လွန်ခဲ့သော နှစ်ပတ်ခန့်က မာလ (အမည်လွဲ)ဟာ သူ ကြုံတွေ့ ခံစားနေခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုကို တိုင်ဖို့အတွက် သူနေထိုင်ရာ မြို့နယ်ရဲစခန်းကို ၂ ကြိမ်တိတိသွားရောက်အမှုဖွင့်ခဲ့သည်။
သို့သော် ရဲအရာရှိများက တိုင်ကြားတဲ့အမှုကို အလေးမထားဘဲ သူ့ကို အိမ်ကိုပြန်လွှတ်ခဲ့ကြပြီး သူ ဆေးရုံကိုသွားပြီး ပြခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့ ဆေးမှတ်တမ်းကိုတောင် ပြဖို့ အခွင့်အရေးမပေးခဲ့ကြဘူးလို့ သူက ပြောပြပါသည်။
ထိုအဖြစ်လိုပဲ မကြာမီကာလတခုက ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတခုမှာ အမျိုးသမီးကြီးတဦးက သူနေထိုင်ရာ စခန်းမှာ အမျိုးသမီးငယ်လေးတဦး ပျောက်ဆုံးနေသဖြင့် ရှာဖွေပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။
သူ ပြောပြချက်အရ အမျိုးသမီးငယ်လေးမှာ အဆိုပါစခန်းမှ ကျောင်းကိုသွားသည့် လမ်းတလျှောက်မှာ လိင်ပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်မှုဒဏ်ကို ကြောက်ရွံံလာသည့်အတွက် ရန်ကုန်တွင် ကျောင်းတက်ရန်ဟုဆိုကာ ထွက်သွားသည်ဟု သိရပါသည်။
ပဋိပက္ခဖြစ်ပွားရာဒေသအချို့ဖြစ်သည့် ကချင်၊ ရှမ်း၊ ရခိုင် သို့မဟုတ် မန္ဓလေးမြို့ရှိ လမ်းမကြီးများပေါ်တွင် ယခုကဲ့သို့ အဖြစ်အပျက်မျိုးသည် မထူးဆန်းသကဲ့သို့ ဖြစ်နေသည်။ အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုများကို မြန်မာလူမှု့အသိုင်းအဝိုင်းက လက်ခံထားကြပြီး ဥပဒေအရ ကို ထိရောက်စွာ အသုံးပြုခြင်းလည်း လုံလုံလောက်လောက်မရှိသေးသည်ကို တွေ့ရသည်။
မြန်မာ့ဓလေ့ထုံးတမ်းတွင် ဇနီးသားမယားအား ရိုက်နှက်ခြင်းအား လူမှုရေးပြသနာတရပ်အဖြစ် မမြင်နိုင်ကြသေးပါ။ ၂၀၁၅-၁၆ တွင် ပြုလုပ်ခဲ့သော လူဦးရေနှင့်ကျန်းမာရေးဆိုင်ရာ စစ်တမ်းတခုတွင် ဇနီးမယားအား ရိုက်နှက်ခြင်းသည် ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ၅၁ ရာခိုင်နှုန်းသော အမျိုးသမီးများနှင့် ၄၉ ရာခိုင်နုန်းသော အမျိုးသားများက ထုတ်ဖော်ပြောခဲ့ကြသည်။
“အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်မယ်” ဆိုသော မြန်မာစကားပုံသည် မြန်မာယဉ်ကျေးမှုတွင် ဇနီးမယားအားရိုက်နှက်ခြင်းကို လက်ခံထားသည်ကို ဖော်ပြနေသည်။ အိမ်တွင်းအကြမ်းဖက်မှုသည် အိမ်တွင်းမှာဖြစ်သောမိသားစု ကိစ္စ ဖြစ်သောကြောင့် လင်မယားနှစ်ယောက်ကိုယ်တိုင်သာ ဖြေရှင်းသင့်သည်ဟူသည့် အယူအဆမှာလည်း မြန်မာ့ လူ့အသိုင်းအဝိုင်းတွင် အိမ်တွင်းအကြမ်းဖက်မှုကို လက်ခံထားသကဲ့သို့ဖြစ်နေသည်။ ထိုအယူအဆသည်တောရွာ၊ မြို့များသာမက ယာယီဒုက္ခသည်စခန်းစသည့် နေရာအနှံ့အပြားတွင် ပျံ့နှံ့နေသည်။
မြန်မာနိုင်ငံတွင် ခေါင်းဆောင်ပိုင်းဆိုင်ရာနှင့် ဆုံးဖြတ်ချက်ချသည့်နေရာများတွင် အမျိုးသမီးပါဝင်မှုနှုန်းသည် အလွန်နည်းပါးသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ဦးရေမှာ သုညဖြစ်သည်။ အလားတူပင် မြန်မာနိုင်ငံအနှံ့အပြားရှိ ဒုက္ခသည်စခန်းများအား စီမံရန်အတွက် အစိုးရမှဖွဲ့စည်းပေးထားသော စခန်းအုပ်ချုပ်ရေးကော်မတီများတွင် လည်း အမျိုးသမီးဦးရေသည် အလွန်နည်းပါးသည်။ ယခုကဲ့သို့ အမျိုးသမီးဦးဆောင်မှုနည်းပါးခြင်းသည် အမျိုးသမီးများ၏ စိုးရိမ်ပူပန်မှုများ၊ ထင်မြင်ချက်များကို ဝေမျှနိုင်ရန်အတွက် အဟန့်အတားဖြစ်လျက်ရှိသည်။
“မိန်းမတို့အိန္နြေရွှေပေးလို့မရ”ဆိုသော စကားပုံ သည် မြန်မာအမျိုးသမီးတယောက်ဖြစ်တည်မှုကို ဖော်ကျူးသည့် ယေဘုယျအသုံးအနှုန်းတခုဖြစ်သည်။ ယင်းစကားပုံနှင့်အတူ အမျိုးသမီးတယောက်၏ အပျိုစင်ဖြစ်တည်မှုကလည်း အလွန်အရေးပါသည်။ အမျိုးသမီးတယောက်၏ သန့်စင်မှုတန်ဖိုးကို အပျိုစင်ဖြစ်ခြင်း၊ မဖြစ်ခြင်းဖြင့်သာ တိုင်းထွာကြသည်။ လက်မထပ်ခင် အပျိုရည်ပျက်ခြင်းသည် သူနှင့် သူ၏မိသားစုဝင်များအဖို့ ကြီးစွာအရှက်ရစေခြင်းပင်ဖြစ်သည်။
ထို့အတွက်ကြောင့် မိသားစုဝင်များသည် လက်မထပ်ရသေးသည့် သမီးပျိုလေးများအား အပျိုစင်ဘဝအား မထိခိုက်အောင်အတွက် အလွန်အမင်းစည်းကျပ်ကြသည်။ ဝမ်းနည်းစရာကောင်းသည်မှာ အမျိုးသမီးနှင့် အမျိုးသမီးငယ်လေးများလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြုံခဲ့ရသည်ဆိုလျှင်တောင်မှ မိသားစုဂုဏ်သိက္ခာ မညှိုးနွမ်းစေရေးအတွက် တိတ်တိတ်ဆိတ်ဆိတ်နေရန် ထိုလူမှုဆိုင်ရာစံချိန်စံနှန်းများက ဖိအားပေးလျက်ရှိသည်။ အမျိုးသမီးကောင်းဆိုသော တင်းကျပ်သည့် ကျား၊မရေးရာ စံနှုန်းများက အမျိုးသမီးများ၏ လွတ်လပ်စွာသွားလာခွင့်နှင့် အများပြည်သူဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်နိုင်စွမ်းကို တားမြစ်လျက်ရှိသည်။
#MeTooလှုပ်ရှားမှုသည် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားခံခဲ့ရမှု အတွေ့အကြုံများကို ထုတ်ဖော်ပြောဆိုနိုင်ရန် အခြေအနေနှင့် အခွင့်အလမ်းများကို တိုင်းပြည်အနှံ့အပြား (မြန်မာနိုင်ငံအပါအဝင်) လမ်းဖွင့်ပေးလိုက်သည်ဟု ဆိုရမည်။
၎င်းလှုပ်ရှားမှုက လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းသည် မည်သည့်နေရာတွင်မဆို လက်ခံသင့်သည့် အရာတခု မဟုတ်ကြောင်းနှင့် ရှုတ်ချရမည့် အရာတခု ဖြစ်ကြောင်းကို ပိုမိုအားကောင်းသည့် သတင်းစကား ပေးလိုက်ခြင်း ပင်ဖြစ်သည်။
သို့ရာတွင် #MeTooလှုပ်ရှားမှုတွင် မပါဝင်နိုင်သည့် အမျိုးသမီးများအတွက်က ဘယ်မလဲ ဟု မေးစရာရှိလာပါသည်။ #MeTooလှုပ်ရှားမှု အရှိန်ရလာသည်နှင့်တပြိုင်နက် အသိအမြင်များ ပိုမိုပွင့်လင်းလာသည်ဟု ပြောရမည် ဖြစ်သော်လည်း အမျိုးသမီးအားလုံးသည် သူတို့၏ စိုးရိမ်သောကများကို ဝေမျှနိုင်ရန် အခွင့်အရေး တန်းတူမရကြသေးပါ။
ကျားမ တန်းတူညီမျှရေးကွန်ရက်မှ ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာချက်တခု၏ အင်တာဗျူးတွင်ပါဝင်ခဲ့သည့် အမျိုးသမီးထဲမှ ထက်ဝက်ခန့်သည် သူတို့ ကြုံတွေ့ရသော လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို အပြစ် တင်ခံရခြင်းနှင့် အရှက်ရခြင်းတို့ ကြုံတွေ့ရမည်စိုးသောကြောင်း ထုတ်ဖော်ပြောဆိုလိုစိတ်မရှိကြကြောင်း ပြောဆိုခဲ့ ကြသည်။
မြန်မာနိုင်ငံရှိ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသော အမျိုးသမီးနှင့် အမျိုးသမီးငယ်များသည် ထပ်ခါတလဲလဲ အကြမ်းဖက်မှုဒဏ်ကို တွေ့ကြုံခံစားကြရသည်။ ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်း ၁၂ ခုမှ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးမှုများတွင် အမျိုးသမီးများသည် ၂၀၁၁ ခုနှစ် ပဋိပက္ခ စတင်ချိန်မှ ကြုံတွေ့ခဲ့ရသော ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကို ဝေမျှခဲ့ကြသည်။
ထိုလေ့လာချက်တွင် အမျိုးသမီးများသည် ကြုံတွေ့ရသည့် ခံစားချက်အသံများကို ထုတ်ဖော်ပြောဆိုရန် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများကို ကြုံတွေ့ရသည်ဟု မီးမောင်းထိုးပြထားသည်။ လူသားချင်းစာနာမှု ဆိုင်ရာ အရေးပေါ်အခြေအနေတွင် ဖြစ်တတ်သည့် အမျိုသမီးများအပေါ် အကြမ်းဖက်မှုများထဲတွင် လူကုန်ကူးခံရနိုင်ခြေများ၊ အတင်းအဓမ္မအလုပ်စေခိုင်းခံရမှုများ၊ လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်ခံရမှုများ၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများနှင့် အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် လိုအပ်သည့် ကျန်းမာရေးနှင့် အထောက်အကူပေးရေး ဝန်ဆောင်မှုများ ကင်းမဲ့ခြင်း အစရှိသည်တို့ပါဝင်သည်။
မည်သို့ပင်ဆိုစေကာမှု မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးနှင့် ကျား၊မ အခြေပြု အကြမ်းဖက်မှုများကို ဖြေရှင်းနိုင်ရန် ကြီးမားသည့် ကြိုးစားအားထားမှုများလည်းရှိနေသည်။ နိုင်ငံတော်အဆင့် စီမံကိန်းနှင့် စီမံချက်များအထဲမှ တခုဖြစ်သည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အရေးပေါ်အခြေအနေရှိ အမျိုးသမီးများ အရေးသည် စီမံကိန်း ၏ဦးစားပေး ၁၂ ချက်တွင် ၂ ချက်ပါဝင်နေသည်။
လူသားချင်းစာနမှုဆိုင်ရာ အထောက်အကူပေးရေး ကဏ္ဍတွင်လည်း ကျား၊မအခြေပြု အကြမ်းဖက်မှုကို ဖြေရှင်ပေးနိုင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများအတွက် ကျား၊ မအခြေပြု အကြမ်းဖက်တို က်ဖျက်ရေးနည်းလမ်းများ၊ အဖွဲ့အစည်းများအလုပ်လုပ်ရာတွင် အထောက်အကူပေးနိုင်ရန် ကျား၊မရေးရာနှင့် ပတ်သက်ကာ ထည့်သွင်းစဉ်းစားရန် လမ်းညွှန်ချက်စာအုပ်များလည်းရှိသည်။ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ချက်စီမံချက်တွင် လူသားချင်းစာနာမှုရေး ရာအကူအညီပေးသည့်နေရာများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနှင့် စော်ကားမှုများကို အကာအကွယ်ပေးရေးမှာ အဓိက အခန်းကဏ္ဍတရပ်အဖြစ် ပါဝင်သည်။
၂၀၁၈ ခုနှစ် ၁၆ ရက်တာလှုပ်ရှားမှု၏ ယခုနှစ် ခေါင်းစဉ်မှာ “အမျိုးသမီးများအသံနားထောင်ပေး” ဖြစ်သည်။ ထိုခေါင်းစဉ်သည် #Metoo လှုပ်ရှားမှုကြောင့် တိုးမြင့်လာသည့် အရှိန်ကို ပိုကောင်းအောင်လုပ်ရန်နှင့် အမျိုးသမီးများ၏ အသံကို ပိုမို တိုးမြှင့်အောင်လုပ်ပေးရမည်ဟု အသိအမှတ်ပြုရာလည်းရောက်သည်။ ထိုခေါင်းစဉ်သည် ရှုပ်ထွေးလှသည့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေကို ကြုံတွေ့နေရသည့် အမျိုးသမီးများ၏ ဘဝဇာတ်ကြောင်းကို လူထုပိုမို သတိထားမိလာအောင် အထောက်အပ့ံ့ အများကြီးဖြစ်စေနိုင်သည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတော် အစိုးရမှ ပူးပေါင်းကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အကာအကွယ်ပေးသည့် ဥပဒေမူကြမ်းကို ရေးဆွဲနေသည်မှာ ၅ နှစ်ကျော်ခန့်ရှိပြီဖြစ်သည်။
ဥပဒေပြဌာန်းပြီးသည်နှင့် တပြိုင်နက် အိမ်တွင်းအကြမ်းဖက်မှုခံစားနေရသူများ ဥပဒေ အကာအကွယ်ရ ရှိမည်ဖြစ်သည်။ အကြမ်းဖက်မှုကို ကျူးလွန်သူများသည် ကျူးလွန်သည့် ပြစ်မှုနှင့် ထိုက်တန်သည့် ပြစ်ဒဏ်ကို ခံရမည်ဖြစ်သည်။ ဥပဒေပြဌာန်းပြီးသည်နှင့် တပြိုင်နက် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော အမျိုးသမီးနှင့် အမျိုးသမီးငယ်လေးများအတွက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို အကာအကွယ်ပေးရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ပြီး ကျောင်းအသွားအပြန်နှင့် ရေလုံအိမ်သာသို့အသွားအပြန်များကို စိုးရိမ်စရာ ဘဲ သွားရောက်နိုင်မည်ဖြစ်သည်။
ထို့အတွက် ကြောင့် အမျိုးသမီးများ အား နည်းပေါင်းစုံဖြင့် အကြမ်းဖက်မှုဒဏ်မှ ကင်းလွတ်အောင် ဥပဒေပြဌာန်းရန် အပူတပြင်းလိုအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်နယ်နှင့် တိုင်း ၁၄ ခုလုံးတွင် နေထိုင်နေကြသော အမျိုးသမီးအားလုံးအတွက် အကြမ်းဖက်မှုကို အကာအကွယ်ပေးရေး ဥပဒေကို အကောင်အထည်ဖော်ရေး အတွက် ပိုမိုတိုးမြှင့် လျင်မြန်စွာလုပ်ဆောင်သင့်ပါသည်။