မြန်မာနိုင်ငံရှိ ရှမ်း၊ ကချင်စသည့် ပဋိပက္ခဇုံအတွင်းမှ မွေးဖွားလာကြပြီးနောက် ဒေသတွင်း အရေးကိစ္စများ၏ တွန်းအားပေးမှုကြောင့် အမျိုးသားရေးလှုပ်ရှားဆောင်ရွက်လာကြသူ အမျိုးသမီးများ ရှိကြသည်။ ထိုအမျိုးသမီးများ၏ လုပ်ဆောင်ချက်၊ ခံယူချက်များ၊ အတွေ့အကြုံ၊ အခက်အခဲ စသည့်အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းထောက် လဲ့လဲ့က အဖွဲ့အစည်းအချို့မှ အမျိုးသမီးအရေးလှုပ်ရှားသူများကို တွေ့ဆုံမေးမြန်းထားပါသည်။
ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေးကွန်ရက် Coordinator)
အလုပ်ထွက်ချိန်ကစပြီး တက်ကြွလှုပ်ရှားသူအနေနဲ့ တောက်လျှောက်လုပ်ခဲ့တယ်။ တက်ကြွ လှုပ်ရှားသူအနေနဲ့ ဆိုပေမယ့် နိုင်ငံရေးတော့ မဟုတ်ဘူး။ ဒီကချင် ဒေသမှာရှိတဲ့ စစ်ရှောင်စခန်းက ဒုက္ခသည် တွေကို ကြည့်ပြီး သူတို့အတွက် အဓိကထားလုပ်ဖြစ်တယ်။
နိုင်ငံရေးအရဆိုရင် ကျမ ပါတီဝင်ဖို့လည်း မစဉ်းစားဘူး။ နေရာတခု အတွက်ဆိုတာမျိုးလည်း မစဉ်းစားဘူး။ အဓိကအားဖြင့် လူတွေ အန္တရာယ်ကင်းကင်းနဲ့ သူ့နေရာမှာ သူပြန်လည် နေထိုင်ပြီးတော့မှ ကိုယ်ခြေတောက် ပေါ်ကိုယ်ရပ်တည်ဖို့ ပါပဲ။ အဲဒီလိုလုပ်နိုင်ဖို့ဆိုရင် စစ်ပွဲရပ်စဲမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ စဉ်းစားပြီး လုပ်ဆောင်တာဖြစ်တယ်။ အခုတော့ လုပ်ရင်းလုပ်ရင်းနဲ့ level အမျိုးမျိုးအတပ်ခံရ တယ်။
ဒါပေမယ့် များသော အားဖြင့်ကတော့ ကျမရဲ့ ရှုထောင့်က တရားမျှတမှုပါပဲ။ တရားမျှတမှု မရှိဘူးဆိုရင် တိုက်ပွဲသော်လည်းကောင်း၊ ငြိမ်းချမ်းရေး သော်လည်းကောင်း၊ ဒါတွေက တောက် လျောက် ရှုပ်ထွေးနေဦးမှာ ဖြစ်တယ်။ အဲဒီတော့ social justice တခုပါပဲ။
မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးဆိုတဲ့စကားလုံးက အရမ်းများနေတယ်။ စကားလုံးအနေနဲ့ဆိုရင်တော့ ကျမတို့အနေနဲ့ ငြိမ်ဝပ်ပိပြားရေးလို့ ခံစားရတယ်။ အခုလည်း အဲဒီအတိုင်းပါပဲ။ ငြိမ်းချမ်းရေးလို့ ပြောလိုက်ရင် အကုန်လုံး တိတ်ငြိမ်ဆိုတာမျိုးဖြစ်နေတယ်။ အဲဒီအချိန်မှာ တရားမျှတမှုဆိုတဲ့ စကားလုံးက ပျောက်နေတယ်။ ဥပမာ ကချင်ဒေသတခုလုံးကို ရောက်ခဲ့ဖူးတဲ့သူအနေနဲ့ဆိုရင် ကိုယ့်ကို တယောက်ယောက်က ထိခိုက်လိုက် တယ်ဆိုရင် ကိုယ့်မှာ ခွန်အားရှိတယ်ဆိုရင် ကျမကို တော်ရုံတန်ရုံနဲ့ မစော်ကားကြဘူး။
၂၁ ရာစုပင်လုံညီလာခံစတဲ့အချိန်မျိုးမှာဆိုရင် စိတ်ဖိစီးမှုတွေအရမ်းများတယ်။ ဥပမာ ပထမအကြိမ်လုပ်တဲ့ ပင်လုံညီလာခံမှာ ဒီဘက်က တိုင်းရင်းသားတွေ မထွက်၊ ထွက်အောင်လုပ်သလိုဖြစ်နေတယ်။ နေရာထိုင်ခင်း စီစဉ်တာကအစ အဲဒီလိုတွေမြင်ရတဲ့အခါ ကျမတို့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ စဉ်းစားရတာက အကယ်၍များ မတော်တဆ ဒေါသထွက်ပြီး မဆွေးနွေးတော့လို့ ထွက်သွားရင် အဲဒီအခြေအနေမှာ ဘယ်လို ဖြစ်ခဲ့သလဲ။ ဘယ်လိုပုံစံမျိုးဆို ဘယ်လိုတုံ့ပြန်နိုင်မလဲ။ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားရတယ်။ ဘယ်လိုဖြစ်ရင် ဘယ်လို ဖြစ်နိုင်တယ်။ သူတို့တွေ ၂၁ ရာစုပင်လုံအတွက် နေပြည်တော်ကို သွားတဲ့အချိန်မှာ ကျမ တို့ကကျတော့ မြစ်ကြီးနားမြို့မှာ CSOတွေ ပြန်စုထားရပြန်ပြီ။
မတော်တဆ ဟိုဘက်က အဆင်မပြေရင် ဘယ်လိုလုပ်မလဲ။ တဖက်ကနေဆွေးနွေးတယ်။ တဖက်ကတော့ နေပြည်တော်က တိုက်ရိုက်လွင့်တာကို ကြည့်နေရသလိုဖြစ်နေတယ်။ အဲဒီတော့ ဟိုမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားပြီဆိုမှ ကိုယ်လည်း သက်ပြင်းချနိုင်တာ။ အမှန်ဆို လမ်းကြောင်းကြီးက ဘယ်ကိုသွားနေသလဲဆိုတဲ့ဟာမျိုး ဥပမာဆိုရင် တရုတ်မှာတွေ့ဆုံပွဲက ဘာသတင်းမှ မထွက်သလိုဖြစ်နေတယ်။ မထွက်တာက ဘာလို့လဲ။ ထွက်ရင်ရော ဘာကြောင့်ထွက်လာသလဲ။ ပြီးရင် သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်ကိုသွားမလဲဆိုတာကို ပြန်ပြီး စိတ်ပူရတယ်။ ဥပမာ ကေအိုင်အိုနဲ့ တပ်မတော်နဲ့ တရားဝင်၊ တရားမဝင် ဆွေးနွေးပွဲတွေက အဆင်မပြေဘူးဆိုရင် မကြာခင် ပွင့်လင်းရာသီလာတော့မယ်။ အဲဒီအချိန်မှာ တိုက်ပွဲဖြစ်ရင် ဘယ်ဘက်လမ်းကြောင်းက ပိုဖြစ်လာနိုင်သလဲ။ လူတွေကို ဘယ်ဘက်ကို ကယ် ထုတ်ရမလဲ။ အခုကတည်းကနေ ပိုက်ဆံဘယ်လောက်လိုမလဲဆိုတာ ဖြစ်တဲ့အခါမှ ကျမတို့စဉ်းစားလို့ မရတော့ဘူး။ ကြိုစဉ်းစားလာရတယ်။
ဒေါ်နန်ပူ (Htoi Gender and Development Foundation ဒါရိုက်တာ)
အမျိုးသမီးအရေးကို လွန်ခဲ့တဲ့ နှစ်၂၀ က စပြီး လုပ်ခဲ့တယ်။ တွယ်ဂျန်ဒါဆိုပြီး ၂၀၀၅ ခုနစ်ကနေ စတင် တည် ထောင်လုပ်ခဲ့တာ ၁၃ နှစ်ရှိပြီ။ ၂၀၁၁ ခုနှစ်မှာ ကချင်ပြည်နယ်မှာ တကျော့ပြန်စစ် ပြန်ဖြစ်တော့ IDP တွေ အများကြီးပဲ။ တသိန်းကျော်လာတယ်။ အဲဒီအထဲမှာ အမျိုးသမီးတွေက ပိုပြီးတော့ ဆင်းရဲဒုက္ခ ရောက်တယ်။ ပိုပြီးတော့ ခက်ခဲတယ်။ ကလေးတွေနဲ့ပတ်သက်ပြီး လိုအပ်ချက်က ပိုများပြီးတော့မှ သူတို့ရဲ့ လိုအပ်ချက်ကို လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်း တွေလည်း အမျိုးသမီး တွေရဲ့လိုအပ် ချက်ကို သီးသန့်လုပ်ပေးဖို့ရာ သူတို့တွေက မဖြစ်နိုင်တဲ့အခါကျတော့ သူတို့အရေးနဲ့ ပတ်သက်ပြီး ကျမတို့က လုပ်တာဖြစ်တယ်။
နောက်မှ သိလာတာက ကချင်ဖြစ်ခြင်းအားဖြင့် အမျိုးသမီးတယောက် အနေနဲ့ ခွဲခြားဆက်ဆံခံရတာတွေ ရှိတယ်။ မတရားဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ၊ ရိုက်နှက်တာတွေ ကျမလူမှုရေးလုပ်တဲ့အချိန်မှာ ကြုံရတယ်။ အမျိုးသမီးအရေး လုပ်ရင်းနဲ့ ကချင်တိုင်းရင်းသားတွေကို အာဏာရှင်အစိုးရက ခွဲခြားဖိနှိပ်နေတယ်ဆိုတာတွေက ပိုပိုပြီးတော့ မြင်ရတယ်။ တခုမှ တရားမျှတမှုမရတာ တွေ ကျမလေ့လာမှုတွေလုပ်ရင်း တွေ့လာရတယ်။အဲဒါနဲ့ ကချင်အမျိုးသားရေးနဲ့ အမျိုးသမီး အခွင့် အရေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် မခံချင်စိတ်တွေနဲ့ ပေါင်းပြီးတော့ လုပ်ဖြစ်လာတယ်။ ချိုးဖောက်မှု ကိစ္စတွေလည်း လုပ်တာ မြင်လာတော့ ကျမဒီလိုမျိုး လုပ်တာဖြစ်တယ်။
အလုပ်ကတော့ အရမ်းများတယ်။ အခုနောက်ပိုင်း ကိုယ်ကိုယ်တိုင်ဆန်းစစ်ကြည့်တော့ ကိုယ်တိုင်က စိတ် ဒဏ်ရာ ရနေတာကို တွေ့ရတယ်။ IDP တွေ တခုခုဖြစ်ရင် ကျမမှာ စိတ်ဖိစီးမှုတွေ အရမ်းများတယ်။ အလုပ်မှာ လည်း တနေလုံး ဧည်သည့်တွေနဲ့ စကားပြော ရုံးအလုပ်တွေက မပြီးတော့ ညထိုင်လုပ်ရတယ်။ ကျန်းမာရေးမှာလည်း ထိခိုက်လာတယ်။ နောက်ပြီး ကျမက အလုပ်ကိုလောဘကြီးတယ်ပြောရမလား။ ဒါမှ မဟုတ် အလုပ်က တကယ်ပဲ လုပ်ဖို့လိုနေတာ လူတွေကို ကူညီပါဦးလို့ လိုက်ပြောတဲ့အခါမှာလည်း အားမလို အားမရဖြစ်တဲ့အခါမှာ လိုတာထက်ပိုဒေါသကြီးသလားဆိုတဲ့ပုံစံရှိနေတယ်။တခါတလေကျတော့ လုပ်ကို မလုပ်ချင်တော့ဘူး။ ဒါပေမယ့် ကိုယ်က ဦးနှောက်နဲ့ စိတ်နှလုံး ပြန်လေ့လာကြည့်တော့ ကိုယ်က မလုပ်လို့ လည်း မရဘူးဆိုတာ ဝင်လာတယ်။ ကိုယ်မလုပ်ပေမယ့် သူများတွေလည်း လုပ်မှာပါဆိုတဲ့ အခုအချိန်မှာ ချက်ခြင်းလုပ်ဖို့ လိုတဲ့အရာတွေ၊နောက်ကိုယ်နဲ့အတူလုပ်မယ့် စီမံကိန်းပိုင်းဆိုင်ရာတွေက လုပ်ရဦးမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အားတင်းပြီး နေတယ်။
ဒေါ်မိုင်းမိုင်း (NeT Organizationမှ ဦးဆောင်သူ)
ကချင်လူငယ်အရေးလုပ်ရင်းနဲ့ ကချင်လူငယ်တွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေအတွက် ပိုမိုလှုပ်ရှားလာ ဖြစ်တယ်။ တကျော့ပြန်စစ်ဖြစ်လာတဲ့အနေအထားမှာ ကိုယ့်ရှေ့မှာ စစ်ကြောင့်ဒုက္ခရောက်နေသူတွေကို မျက်မြင်ကိုယ်တွေ့မြင်နေရတော့ ပိုပြီးလုပ်ဖြစ်တယ်။ ဒီအလုပ်ကို မလုပ်ချင်တဲ့အချိန်တွေတော့ ရှိခဲ့တယ်။ ဒါပေမယ့် မတရားမှှုတွေကို မြင်နေတွေ့နေလျက်နဲ့ ပါးစပ်ပိတ်၊ နားပိတ်၊ မျက်စိမှိတ်နေကြတဲ့ အချို့ကိုမြင်ရတော့ တော်တော်ကို စိတ်ဓာတ်ကျတယ်။ တကယ်တော့ ရှမ်းမြောက်မှာ လူမှုအဖွဲ့အစည်းတွေ အားမကောင်းသေးဘူး။ လုပ်နေတဲ့လူ တယောက်က နားရင် နားသလိုကို အရမ်းသိသာတယ်။ တရားမ ျှတမှု မရသရွေ့တော့ ကျမ ဆက်လုပ်နေရအုံးမှာဘဲ။ ဘာလို့လဲဆိုတော့ ရှမ်းမြောက်မှာနေတဲ့ ကချင် တိုင်းရင်းသူ ဖြစ်တဲ့အပြင် စစ်မက်ဇုံပဋ္ဋိပက္ခဒေသမှာ ကြီးပြင်းသူဖြစ်နေလို့ပါဘဲ။
ကျမ ဒီအလုပ်ကိုချစ်တယ်၊ မြတ်နိုးတယ်။ ဒီအလုပ်လုပ်နေရတာ ပင်ပန်းပေမယ့် ပျော်ပါတယ်။ နောက် ဒီအလုပ် လုပ်နေရတဲ့အတွက် သူများကို ကူညီခွင့်ရတယ်။ ကိုယ့်လူမျိုးအခြေအနေ၊ ကိုယ့်ဒေသအခြေအနေတွေကို အားလုံးသိအောင်လုပ်နိုင်တယ်။ နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ခွင့်ရတယ်။ ပင်ပန်းတယ်လို့ မပြောရက်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကို မျှော်လင့်ကြည့်နေကြတဲ့ မျက်စိ၊ နားတွေရှိ နေလို့။ အခုချိန်မှာတော့ စောင့်ကြည့်နေကြတာကလွဲလို့ အမှားအယွင်း၊ အတိမ်းအစောင်းတခုခုဖြစ်တာနဲ့တော့ ထုံးစံအတိုင်းပေါ့။ အမှတ်ရစရာတွေ အများကြီးပေါ့ မျက်ရည်နဲ့ ငိုကြွေးရင်း ကုန်းရုန်းထခဲ့ရတဲ့ အမှတ်တရတွေ အများကြီးဘဲ စကားအဖြစ် ပြောမပြနိုင်အောင်ပေ့ါ။ စိတ်ပင်ပန်းတာတွေ ကြုံလာရင်တော့ ဆိတ်ငြိမ်တဲ့နေရာသွားပြီး ငြိမ်ငြိမ်လေးနေတယ်။
Tai Youth Network Hsenwi ဦးဆောင်သူ နန်းဆိုင်လောဝ်
ကျမက အရင်က ဆိုရင် ပရဟိတ လုပ်တယ်။ အလှူအတန်းတွေ လုပ်တယ်။ ဒီလို အမျိုးသားရေး လုပ်တာကျ စစ်ရှောင် တွေကနေ စလုပ်ဖြစ်တာဘဲ။၂၀၁၃ ခုနှစ်လောက်က စစ်ဖြစ်တဲ့ ရွာလေးကို ရောက်ခဲ့တယ်။ တရွာလုံး ရစရာလည်း မရှိဘူး။ အဲဒီအထဲမှာမှ အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုဆိုးတယ်။ အဲဒီအခြေအနေမှာ ကိုယ် တွေးမိတာက ဒီလူတွေ အရမ်း ဒုက္ခ ရောက်နေပါလား။
အသက်အရွယ်ကြီးတဲ့ သူတွေ အရမ်းကို ဒုက္ခရောက်နေတာတွေ့ရတယ်။ အဲဒီကနေစပြီး တကိုယ်တော် လှုပ်ရှားတာတွေ စလုပ်ခဲ့တာ။ ၂၀၁၃ ခုနစ်က စပြီး စစ်ဘေးသင့်ပြည်သူတွေ ကူညီရေးဘက် စတင်ပါဝင်ကူညီ ခဲ့တယ်။ နောက်ပြီး လူမျိုး ရေးကိုအခြေခံတဲ့ စစ်ဘေးပဋိပက္ခခံရတဲ့သူတွေကို ကူညီခဲ့တယ်။
၂၀၁၆ နဲ့ ၂၀၁၇ မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်(TYN)ရဲ့ ဦးဆောင် ကော်မတီထဲ ၂ နှစ်တာဝန်ယူ လှုပ်ရှားခဲ့တယ်။ နောက် စစ်ပွဲနဲ့ ပတ်သက်ပြီး ခြေပြတ်၊ လက်ပြတ်ဖြစ်သွားတဲ့ သူတွေကို စားနပ်ရိက္ခာပေးတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်တယ်။ ယူနီဆပ်နဲ့ ချိတ်ဆက်တယ်။ တခြား NGO အဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်ဖြစ်ကြတယ်။
စစ်ပွဲကတော့ ကြုံပါတယ်။ စစ်ပွဲတွေဖြစ်လို့ စစ်ဘေးရှောင်တွေ ထွက်လာပြီဆိုရင် စားနပ်ရိက္ခာ အတွက် မြို့တိုင်းမှာ ကျမ တို့ လူငယ်အဖွဲ့ ရှိတယ်။ ဥပမာ စစ်ဘေးရှောင်တွေ အတွက် ဆန်လိုအပ်တယ် ဆိုရင် ကျမတို့ အဖွဲ့တွေက ဆန်သွား ပို့ပေးတယ်။ တခါတလေမှာ ဗုံးဆံတွေက ကျနေတဲ့အချိန် ဆန်ကလည်း မဖြစ်မနေ သွားပို့ အနေအထားတွေလည်း ခဏ ခဏ ကြုံရတယ်။ ဒါပေမယ့် ကျမတို့ အနေနဲ့ နယ်မြေ အနေအထားကို နားလည်တော့ အန္တရာယ် မကျရောက်အောင် သတိထားပြီးတော့ သွားရတယ်။
အမြဲတမ်းတော့ တိုက်ပွဲကြား သွားရတာပဲ။ စစ်ဘေးရှောင်တွေကို သွားကူညီရင် စစ်သားတွေ ရှိတဲ့ နေရာတွေမှာဆို မိန်းကလေးတွေ အနေနဲ့ ဘယ်လို ပြုမူနေထိုင်သင့်သလဲ။ စစ်ရှောင်လာတဲ့ အမျိုးသမီးတွေက များသောအားဖြင့် ဘာမှ မပါလာကြဘူး။
အထူးသဖြင့် အတွင်းခံတွေ၊ လစဉ်သုံး ပစ္စည်းတွေ ဆိုတာ သူတို့အတွက် မရှိမဖြစ်တွေပါ။ အဲဒါတွေကို ကျမတို့က ဖြည့်ဆည်းပေးရတယ်။ ကလေးမိခင်တွေဆို နို့မထွက်တော့ နို့မှုန့် အခက်အခဲရှိတာတွေ။ ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက ကျမ တို့ရဲ့ ရှမ်းအမျိုးသမီး တယောက် တိုက်ပွဲကြားမှာ သေနတ်မှန်ပြီး ဆုံးသွားတယ်။
နမ္မတူတိုက်ပွဲမှာလည်း အမျိုးသမီး တယောက်နဲ့ ကလေး သေဆုံးရတယ်။ တိုက်ပွဲဖြစ်ရင် အမျိုးသမီးတွေ ခြိမ်းခြောက် ခံရတာ ရှိမယ်။ မတရား ပြုကျင့်ခံရတာတွေ ရှိမယ်။
ကျမတို့ စစ်ရှောင် အရေး ပြည်သူတွေ အတွက် လူ့အခွင့်အရေးတွေ လုပ်ရင် တခါတလေ အစိုးရဘက်က စစ်ဆေး မေးမြန်းတာတွေ ရှိတယ်။ ကျမအနေနဲ့ကတော့ အရမ်း တက်ကြွ လှုပ်ရှားသူမို့လား မသိဘူး။ ကျမ လှုပ်ရှားမှု အပိုင်း မှာတော့ ခဏခဏ ကြုံတွေ့ရတယ်။ ဒါပေမယ့် ဒီနောက်ပိုင်း မှာတော့ ကိုယ့်လှုပ်ရှားမှုတွေကို ကိုယ်က ပြောပြ တယ်။ ကျမတို့က ပြည်သူတွေဘက်က ရပ်တည်ပြီး ဥပဒေဘောင် အတွင်းကပဲ ကူညီပေးတဲ့ အတွက် အကုန်ပြောပြပါတယ်။ အများအားဖြင့်တော့ အကုန်လုံး ပြောပြတယ်။
ကျမတို့ ရှမ်းပြည်မှာက ပြဿနာ အရမ်းများတော့ ကူညီရေး အဖွဲ့အချင်းချင်း ပြိုင်ဆိုင် တိုက်ခိုက်တာမျိုး မရှိဘူး။ ဥပမာ စစ်ရှောင်တွေ သွားကူမယ် ဆိုရင်တောင် လူမလိုက်နိုင်ပေမယ့် ငွေကူပေးတာတွေရှိတယ်။ ဒါပေမယ့် အန္တရာယ်တွေတော့ အမျိုးမျိုးတွေ့ရတယ်။ လက်နက်ကိုင် အများအပြား ရှိတဲ့နေရာဆိုရင် အရမ်း သတိထားရတယ်။ ကိုယ်က စကားပြောတာ ကအစ နေထိုင်တာလည်း သတိထား ရတယ်။ ကိုယ်ကပြည်သူအတွက် လှုပ်ရှားဆိုတော့ ကိုယ့်နောက်ခံမှာ ဘယ်သူမှ မရှိဘူး။ ကိုယ်က ပြည်သူတွေအတွက် စေတနာနဲ့ လုပ်နေတာပါ။
ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှု အတွက် ပြည်သူ့အသံကို ဆန္ဒထုတ်ဖော်တာတွေ လုပ်ဆောင်ကြတယ်။ တိုက်ရိုက် မေးမြန်းတာ မဟုတ်ပေမယ့် အဖွဲ့အစည်းတွေကို ခေါ်ယူ မေးမြန်းတာမျိုးတော့ လုပ်တာတွေ ရှိတယ်။ ကျမတို့ ကို တိုက်ရိုက်တော့ အရမ်းမလုပ်ဘူး။
ကျမတို့အလုပ်က ဥပဒေ ဘောင်အတွင်းက လုပ်တဲ့အတွက် ပြဿနာကြီးကြီး မရှိဘူးဆိုပေမယ့် ပြည်သူတွေအတွက်တော့ စိန်ခေါ်မှု အများကြီး ကြုံရတယ်။ ဥပမာ စစ်ရှောင်စခန်းတွေ သွားမယ်ဆိုရင် အထူးသဖြင့် ယောကျာၤးလေးတွေ အယောက်၂၀၊ ၃၀ လောက်ရှိတဲ့ နေရာမှာ မိန်းကလေးက ကိုယ်တယောက်ထဲ ဖြစ်နေတတ်တယ်။ အဲဒီအခါ ကိုယ့်ကိုယ် ကိုယ် လုံခြုံမှုရှိအောင် စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှုပေးရတယ်။
နောက် မိန်းကလေး တယောက်အနေနဲ့ အားငယ်မနေအောင်၊ ကိုယ့်ကို သူများ အထင်သေးအောင် ပြန်ပြီး ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု တည်ဆောက်ထားရတယ်။ ပြီးတော့ အဖွဲ့အစည်း တော်တော်များများက ဆွဲခေါ်ပါတယ်။ ဒါပေမယ့် တချို့တလေတော့ရှိတယ်။ ဥပမာ တချို့လူကြီးတွေ၊ ယောင်္ကျားလေးတွေဆို ကိုယ်က အရမ်း ကြိုးစားတဲ့အနေ အထားမှာ သူတု့ိကို ကျော်သွားမှာစိုးတာတို့၊ ပညာပြတာတို့ နည်းနည်းပါးပါးတော့ ကြုံရတယ်။
အမျိုးသမီး တယောက်က အရမ်းအရည်အချင်းရှိပြီး ဦးဆောင်နိုင်တယ် ဆိုရင် နှိမ်ချင်တယ်။ ဘာလို့ဆို သူတို့က အမျိုး သားတွေ ဖြစ်တဲ့အတွက် ဥက္ကဋ္ဌ နေရာမှာပဲ နေရမယ်။ အမျိုးသမီးဆိုရင် သူ့တို့အောက်မှာပဲ နေရမယ်ဆိုတာမျိုး။ သူတို့ကို ကျော်လို့ မရဘူးဆိုတာတွေ ရှိတယ်။
အမျိုးသမီး တယောက်အနေနဲ့ အမျိုးသားတွေကြားမှာ အလုပ်လုပ်ရတဲ့အခါ အခက်အခဲကတော့ အများကြီး ရှိတယ်။ ဥပမာ အမျိုးသမီး ကျန်းမာရေးကိစ္စ အခက်အခဲတွေ ရှိချိန်မှာ၊ စိတ်အားငယ်တဲ့ အချိန်မှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း ရတဲ့ အလုပ်ကို လုပ်ရတယ်။ ပြီးရင် အမျိုးသားရေးအပေါ်အခြေခံပြီးတော့ ဘေးအန္တရာယ်ရှိတဲ့နေရာတွေကို သွားရတဲ့ အခါရှိတယ်။
တချို့က ပညာပြတာတွေ၊ အမြင်မကြည်တာတွေ ရှိတယ်။ တခါတလေကျတော့ ဖိအားတွေ များတဲ့အခါ ကိုယ့်ထမင်း ကိုယ်စားပြီး ဒီလောက်လုပ်ပေးထားတာ မလုပ်တော့ဘူးလို့ ဆုံးဖြတ်မိတာရှိတယ်။ ဒါပေမယ့် ကျမတို့က စလုပ်ကတည်းက ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အလုပ်လုပ်တာမို့ ဒါတွေကို ပြန်ကျော်ဖြတ်နိုင်တယ်။ ဒီရှမ်းပြည်နယ် ပဋိပက္ခများတဲ့ဒေသမှာ ဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိတယ်။ ဘာမှ လုံခြုံမှု မရှိ ဘာအင်အား၊ ဘာလက်နက်မှ မရှိတဲ့ ပြည်သူတွေကို ကူညီ ပေးချင်တယ်။
ဥပမာ NGOတွေနဲ့ ချိတ်ဆက်ချင်တယ် ဆိုရင်သူတို့က နားမလည်တော့ ကျမတို့က လုပ်ပေးရတယ်။ ကိုယ် ဘယ်လောက် ပင်ပန်း၊ ပင်ပန်း သူတို့က အိုးမဲ့ အိမ်မဲ့တွေ၊ တချို့ဆို ကိုယ့်ယောင်္ကျား အသတ်ခံရတာနဲ့ သားသမီး သေဆုံးသွားရတဲ့သူနဲ့ ဒါတွေကို ကြည့်ပြီး စိတ်ဖိစီးမှုကို ကျော်ဖြတ်တယ်။ သူတို့ကို ဘယ်လိုကူညီမလဲ။ ကိုယ့်ရှမ်းပြည်အတွက် ဘာတွေ ကူညီပေးနိုင်မလဲ ဆိုတဲ့ စိတ်နဲ့ပဲ ကျော်ဖြတ်ခဲ့ရတယ်။
ကျမတို့ရဲ့အကြီးဆုံး အခက်အခဲက နောက်ကွယ်မှာ ထောက်ပံ့နေတဲ့ အဖွဲ့အစည်း မရှိဘူး။ ကိုယ့်စေတနာနဲ့ လုပ်ဆောင် နေတဲ့အခါကျတော့ ကျမတို့ အခက်အခဲက ကိုယ့်စရိတ်ကိုယ် စိုက်ထုတ်ပြီး လုပ်ဆောင်နေတယ်။