ခြင်း
အမျိုးသမီးများအပေါ် မှားယွင်းစွာ ပြုမူဆက်ဆံခြင်းကို မီးမောင်းထိုးပြသော #MeToo ကဲ့သို့သော နိုင်ငံတကာ လှုပ်ရှားမှုများ သည်လည်း မြန်မာနိုင်ငံတွင် အမြစ်တွယ်လာပြီ ဖြစ်သည်။ ပြည်တွင်း အခြေစိုက် လူ့ အခွင့်အရေးနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်မြှင့်တင်ရေး အဖွဲ့အစည်းတခုတွင် လုပ်ကိုင်စဉ် ကြုံတွေ့ရသည့် လိင်ပိုင်းဆိုင်ရာ ထိပါးမှုများကို ယခုနှစ် ဇူလိုင်လတွင် အမျိုးသမီးအများအပြားက လူမှုကွန်ရက်တွင် ထုတ်ဖော် ပြောဆိုကြသည်။
၎င်းတို့က ထိုအဖွဲ့အစည်းမှ အမှုဆောင်အရာရှိချုပ်ကို စွပ်စွဲပြီး ၎င်းတို့၏ ရုံးဟောင်းတွင် ကြုံတွေ့ခဲ့ရသော လိင်ပိုင်းဆိုင်ရာ ထိပါးခံရမှုများကို ထုတ်ဖော်ပြောဆိုကြသည်။ ထိုလှုပ်ရှားမှုကြောင့် စွပ်စွဲခံရသူကို စုံစမ်း စစ်ဆေးမှု ဖြစ်စေပြီး အမျိုးသမီးများ လုပ်ငန်းခွင်တွင် ကာလကြာမြင့်စွာ ကြုံတွေ့နေရသည့် လိင်ပိုင်းဆိုင်ရာ ထိပါးခံရမှုများကို မီးမောင်း ထိုးပြနိုင်ခဲ့သည်။
တခြားသော လိင်ပိုင်းဆိုင်ရာ ထိခိုက်ခံရသူများလည်း ထုတ်ဖော်ပြောဆိုရန် အားပေးသည့် အနေဖြင့် သူ၏ ဖြစ်ရပ်ကို Facebook တွင် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ကြောင်း ထိုအမျိုးသမီးများအနက် တဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ကျမတို့က တိတ်တိတ်နေရင် ကျမတို့ကြုံရသလို တခြားအမျိုးသမီးတွေလည်း ကြုံရနိုင်ပြီး ကျူးလွန်သူလေည်း အရေးယူမခံရဘဲ၊ တခြားအမျိုးသမီးတွေ၊ မိန်းကလေးတွေကို အလားတူ ထပ်မံကျူးလွန်လိမ့်မယ်” ဟု သူက ပြောသည်။
သို့သော် အဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့်ပတ်သက်သည့် မူဝါဒ ကင်းမဲ့ခြင်းနှင့် ရှင်းလင်းသည့် တိုင်ကြားမှု စနစ် မရှိခြင်းကြောင့် ထိပါးခံရသူများမှာ တိုင်ကြားရန် အခက်အခဲဖြစ်ရပြီး ထိပါးခံရသူများအတွက် ဝန်ဆောင်မှုနှင့် ဥပဒေ အထောက်အကူ လိုအပ်နေကြောင်းလည်း သူက ဆိုသည်။
“အမျိုးသမီးတွေ အနေနဲ့လည်း ကိုယ့်အခွင့်အရေးကို ကိုယ်သိသင့်တယ်” ဟု သူက အလေးထားပြောပြီး ရပ်ရွာ အသိုင်းအဝန်းမှ အမျိုးသမီးများ အနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးမှုအကြောင်း နားလည်စေရေး လှုပ်ရှားမှုများပြုလုပ်ရန် လူ့အခွင့်အရေး အဖွဲ့များကို တိုက်တွန်းလိုက်သည်။
(Women’s Rights Groups Call for Immediate Enactment of Long-Awaited Protection Law ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)