တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပြောလျှင် အမျိုးသမီး ၃ ဦးတွင် ၁ ဦးသည် သူတို့ဘဝ တစ်ချိန်ချိန်တွင် အကြမ်းဖက်ခြင်း ခံခဲ့ရဖူးသည်ဟု ကုသမဂ္ဂ အမျိုးသမီးများ အဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိန်းဂဏန်းအတိအကျဖြင့် အထူးပြုကာစနစ်တကျလေ့လာထားသည့် သုတေသနမှာ အခုအချိန်အထိ မရှိသေးသည်ကို သတိပြုဖွယ်တွေ့ရှိရသည်။
သို့ရာတွင် လက်ရှိအစိုးရမှ ထုတ်ပြန်သော စာရင်းများအရ အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုနှုန်းသည် ကြောက်ခမန်းလိလိရှိနေနိုင်သည်ကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျန်းမာရေး အစီရင်ခံစာတခုက ဖော်ပြနေသည်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသည်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးထဲမှ တခု ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားကြသည်။ ယခုဆောင်းပါးတွင် စာရေးသူများ၏ ကိုယ်ပိုင်အတွေ့အကြုံများ၊ အခြားသော အမျိုးသား၊ အမျိုးသမီးများ၏ အတွေ့အကြုံများကို အခြေခံကာ ဆွေးနွေးလိုပါသည်။
ကိုယ်ပိုင်းအတွေ့အကြုံများနှင့် တခြားသူများပြောပြသော အတွေ့အကြုံများကို အခြေခံ၍ အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု အခြေအနေနှင့် ထို ကဲ့သို့ ဖြစ်ပွားနေသည်ကို ထိရောက်စွာ အကာအကွယ်ပေးရန် အတွက် မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။
စစ်တွေမြို့၏ လက်ရှိအမျိုးသမီးများအား ထိပါးနှောင့်ယှက်မှု အခြေအနေ
ရာသီဥတုသာယာသည့်နေ့များတွင် စစ်တွေမြို့ရှိ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေသည် မြို့သူမြို့သားများ၊ အလည်လာသူများအတွက် အပန်းဖြေရန်၊ မိတ်ဆွေများနှင့် တွေ့ကြဆုံကြရန်အတွက် အကောင်းဆုံး နေရာများ ဖြစ်သည်။ အပျော်ကူးစက်စေသော၊ အမောအပန်း ပြေစေသော၊ ရိုးအီသွားခြင်း မရှိသော မြင်ကွင်းများဖြင့် အတိပြီးသော သဘာဝအလှတရားများ ဖြစ်သည်။ သို့သော် ဤမြင်ကွင်းများအား အလွန် အရုပ်ဆိုး၊ အကျဉ်းတန်စေသော အရာတခုမှာ လမ်းလာလျှောက်ကြသော အရွယ်စုံ အမျိုးသမီးများသည် နေ့စဉ်နှင့်အမျှ ပါးစပ်သရမ်းခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံနေရခြင်း ဖြစ်သည်။
များပြားလှသည့် အတွေ့အကြုံများထဲမှ အချို့ကို ဆွေးနွေးသွားပါမည်။
ဤစာရေးသည့်နေ့ ညနေ၌ပင် ပွိုင့်ကမ်းခြေအနား လမ်းမဘေးအုပ်စုကျနေကြသည့် ဆယ်ကျော်သက်အရွယ် တဖွဲ့သည် ဆိုင်ကယ်ဖြင့် ဖြတ်သွားသော အမျိုးသမီးငယ်နှစ်ဦးအား ပါးစပ်အရသာခံ စနောက်ခဲ့ကြသည်ကို မြင်လိုက်ရသည်။
နောက်အဖြစ်အပျက်တခုမှာ ကမ်းနားလမ်းအာရီယန် စားသောက်ဆိုင် အနီး ပလက်ဖောင်းပေါ်တွင် အသက် ၆၀ ခန့်ရှိမည့် အမျိုးသမီးကြီးတဦး တစ်ယောက်တည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသည်။ စာရေးသူထဲမှ တဦးသည် မလှမ်းမကမ်းတွင် သီချင်းနားထောင်ရင်း လမ်းလျှောက်နေခဲ့သည်။ သုံးဘီး ဆိုင်ကယ်ပေါ်မှနေ၍ မြီးကောင်ပေါက်အရွယ် ယောင်္ကျားလေးတသိုက် သူ့ကို ပါးစပ်သရမ်းပြီး တပျော်တပါးကြီး စနောက်ကာ ဖြတ်သွားကြသည်။
နောက်ထပ် အဖြစ်အပျက်တခုတွင် စစ်တွေဟိုတယ်အနီးရှိ စားသောက်ဆိုင်တဆိုင်တွင် ထိုင်နေစဉ် မလှမ်းမကမ်း ဝိုင်းတဝိုင်းမှ ယောင်္ကျားအုပ်စုက နောက်တဝိုင်းတွင် ထိုင်နေသည့် မိန်းကလေးအုပ်စုကို ပါးစပ်သရမ်းလိုက်ကြသည်။
မိမိတို့မိသားစုဝင်များထဲမှ အမျိုးသမီးငယ်များကို မေးမြန်းကြည့်သည့်အခါလည်း အပြင်ထွက်တုန်း ယခုကဲ့သို့ အတွေ့အကြုံမျိုး ကို နေ့စ္စဓူဝကြုံတွေ့နေကြရကြောင်းပြောပြကြသည်။ လွန်ခဲ့သည့် ဆယ်နှစ်၊ဆယ့်ငါးနှစ် အထက်တန်း ကျောင်းသားအရွယ်၊ တက္ကသိုလ်ကျောင်းသား အရွယ်တုန်းကလည်း ယောင်္ကျားလေး တယောက်က မိန်းကလေးတယောက်အား ဆိုင်ကယ်ပေါ်မှဖြစ်စေ၊ စက်ဘီးပေါ်မှ ဖြစ်စေ “ကာလသားစကား” လိုက်ပြောနေသော မြင်ကွင်းများ၊အနှောင့်အယှက်ပေးနေသော မြင်ကွင်းများ၊ ပါးစပ်သရမ်းနေသော မြင်ကွင်းများမှာ နိစ္စဓူဝ မြင်ကွင်းများလို ဖြစ်နေခဲ့သည်။
စာရေးသူ ကျမ တွေ့ကြုံရသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများ အကြောင်းကို အနည်းငယ်ခန့် ဆွေးနွေးလိုပါသည်။ စာရေးသူသည် စစ်တွေမြို့ ကမ်းနားလမ်းတွင် နှစ် နှစ်နီးပါး ဆက်တိုက်လမ်းလျျှောက်လာသူတဦးဖြစ်ပါသည်။ လမ်းလျှောက်တိုင်း အစမခံရသော နေ့ဟူသည်ကား အလွန်ပင်ရှားလိမ့်မည်ထင်သည်။ အကြိမ်အရေအတွက် နည်းခြင်းများသာ ကွာလိမ့်မည်။ မှတ်မှတ်ရရတနေ့လမ်းလျှောက်ထွက်လာတော့ အမျိုးသားတစ်ယောက်က သူ့ရဲ့လိင်တံကို ထုတ်ပြပြီး လမ်းလျှောက်လာသော စာရေးသူကို ကြည့်ပြီး အာသာဖြေပြသည်။ နှမချင်းမစာနာသော လုပ်ရပ်က စာရေးသူကို အော့နှလုံးနာစေသည်။ သို့သော် အကာအကွယ်မဲ့သော အမျိုးသမီးများအဖို့ နှုတ်ပိတ်ပြီး မမြင်ချင်ယောင်ဆောင်ရုံမှအပ တခြားနည်းလမ်းမရှိသေး။မှတ်မှတ်ရရ အဲဒီနေ့ အစအနောက်ခံရတဲ့ အကြိမ်အရေအတွက်က လမ်းအစကနေအဆုံး အကြိမ် ၂၉ ကြိမ်ဖြစ်နေသည်။
တကယ်တမ်းနက်နက်နဲနဲ စဉ်းစားကြည့်မယ်ဆိုရင် စစ်တွေမြို့အတိုင်းအတာတွင် ဘယ်လောက်ဆိုးဆိုးရွားရွားဖြစ်နေပြီလဲ။
ပြီးခဲ့သည့် အပတ်က စာရေးသူတို့ သူငယ်ချင်းနှစ်ယောက် ပွိုင့်ကမ်းခြေဘက် အပြေးလေ့ကျင့်ခန်း လုပ်ရန် ထွက်ခဲ့ပါသည်။ ထိုနေရာအနီးက ဘောလုံးကန်နေသူအနား ဖြတ်ပြေးရင်း ကစားနေကြသူတွေထဲက သုံးလေးယောက်က ပါးစပ်သရမ်းကြသည်။ ယောက်ျားလေး ပါလာတဲ့အတွက် ကြောင့် အလွန်အမင်း စနောက်တဲ့စကားများ မကြားခဲ့ရဟု စာရေးသူတို့ ၂ ဦး သုံးသပ်မိသည်။
စာရေးသူနှစ်ဦးသည် ယခုဆောင်းပါးအား ရခိုင် ပြည်သူလူထုက ပိုပြီး အသိဝင်လာအောင် အမျိုးသမီးများခံစားနေရမှုကို အလေးထားပြောပြလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးဖြစ်သည်။ ပထမဆုံးအနေဖြင့် မိမိတို့ စစ်တွေမြို့သူမြိုသားများသည် ယခုပြဿနာအား အမျိုးသမီးများသာ တွေ့ကြုံနေရသည် ဖြစ်သည်အတွက် အမျိုးသမီးပြဿနာတခုသာဟု မြင်နေမှုကို ပြောင်းလဲပစ်ရမည်ဖြစ်ပါသည်။
အမျိုးသမီးများကို နှောင့်ယှက်စော်ကားမှု ပြဿနာအား အပေါ်ယံသာစဉ်းစားသည်ဆိုလျှင် အမျိုးသမီးများ၏ ပြဿနာဟု ထင်ကောင်းထင်နိုင်သော်လည်း အမျိုးသမီး အမျိုးသား အမျိုးသားအားလုံးကို သက်ရောက်မှုဖြစ်စေပြီး ရခိုင်လူ့အဖွဲ့အစည်းတခုလုံး၏ ပြဿနာအဖြစ် မြင်ရန်လိုသည်။
မိမိတို့လူ့အဖွဲ့အစည်းသည် အမျိုးသမီးအမျိုးသား အပြန်အလှန်မှီခို အားထားနေကြသော အဖွဲ့အစည်းဖြစ်ပြီး ထိုကဲ့သို့ ထိပါးနှောင့်ယှက်ခံနေရသူအမျိုးသမီးများသည် တနည်းတဖုံဖြင့် အမျိုးသားများ၏ အမေ၊ အစ်မ၊ ညီမ၊ သမီး၊ သူငယ်ချင်း၊ အိမ်ထောက်ဖက်၊ ချစ်သူရည်စာ လုပ်ဖော်ကိုင်ဖက်၊ ဆရာမ စသည်ဖြင့် ပုံစံတမျိုးမျိုးနဲ့ ဆက်နွယ်ပတ်သက်နေကြသော သူများဖြစ်သည်။
အမျိုးသမီး ပြသာနာမဟုတ်ပဲ အမျိုးသားပြသာနာဖြစ်သည့်အပြင် ရခိုင် လူမှုအဖွဲ့အစည်းတခုလုံးအပေါ် သက်ရောက်မှုရှိသည့် ပြဿနာ၊ ရခိုင်တမျိုးသားလုံးကို အရှက်ရစေသော ပြဿနာဖြစ်သည်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် ယဉ်ကျေးမှုကို တွန်းအားပေးနေသော အကြောင်းအရာများ
စာရေးသူ ၂ ဦးသည် ဆက်လက်ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို သက်ဆိုးရှည်နေစေသည့် အဓိက အကြောင်းအရာတချို့နှင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများနှင့် ဖြေရှင်းနိုင်သည့် နည်းလမ်း ပုံစံများကို ဆွေးနွေးသွားပါမည်။
အမျိုးသမီးများအား တဆင့်နိမ့်လူတန်းစားအဖြစ်မြင်ခြင်း
အမျိုးသားများက အမျိုးသမီးများအပေါ် ယခုလိုပြုမူဆက်ဆံခြင်းနောက်ကွယ်က လက်သည်တရားခံသည် အမျိုးသမီးများအား တဆင့်နိမ့်လူတန်းစားအဖြစ်မြင်စေသော ခေါက်ရိုးကျိုး ကျား/မ ဆိုင်ရာ အယူအဆတွေ၊ ရိုးရာဓလေ့များ၊ ထုံးထမ်းစဉ်လာများ ဖြစ်နေသည်။
ယောင်္ကျားအချို့အတွက် မိန်းမများကို ယခုလို ပြုမူဆက်ဆံမှုဆိုတာ ရပိုင်ခွင့်တခု လို့ထင်နေကြသည်။ တရားဥပဒေအရ ပြစ်ဒဏ်ခတ်ခြင်း မခံရသည့်အပြင် လူမှုအသိုင်းအဝိုင်းကလည်း ရှုတ်ချခြင်း မရှိသလောက် ဖြစ်နေသောကြောင့် ပါးစပ်သရမ်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများ ကျားမဆိုင်ရာ အယူအဆများသည် ခေါက်ရိုးကျိုးကာ လူမှုအဖွဲ့အစည်းထဲတွင် သက်ဆိုးရှည်နေသည်။
ယောက်ျားလေးအချင်းချင်း အုပ်စုဖွဲ့ စနောက်ကြခြင်း
ယောက်ျားလေးများ အုပ်စုလိုက်ထိုင်နေသည့်ရှေ့က ဖြတ်သွားရဲသည့် မိန်းကလေးများမှာ ခပ်ရှားရှားဖြစ်လိမ့်မည်ထင်တယ်။ ရှေ့က ဖြတ်လျှောက်သွားသည့် အမျိုးသမီးငယ်၊လတ် မရွေးဘဲ စနောက်မှုများစွာရှိသည်။ ယောက်ျားလေးများ လူစုံတက်စုံ ဆိုလျှင်ပိုဆိုးနေသည်။ ယောက်ျားလေးအချင်းချင်း ယခုကဲ့သို့ ပြုမှုလိုက်ခြင်းဖြင့် သူတို့၏ စိတ်ထဲတွင် သူတို၏ ယောက်ျားဖြစ်တည်မှုကို စိတ်ခံစားမှုမြင့်စေပြီး သူတို့သည် လူမှုပတ်ဝန်းကျင်တွင် လွှမ်းမိုးနိုင်သည် ဆိုသည့် စိတ်ခံစားမှုကို ယခုကဲ့သို့ ဘော်ဒါအချင်းချင်းဆုံလျှင် ပြုမှုခြင်းများဖြင့် ပြသလိုကြသည်ဟု ပညာရှင်များက ဆိုသည်။
ထိုသို့ စနောက်ပြီး ရယ်မောပျော်ရွှင်လိုက်ခြင်းဖြင့် အမျိုးသမီးများအဖို့မှာ စိတ် မချမ်းမြေ့မှု၊ စိတ်မလုံခြုံမှုကို ဖြစ်စေသည်။ ထိုအရာများသည် ယောက်ျားလေးများ အပျော်သဘောဖြင့် စနောက်လိုက်သော်လည်း ခံရသူများဘက်မှ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများပေးဆပ်လိုက်ရသည်ကို တကြိမ်တခါတွေးတော မိဖူးပါသလား။
ပြသာနာ၏နောက်ဆက်တွဲဆိုးကျိုးများ
ယခုကဲ့သို့ စနောက်ခြင်းများသည် အမှုမဲ့အမှတ်မဲ့ ပြသာနာမဟုတ်ဟု လူမှုပတ်ဝန်းကျင်က ထင်မြင် ယူဆကြသော်လည်း ခံရသူ တဖက်သားအမျိုးသမီးများတွင် ဆုံးရှုံးမှုများစွာကြုံကြရသည်။ ထိုအထဲက တချို့ကို အောက်တွင် ဖော်ပြထားသည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု
အမျိုးသမီးများအနေဖြင့် လူပုံအလယ်တွင် အိန္ဒြေပျက်ပြားအောင် နှောင့်ယှက်စော်ကားခံရမှုများကြောင့် အခြားသော အခွင့်အရေးများ၊ လုပ်ပိုင်ခွင့်များပါ ဆုံးရှုံးနေရသည်။ ရှေ့တွင်ဖော်ပြခဲ့သည့် ပါးစပ်သရမ်းသူတွေကြောင့်၊ နှောင့်ယှက်စော်ကားသူတွေကြောင့် မနက်၊ညနေ လမ်းလျှောက်ထွက်ဖို့ တွန့်ဆုတ်သွားတဲ့ အမျိုးသမီးများ ရှိနေသည်။ လူသူထူထပ်သည့် အထူးသဖြင့် ယောင်္ကျားထူထပ်သည့် နေရာတွေကို သွားလာရန် အမျိုးသမီးများ မလုံမခြုံ၊ စိတ်မသက်မသာ ဖြစ်သွားတတ်ပါသည်။
တနည်းပြောရလျှင် အမျိုးသမီးများသည် အများပြည်သူပိုင်နေရာများကို ယောင်္ကျားများနှင့် တန်းတူ အနှောင့်အယှက်ကင်းစွာ အသုံးပြုခွင့်ကို ချိုးဖောက်ခံရခြင်းပင်ဖြစ်သည်။ ဒီအခြေအနေကြောင့်ပင် မိမိတို့နှင့်သက်ဆိုင်ပတ်သက်နေသူ အမျိုးသမီးများ “မတော်တဲ့အချိန်” တွေမှာ တယောက်တည်း အပြင်ထွက်ရင် စိတ်မချ ဖြစ်နေကြရသည်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသည် ကျားမအခြေပြုအကြမ်းဖက်မှုဖြစ်သည့် အပြင် လူအခွင့်အရေးချိုးဖောက်မှုလည်းဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှု
လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရခြင်းသည် အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဖြစ်စေပြီး အမျိုးသမီးများ၏မိမိကိုယ်ကို ယုံကြည်စိတ်များအားလည်း ဆုတ်ယုတ်စေသည်ဟု အသိအမှတ်ပြု လက်ခံထားကြပါသည်။
အမျိုးသားများ၏ အပျော်သဘောဖြင့် ဝိုင်းဖွဲ့ စနောက်ကာ အမျိုးသမီးများအား အများပိုင်ပစ္စည်းကဲ့သို့ သဘောထားခံရခြင်းသည် အမျိုးသမီးများအတွက် စိတ်မသက်မသာဖြစ်စေသည်။ ထိုအမျိုးသမီးများသည် သားသမီးအတွက် အလုပ်လုပ်ထွက်လုပ်နေကြရသော၊ မိဘကို ကျွေးမွေးပြူစုစောင့်ရှောက်နေသော၊ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေကြသော တန်ဖိုးရှိ အမျိုးသမီးများဖြစ်ကြသည်။ ထိုအမျိုးသမီးများသည် လမ်းပေါ်ရောက်သွားသည်နှင့်တပြိုင်နက် ရုပ်ဝထ္ကု ပစ္စည်းအဖြစ် သဘောထားခံလိုက်ရခြင်းသည် စိတ်ပိုင်းဆိုင်ရာအား များစွာ ထိခိုက်စေသည်။
ကျား၊မ တန်းတူညီမျှမှုမရှိခြင်း
ယခုကဲ့သို့ နှုတ်သရမ်းခြင်းများ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းများကို မသိကျိုးကျွံပြုမယ်ဆိုရင်ဖြင့် ရှိနှင့်ပြီးသား ကျား၊မ မညီမျှဖြစ်နေမှုကို ပိုမိုအားပေးရာရောက်နေပြီး အမျိုးသမီးများ၏အခွင့်အရေးကို များစွာအတားအဆီးဖြစ်နေစေသည်။
ယောက်ျားလေးဖြစ်တည်မှုကို အခွင့်ကောင်းယူပြီး အမျိုးသမီးဖြစ်တည်မှုကို စနောက်ခြင်းသည် တိုးတက်သော လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက်တခုလည်း ဖြစ်နေသည်။ ထိုအလေ့အထသည် နောင်မျိုးဆက်များအထိ သယ်ဆောင်သွားမည်ဆိုလျှင်ဖြင့် မိမိတို့၏ နောင်လာမည့် သမီးငယ်များအား ကျားမတန်းတူညီမျှမှုမရှိသည့် အများနှင့်တန်းတူ အခွင့်အရေးကို အပြည့်အ၀ မခံစားကြရသည့် ပတ်ဝန်းကျင်ကို အမွေပေးသကဲ့သို့ဖြစ်နေသည်။
ပြသာနာကို ဘယ်လိုဖြေရှင်းကြမလဲ
အမျိုးသမီးများအားအကြမ်းဖက်မှုများထဲမှ တခုဖြစ်သည့် ပါးစပ်သရမ်းသည့်အမှု၊ နှုတ်ဖြင့်စော်ကား နှောင့်ယှက်သည့် အမှုများသည် ရာဇဝတ်မှုဖြစ်သည့်အတွက် လက်ရှိဥပဒေများဖြင့် မလုံလောက်လျှင် ပိုပြီးထိရောက်သည့် ဥပဒေပြဋ္ဌာန်းပြီး အလေးအနက် အကောင်အထည် ဖော်ဖို့လိုအပ်သည်။
သို့သော် ဒီရာဇဝတ်မှုပုံစံမျိုးသည် လူမှုရေးအရ သိပ်သည်းဆများသည့် အခြေအနေမှာ ကျူးလွန်ခြင်း ဖြစ်သည့်အတွက် ရာဇာဝတ်မှုအဖြစ် ဖြေရှင်းရုံနဲ့ မပြီးဘဲ လူမှုရေးရှုထောင့်မှလည်း ဥပမာ အသိပညာပေး လုပ်ငန်းများ လူထုအစည်းအဝေးများလုပ်ပြီး ဖြေရှင်းရန်လည်း လိုသည်။ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေပုဒ်မ ၅၀၉ အရလည်း ရာဇဝတ်မှုမြောက်ပါသည်။
သို့သော် ဥပဒေကို အမျိုးသားအမျိုးသမီး အများစု မသိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသိပညာပေးမှု၊ ဗဟုသုတ မ ျှဝေခြင်းများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
ရခိုင်ပြည်နယ်၏ ရှုခင်းသာ လမ်းကဲ့သို့ လူစည်ကားရာနေရာများတွင် လူငယ်များ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းပြီး လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများကိုရှုတ်ချခြင်းများကိုကျယ်ကျယ်ပြန့်ပြန့် ရေရှည်စီမံကိန်းဆွဲပြီး ပြုလုပ်နိုင်သည်။ လူငယ် အမျိုးသား၊ အမျိုးသမီးတွေ အတူတူပူးပေါင်းပြီး ဝါကျွတ်၊တန်ဆောင်တိုင်၊ ရခိုင်ရိုးရာ သြင်္ကန်ပွဲ အစရှိတဲ့ နေရာတွေမှာ လက်ကမ်းစာစောင်ဝေခြင်းများ၊ တူညီဝတ်စုံများဝတ်ဆင်ကာ သံချပ်ထိုး အသိပညာမြှင့်တင်ပေးခြင်းများကို အလျဉ်းသင့်သလို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်းများသည် တဖြည်းဖြည်းဖြင့် အသိအမြင်များကို ပြောင်းလဲလာနိုင်လိမ့်မည်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း ယဉ်ကျေးမှုအား လက်ခံရန်ငြင်းဆန်ခြင်း
ရခိုင်လူမျိုးအနေဖြင့် ပြောရလျှင် အမျိုးသမီးများအား ကဏ္ဍအားလုံးတွင် တန်ဖိုးထားသည့်စိတ်၊ လေးစားသည့်စိတ်၊ တန်းတူဆက်ဆံသည့်စိတ်များသည် ရခိုင်လူမျိုးအားလုံး ရခိုင်လူ့အဖွဲ့အစည်းများ၏ အခြေခံ တန်ဖိုးတခု၊ စံနှုန်းတခု ဖြစ်သင့်သည်။ နိဂုံးချုပ်ပြောရလျှင် ယခုပြဿနာအား လုံးဝဖြေရှင်းနိုင်လျှင်သော်မှ ရခိုင်လူမှုအဖွဲ့အစည်းတွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခံရမှုများ နှိမ်ခံရမူများအား ဖျောက်ဖျက်ပေးနိုင်ဦးမည် မဟုတ်ပါ။ ကျားမတန်းတူရေးဆိုသည့် ခရီးရှည်ကြီး၏ ပဏာမခြေလှမ်းသာ ဖြစ်ပါလိမ့်မယ်။ ကျနော်ကျမတို့ ရခိုင်လူမျိုးများအားလုံး အမျိုးသမီးတွေကို လေးစားကြရအောင်ပါ။
ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် Development Media Group (DMG) ၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ထုတ် Development News Journal, Issue 98 တွင် ဖော်ပြပါရှိသော “အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပြဿနာ” ဆောင်းပါးအား ကူးယူဖော်ပြပါသည်။