မြန်မာနိုင်ငံမှာ ရှေးယခင်ကာလကလို မဟုတ်တော့ဘဲ အိမ်ရှင်မတွေကလည်း အပြင်ထွက် စီးပွားရှာ လုပ်လာကြပြီဖြစ်သလို လုပ်ငန်းအများစုမှာလည်း အမျိုးသမီးတွေကိုဦးစားပေး ခန့်အပ်တဲ့ လုပ်ငန်းတွေ ရှိလာပါပြီ။ အမျိုးသားတွေဟာ လုပ်ကိုင်လေ့ရှိတယ်ဆိုပြီး ယူဆထားကြတဲ့ အလုပ်နေရာတွေအတွက်ပါ အမျိုးသမီးတွေကို ခန့်အပ်လာကြတာ တွေ့ရပါတယ်။
စီးပွားရေးလုပ်ငန်း နယ်ပယ်မှာလည်း အမျိုးသမီးတွေ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေ များပြားလာတယ်လို့ယူဆရတဲ့ အနေအထားပါ။
“အမျိုးသမီးတွေ ၂၀၁၈ ခုနှစ်မှာ စီးပွားရေးမှာ ဦးဆောင်လာတာ ပိုများလာတယ်။ ဥပမာဆိုရင် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များအသင်းရှိတယ်။ လူငယ်ပိုင်းမှာသာမက လူကြီးပိုင်းတွေမှာလည်း အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တွေ များလာတယ်။ အောင်မြင်မှုရတဲ့လုပ်ငန်းရှင်တွေလည်း များလာတယ်။ ”လို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောတယ်။
“ မြန်မာနိုင်ငံမှာက ကျားမတန်းတူညီမျှမှုနဲ့ ပတ်သက်ရင် တော်တော်လေး ရှေ့ကို ရောက်တယ်။ ဒီထဲမှာ ထပ်ပြီးတော့ အမျိုးသမီးတွေအတွက် သီးခြားလုပ်ပေးတဲ့အစီအစဉ်တွေရှိလာတဲ့အခါကျ ပိုပြီးတော့ တိုင်းပြည်အတွက် အရေးကြီးတယ်ဆိုတာ ပေါ်လွင်လာတယ်။”လို့ ၎င်းက ရှင်းပြပါတယ်။
ရှေးယခင်ကတော့ အမျိုးသမီးဆိုတာ အိမ်တွင်းအလုပ် လုပ်ရမယ်၊ အိမ်ဝေယျာဝစ္စသာ လုပ်ဆောင်ရမယ် ဆိုပြီး ရှေးရိုးစွဲထားခဲ့ကြတယ်။ အဲဒီခေတ်ကာလက အပြင်မှာ အလုပ်ထွက်လုပ်တဲ့ အမျိုးသမီးဆိုတာ အလွန်နည်းပါးခဲ့တယ်။
Cardno Myanmar မှ HR Coordinator မပန်းဝတ်ရည်က “ အဓိက ကတော့ ရိုးရာယဉ်ကျေးမှု အယူအဆတွေ လွှမ်းမိုးနေတာလည်းပါပါတယ်။ အမျိုးသမီးထုအနေနဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်တဲ့ အခါမှာ သူတို့ကလေးရလာတယ်။ အိမ်ထောင်ကျသွားတဲ့အခါ အဲဒီအမျိုးသမီးသည် အိမ်မှာပဲ နေရမယ်။ ကလေးကိုပဲ ဂရုစိုက်စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးအမြင်တွေရှိနေတဲ့အခါ ကျတော့ အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှု ပိုင်းကို ရောက်ဖို့ နှောင့်နှေးသွားတယ်။”လို့ ထောက်ပြ ပြောဆိုပါတယ်။
ဒီဘက်ခေတ်မှာတော့ ကျား၊ မခွဲခြားဆက်ဆံတာတွေ မရှိတော့သလို ရှေးအယူအဆတချို့ကို လက်မခံတော့ဘဲ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် တန်းတူညီမ ျှ ဆောင်ရွက်ဖို့ တွန်းအားပေးလာကြတယ်။
စီးပွားရေးလုပ်ကိုင်ရာမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ယခုမှ မြင့်တက်လာခြင်းမဟုတ်ဘဲ ရှေးယခင်ကတည်းကလည်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတွေ များစွာရှိခဲ့ဖူးပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
‘‘ကျားပျံဆေးပေါ့လိပ်၊ မကောက်ဆေးပေါ့လိပ်၊ နဂါးဒေါ်ပု ဆိုပြီးနာမည်ကြီးတဲ့ မြန်မာအမျိုးသမီးကြီး တွေက ဦးဆောင်ပြီး လုပ်ကိုင်ခဲ့တာပါ’’ လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။
အဲဒီစကားဝိုင်းမှာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံက ကမ္ဘောဇ၊ စီးတီးမတ်၊ ပင်လုံဆေးရုံ၊ PMG အစရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင် ၉ ဦးနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်၊ တန်းတူညီမျှမှုနှင့်ပတ်သက်ပြီး ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါတယ်။
” စီးပွားရေးအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာ ကိုယ်က ဘယ်လို နေရာမျိုးမှာ တာဝန် ယူထားတာလဲဆိုတာက အရေးကြီးပါတယ်။ ဒါက အာရှယဉ်ကျေးမှုမှာပဲ ရှိတာမဟုတ်ပါဘူး။ အနောက်တိုင်းယဉ်ကျေးမှုမှာ ကျား၊ မတန်းတူညီမျှရေးမှာ အမြဲတမ်း ဆွေးနွေးရတယ်။ အကြီးတန်းအုပ်ချုပ်မှု ရာထူးကို ကြည့်လိုက်ရင် အမျိုးသားတွေက ဦးဆောင်တဲ့ နေရာမျိုးဖြစ်နေတယ်။ အမျိုးသမီးတွေအတွက်ကျ ဒီအခြေအနေကို ဖြတ်ကျော် ရတဲ့အနေအထားမျိုးဖြစ်နေတယ်။
ကျမဆိုရင် ကျမရဲ့လုပ်ငန်းမှာ ဦးဆောင်သူ တယောက်အနေနဲ့ လုပ်ကိုင်တဲ့ အခါ အမျိုးသမီးတယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေက အများကြီး ရှိတယ်။ ဥပမာဆိုရင် စက်ရုံ ဖြစ်တဲ့အတွက်ကြောင့် အစည်းအဝေး အခု ၁၀၀လုပ်မယ်ဆိုရင် ကျမတို့အများဆုံး တွေ့ရတဲ့သူက အမျိုးသားတွေ ဖြစ်တယ်။
အမျိုးသမီးက ဆယ်ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီအမျိုးသမီး ဆယ်ရာခိုင်နှုန်းအနေနဲ့ကျတော့ အင်မတန်ခက်ခဲတယ်။ ကျမတို့ အလုပ်ခရီးတွေ ထွက်ရတာကလည်း အမျိုးသမီးတွေ အတွက် စိန်ခေါ်မှုတွေ ဖြစ်တယ်။ ဒီလိုမျိုး စိန်ခေါ်မှုတွေ ရှိပါလျက်နဲ့ ကျမတို့ အမျိုးသမီးတွေက ကိုယ့်ကိုယ် ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ ကွက်လပ်လေးတွေ ဖြည့်းပေးရင်း လုပ်ဆောင်သွားမယ်ဆို အမျိုးသမီးတွေကို market economy မှာ အများကြီးတွေ့ရပါမယ်”လို့ Flanders Belgium Investment and Trade Office ၏ အကြံပေးဖြစ်သူ မအိမ့်ဖူးဖူးအောင်က ပြောပါတယ်။
‘‘ကိုယ်က အလုပ်ထွက်လုပ်တဲ့အခါ ကလေးတွေကို အိမ်မှာ ထားခဲ့ရတော့ စိတ်မချဖြစ်ရတယ်။ နောက် အိမ်ကို ပြန်ရောက်ရင် သူတို့တွေက အိမ်ဝမှာစောင့်နေကြတယ်။ ဥပမာ ကလေးက ငိုနေတယ်ဆိုရင် ကိုယ့်က အလုပ်လုပ်ပြီး ပြန်လာတယ်ဆိုပေမယ့် ကိုယ်က လျှောက်လည်ပြီး ပြန်လာတဲ့ ပုံစံမျိုးလို ဖြစ်နေတယ်။ ယောကျာၤးကလည်း မကြည်မလင်နဲ့ မျက်နှာမကောင်းဘူး။’’ လို့ MasterChef တီဗွီ အစီအစဉ် ရဲ့ အကဲဖြတ်ဒိုင်တဦး ဖြစ်သူ ဒေါ်ဖြူဖြူတင်က ပြောပြတယ်။
ဒေါ်ဖြူဖြူတင်လို ကြုံတွေ့ရတဲ့ အိမ်ထောင်ရှင်မတွေ များစွာရှိပါတယ်။ စီးပွားရေး အဆင်ပြေပေမယ့် ကိုယ်ပိုင်အရည်အသွေး မကျဆင်းသွားအောင်၊ ယောင်္ကျား တယောက်ထဲပဲ ရှာဖွေနေရလို့ မလောက်ငှတာ မဖြစ်အောင်၊ အိမ်တွင်းပုန်းဘဝနဲ့ပဲ စီးပွားရှာနိုင်တဲ့အရွယ် ကုန်ဆုံးမသွားအောင်စတဲ့ ဆန္ဒအမျိုးမျိုးနဲ့ အမျိုးသမီးတွေဟာ အပြင်ထွက်အလုပ် လုပ်ကြပါတယ်။
အဲဒါအပြင် အမျိုးသမီးတွေကို လုပ်ငန်းခွင်အတွင်းမှာ လုပ်ကိုင်ခွင့်ပေးလာတာက စီးပွားရေးအမြင်အရ ကြည့်မယ် ဆိုရင် အကျိုးရလဒ်ကောင်းတွေ ရရှိလာနိုင်ပါတယ်လို့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြကြတယ်။
Kreate Food ၏ အမှုဆောင် ဒါရိုက်တာ မမေသင်းကြူကလည်း “ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ပြီး ဒါမှမဟုတ် ကျားမကွဲပြားမှုကြောင့် အကန့်အသတ်တွေ ချမထားတာ ပိုကောင်းတယ်။ အလုပ်ကိစ္စကိုပဲ အာရုံစိုက်ရမယ်။ ဒီလုပ်ငန်းအတွက် ကိုယ် ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လို အရည်အသွေးတွေနဲ့ လုပ်လို့ရမလဲ။ ကျားမကွဲပြားမှုကို အာရုံမစိုက်ဘဲ ဒါတွေကိုပဲ အာရုံစိုက်ရင် ဘယ်လုပ်ငန်း မှာမဆို ခရီးအများကြီး ရောက်နိုင်ပါတယ်” လို့ရှင်းပြတယ်။
မမေသင်းကြူက အသက် ၂၅ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်ပြီး အစားအသောက် ဈေးရုံ လုပ်ငန်းများကို နေရာသစ်များတွင် တိုးချဲ့လုပ်ကိုင်ရန် စီမံကိန်းများဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက် ပြုစုပျိုးထောင်မည် ဖြစ်ပြီး သီးခြား စားသောက်ဆိုင်တွဲများလုပ်ငန်းကို လုပ်ကိုင်ရန်လည်း ကြံရွယ်နေတယ်လို့သိရပါတယ်။
နေကြာပန်းများ လူမှုစီးပွားရေးလုပ်ငန်းနှင့် သဘာဝဆေးဆိုးပန်းရိုက် ရက်ကန်းလုပ်ငန်းတည်ထောင်သူ ဒေါ်ဖြူအိသိမ်းက တိုင်းပြည်ရဲ့စီးပွားရေးအတွက် ကျေးလက်မြို့ပြမှ လူဦးရေတွေအပြင် စစ်ဘေးရှောင်စခန်း တွေ၊ အကျဉ်းထောင်တွေမှာ ရောက်ရှိနေသူတွေကို အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးမယ် ဆိုရင် တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းပိုင်းမှာလည်း တိုးတက်လာနိုင်ပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် စီးပွားရေးလုပ်ငန်းမှာ အမျိုးသမီးတွေ ဦးဆောင်လာလုပ်ကိုင်တဲ့အခါ စိန်ခေါ်မှုများစွာရှိနေပါတယ်။ ဥပမာ အစည်းအဝေးတွေ သွားမယ်ဆိုရင် အမျိုးသားတွေများပြီး အမျိုးသမီးတွေက လူနည်းစုဖြစ်နေတာမျိုး တွေရှိတယ်။ အမျိုးသမီးက လူနည်းစုဖြစ်တဲ့အတွက် ပိုခက်ခဲပါတယ်။
အမျိုးသမီးနဲ့ အမျိုးသားက စီးပွားရေးလုပ်တဲ့နေရာမှာ သာမာန်အားဖြင့်ကြည့်ရင် မကွာခြားသလို ထင်ရသော်လည်း စီမံခန့်ခွဲမှု အပိုင်းတွင် အမျိုးသမီးများက ပိုမိုအားသာနိုင်ကြောင်း၊ စွန့်စားလုပ်ကိုင်ရသည့် အပိုင်းတွင် အမျိုးသားများက ပိုမိုအားသာနိုင်ကြောင်း စတဲ့ သုံးသပ်မှုတွေလည်းရှိကြပါတယ်။
နိုင်ငံရေး၊ လူမှုရေး စတဲ့နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းလုပ်ကိုင်လာကြသလို စီးပွားရေးနယ်ပယ်မှာလည်း ထို့နည်းတူ လုပ်ကိုင်လာကြပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးုလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုက စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးနိုင်တဲ့အပြင် ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်တာကြောင့် အမျိုးသမီးထုအနေနဲ့ ဒီထက်ပိုမို ပါဝင်လာဖို့ လိုအပ်ပါတယ်။