လွှတ်တော်တွင် ဆွေးနွေးနေသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတွင် တရားဝင် ထိမ်းမြားလက်ထက်နိုင်သည့် အသက်ကန့်သတ်ချက် ဖွင့်ဆိုထားခြင်းကို ပယ်ဖျက်လိုက်သည့်အပေါ် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများက စိုးရိမ်နေကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တင်သွင်းသော ထိုဥပဒေကြမ်းတွင် အမျိုးသားငယ်များနှင့် အမျိုးသမီးငယ်များ အသက်အငယ်ဆုံး လက်ထပ်ထိမ်းမြားနိုင်သည့် အသက်ကို တည်ဆဲဥပဒေများနှင့် ဓလေ့ထုံးတမ်း ဥပဒေများနှင့်အညီ သတ်မှတ်မည်ဟု ဖေါ်ပြထားသည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း စာချုပ်ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါက အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ရမည်ဟု ထည့်သွင်းထားသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြီးခဲ့သည့်အပတ်က တရားဝင် ထိမ်းမြား လက်ထပ်ခြင်းပြုနိုင်မည့် အသက်ကို အနိမ့်ဆုံး ၁၈ နှစ်ဟု အဆိုပြုထားခြင်းကို ပယ်ဖျက်ရန် အကြံပြုခဲ့သည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေတွင် ထိမ်းမြားလက်ထပ်ခြင်းပြုနိုင်မည့် အနိမ့်ဆုံး အသက်အရွယ်ကို ထည့်သွင်းခြင်းသည် နိုင်ငံ၏ တည်ဆဲဥပဒေတွေနှင့် ဓလေ့ထုံးတမ်းများနှင့် ဆန့်ကျင်ကွဲစေမည်ဟု ဥပဒေကြမ်းကော်မတီ၏ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ကျော်စိုးက ပြောသည်။
လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်ပြီး ဘာသာအလိုက် လူမျိုးအလိုက် သတ်မှတ်ထားသော အနိမ့်ဆုံး လက်ထပ်နိုင်သော အသက်အရွယ်ကန့်သတ်ချက် အမျိုးမျိုးရှိကြောင်းကို ထောက်ပြသည်။
ပြည်သူ့လွှတ်တော်သည် ဥပဒေကြမ်းကော်မတီ၏ အကြံပြုချက်ကို နိုဝင်ဘာလ ၂၈ ရက်နေ့က ထောက်ခံမဲပေးခဲ့သည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတွင် အနိမ့်ဆုံး ထိမ်းမြားလက်ထပ်နိုင်သော အသက်အရွယ်ကို ပယ်ဖျက်လိုက်ခြင်းသည် ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းကို အားပေးရာ ရောက်မည်ကို စိုးရိမ်ကြောင်း Lawyer and Legal Clinic Myanmar အဖွဲ့မှ ဒါရိုက်တာတဦးဖြစ်သည် တရားလွှတ်တော်ရှေ့နေ မလှလှရီက ပြောသည်။
“အရွယ်မတိုင်ခင် လက်ထပ်တဲ့ကိစ္စတွေကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေက လုပ်လို့ရတယ်လို့ ခွင့်ပြုလိုက်သလို ဖြစ်သွားတယ်” ဟု သူပြောသည်။
အဆိုပြုထားသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းသည် ကလေးများနှင့်ပတ်သက်သော အထူးဥပဒေဖြစ်သောကြောင့် အခြားဥပဒေများကို လွှမ်းမိုးသည့်သဘောရှိကြောင်း သူပြောသည်။
ထိုကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၇၅ အရ အရ အလိုတူတူ မတူတူ အသက် ၁၆ နှစ်အောက်နှင့် လိင်ဆက်ဆံလျှင် မုဒိမ်းမှုမြောက်သည်ဟု ပြဌာန်းထားသော်လည်း ယခု ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတွင် ဓလေ့ထုံးတမ်းအရ လက်ထပ်နိုင်သည့်အသက်အရွယ်တွင် လက်ထပ်နိုင်သဖြင့် ပုဒ်မ ၃၇၅ ဖြင့် အရေးယူလို့ မရနိုင်ကြောင်း သူက ပြောသည်။
တရားဝင် လက်ထပ်ထိမ်းမြားပြုနိုင်သည့် အသက်အရွယ်ကန့်သတ်ချက်ကို ချန်လှပ်ထားပြီး များပြားလှသော ဓလေ့ထုံးတမ်းများအောက်တွင် ကလေးများကို လက်ထပ်ထိမ်းမြားခွင့်ပြုခြင်းသည် ၁၉၉၇ ခုနှစ်က မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာ သဘောတူညီချက်ဖြစ်သော အမျိုးသမီးများကို ပုံစံမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပြောက်ရေး သဘောတူညီချက် (CEDAW) နှင့်ဆန့်ကျင်ကြောင်း Gender Equality Network မှ ဒါရိုက်တာ မမေစံပါယ်ဖြူက ပြောသည်။
CEDAW တွင်လက်မှတ်ရေးထိုးထားသော နိုင်ငံအနေဖြင့် အစိုးရသည် အမျိုးသမီးတွေအတွက် ထိခိုက ်အန္တရာယ်ဖြစ်စေသည့်အရာတွေကို အစဉ်အလာ ထုံးစံများကို ဥပဒေနှင့် တားမြစ်ရမည်ဖြစ်ကြောင်း မမေစံပါယ်ဖြူ ကပြောသည်။ ယခု ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းသည် CEDAW နှင့် လုံးဝဆန်ကျင်ဖက် လုပ်ရပ်တခုကို လုပ်လိုက်ခြင်းဖြစ်ကြောင်းလည်း သူပြောသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲခဲ့သည်။ ခေတ်မမီတော့သည့် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဖြစ်သည်။ ထိုဥပဒေကြမ်းသည် မြန်မာနိုင်ငံက ၁၉၉၁ တွင် လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူညီချက် (CRC) နှင့်အညီ ကလေးသူငယ်များ၏ အသက်အရွယ်ကို ၁၈ နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး ကလေးသူငယ်အခွင့်အရေးနှင့် စောင့်ရှောက်မှုများအတွက် ပိုမိုကောင်းမွန်သော အကာအကွယ်များပေးရန် ရေးဆွဲခြင်းဖြစ်သည်။
“(ဥပဒေထဲမှာ) တခြားဟာတွေ ပြည့်စုံအောင် ကောင်းအောင်လုပ်ထားရက်သားနဲ့ ဒီတချက်လေးနဲ့ ဝေဖန်တယ်ဆိုပီး [ထိမ်းမြားလက်ထပ်နိုင်သည့် အသက်ကန့်သတ်ချက် ပြဌာန်းတာကို ဆန့်ကျင်သူတွေက] ပြောမယ်။ ဒါပေမယ့် ဒီတချက်လေးကလည်း လျစ်လျူရှုထားလို့ မရအောင်ကို အရေးကြီးတယ်” ဟု မမေစံပါယ်ဖြူပြောသည်။
ယခု အစိုးရလက်ထက်တွင် ရေးဆွဲသည့် ဥပဒေတွေသည် အနည်းဆုံး မိမိနိုင်ငံက ကတိပြုထားသည့် နိုင်ငံတကာသဘောတူညီချက်တွေက ပြဌာန်းချက်တွေနှင့် ကိုက်ညီသင့်ကြောင်း သူပြောသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ထိုဥပဒေကြမ်းတွင် အမျိုးသားနဲ့ အမျိုးသမီး လက်ထက်ထိမ်းမြားနိုင်သည့် အသက်ကို ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်ဟု ထည့်သွင်း ပြဌာန်းရန် အဆိုတင်သွင်းခဲ့သည်။
CEDAW နှင့် UNCRC ကော်မတီတို့၏ ၂၀၁၄ ခုနှစ်က ယေဘုယျ ပူးတွဲ အကြံပြုချက်တွင် အရွယ်မရောက်သည့် ကလေးငယ်များ လက်ထပ်ခြင်းကို ကာကွယ်ရန် ပြောဆိုထားကြောင်း သူက ပြောသည်။
“အခု ပြဌာန်းမယ့် ဥပဒေဟာ ကလေးသူငယ်အခွင့်အရေးအတွက် အထူးပြုထားတဲ့ ဥပဒေဆိုတာ သတိချပ်စေချင်ပါတယ်” ဟု ဒေါ်အေးမြမြမျိုးက ပြောသည်။ “ကလေးသူငယ်များကို ထိမ်းမြားလက်ထပ်ပေးခြင်းဖြင့် ဆောလျင်စွာ ကိုယ်ဝန်ဆောင်ခြင်း၊ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တာက မိခင်နဲ့ ကလေးသေဆုံးမှုကို ပိုမိုမြင့်တက်စေတဲ့ ကျန်းမာရေးရှုထောင့်အရ ကြည့်ရင်လည်း ဘယ်လိုမှ မကောင်းပါဘူး” ဟုလည်း သူပြောသည်။
သို့သော် သူ၏ အဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။ အမျိုးသားများ လွှမ်းမိုးသော လွှတ်တော်မှ ကိုယ်စားလှယ် ၃၂၀ ဦးတို့က ထိုအဆိုကို ကန့်ကွက်ပြီး ထောက်ခံသူ ကိုယ်စားလှယ် ၃၃ ဦးသာရှိသည်။
ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် တင်ပြမည်ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ မလှလှရီက အရွယ်မတိုင်ခင် လက်ထပ်သည့် ကိစ္စများတွင် သက်ငယ်မုဒိမ်းအမှုများတွင် ပေးစားလိုက်တာမျိုး၊ ဓလေ့အရ အသက်မပြည့်သေးသည့် ကလေးများကို အတင်းအကျပ်ပေးစားခြင်းမျိုး ဖြစ်လာနိုင်သည်ဟု ပြောသည်။
ကလေးများအတွက် ထိမ်းမြားလက်ထပ်ခြင်း ပြုနိုင်မည့် အနိမ့်ဆုံး အသတ်အပိုင်းအခြားတခုခု တိတိကျကျ သေသေချာချာ ပြဌာန်းပေးရန် အရေးကြီးကြောင်း သူက ပြောသည်။
“ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေက အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတဲ့အခါတော့ ကျမအနေနဲ့ ဒီဥပဒေကြမ်းမှာတော့ ကလေး လက်ထပ်လို့ရတဲ့ အသက်အပိုင်းအခြားတခုကို တိတိကျကျ ပြဌာန်းပေးဖို့ လိုတယ်” ဟု မလှလှရီက တောင်းဆိုသည်။