မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA) ကိုယ်စားလှယ်အဖြစ် ၂၀၁၃ ခုနှစ်မေလက စတင်ပီး မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စဂျဲနက်ဂျက်ဆင်က ယခုနှစ် နိုဝင်ဘာလမှာ သူရဲ့ နှစ်ပေါင်း ၂၀ နီးပါးလုပ်ခဲ့တဲ့ UNFPA ကနေ အနားယူခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးသော ပြုလုပ်တဲ့ လူဦးရေနဲ့သန်းခေါင်စာရင်း စစ်တမ်းကောက်ယူမှုအတွက် နိုင်ငံတကာ နည်းပညာအကူအညီနဲ့ငွေကြေးအထောက်အပံ့တွေကို သူရဲ့ ယူအန်အေဂျင်စီကနေ ကူညီခဲ့ပါတယ်။ သူဟာ အမျိုးသမီးနဲ့မိန်းကလေးငယ်များ ဦးစားပေးအစီအစဉ်ကို ဦးဆောင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းစစ်တမ်းကောက်ယူရမှာ ပါဝင်ကူညီတဲ့ အတွေ့အကြုံ၊ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးမှုနှင့် လူငယ်စွမ်းရည်မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှ မထွက်ခွာမှီမှာ ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းသတင်းထောက် ငြိမ်းငြိမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။UNFPA ဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတုန်းကရော နောက်ဆက်တွဲ အစီရင်ခံစာတွေ ထုတ်ပြန်တာတွေမှာရော အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ အဲဒီ သန်းခေါင်းစာရင်းကို နိုင်ငံတကာစံနှုန်းမီကောက်ယူခဲ့တာလား။ အပြောင်းအလဲတွေလုပ်ဖို့လိုလား၊ လိုရင် အစိုးရအနေနဲ့ဘာအပြောင်းအလဲတွေ လုပ်သင့်လဲ။ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA) ကိုယ်စားလှယ်အနေနဲ့နေထိုင်စဉ်အတွင်း ကြုံရတဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ်အတွင်း အကြီးမားဆုံးစိန်ခေါ်မှုနဲ့အောင်မြင်မှုက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်ထောင်စု စာရင်းကောက်ယူတဲ့ကိစ္စပါပဲ။ အဲဒီစာရင်းကောက်ယူဖို့မြန်မာအစိုးရကို UNFPA က အကူအညီပေးခဲ့တယ်။ မြန်မာနိုင်ငံရဲ့စနစ်အကျဆုံး အခုနောက်ဆုံးကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကြောင့် ဒေသအသီးသီးက နိုင်ငံတွေအတွက်လည်း အကျိုးရှိစေတယ်။ လွန်ခဲ့တဲ့ အပတ်က နီပေါနိုင်ငံ စာရင်းအင်းဗျူရိုနဲ့စီမံကိန်း ဝန်ကြီးဌာနတို့ဟာ မြန်မာနိုင်ငံရဲ့အတွေ့အကြုံကို လာရောက်လေ့လာခဲ့တယ်။ အခြားလာရောက် လေ့လာတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ ဟေတီ၊ အီဂျစ်နဲ့ပါကစ္စတန်တို့ပါဝင်တယ်။
ဒီ သန်းခေါင်စာရင်းက မြန်မာပြည်သူတွေရဲ့ကျယ်ပြန့်တဲ့ရုပ်ပုံလွှာကို ဖော်ပြနေတယ်။ သူတို့တွေဘယ်မှာနေတယ် ဆိုတာ သူတို့ဘယ်သူတွေဆိုတာနဲ့သူတို့ရဲ့လူမှုစီးပွားရေ အခြေအနေတွေကို ဖော်ပြထားတယ်။ ဒီရလဒ်တွေဟာ ထိရောက်တဲ့ မူဝါဒတွေချမှတ်ဖို့၊ စီမံကိန်းရေးဆွဲဖို့၊ ဆုံးဖြတ်ချက်ချဖို့နဲ့အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်အောင်လုပ်နိုင်ဖို့ ထောက်ပံ့ပေးနိုင်တဲ့ အဓိက ကိရိယာဖြစ်တယ်။ စာရင်းကောက်ယူ သရုပ်ခွဲ ခဲ့တဲ့ အချက်အလက်တွေဟာ အစိုးရ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂနဲ့ပုဂ္ဂလိကကဏ္ဍစတဲ့ ပြည်သူလူထုကို အကျိုးပြုတဲ့နယ်ပယ်ပေါင်းစုံ အတွက် အရမ်းကို အထောက်အကူ ပြုတယ်။ ဒီသန်းခေါင်းစာရင်းကို တနည်းနည်းနဲ့မကိုးကားပဲနေတဲ့နေ့တနေ့တောင် မရှိသလောက် ဖြစ်တယ်။
သန်းခေါင်စာရင်းကောက်ယူခြင်းဆိုတာဟာ လူမျိုး၊ ဘာသာ၊ လိင်၊ အသက်အရွယ်၊ နိုင်ငံသားဖြစ်ခြင်း၊ လူမှုအဆင့်နဲ့လူနေမှုအခြေအနေမရွေးဘဲ လူတိုင်းလူတိုင်းကို ထည့်သွင်းရေတွက်ရမယ်ဆိုတဲ့အခြေခံပေါ်မှာ ကောက်ယူခြင်းဖြစ်တယ်။ ဒီ သန်းခေါင်စာရင်းမှာ လူဦးရေရဲ့ ၉၈ ရာခိုင်နှုန်းအထိ အကျုံးဝင်ပြီး ယနေ့အထိ မြန်မာနိုင်ငံမှာ အားလုံးပါဝင်မှုအရှိဆုံး စီမံကိန်းဖြစ်တယ်။ စိတ်မကောင်းစရာတခုက အဲဒီအချိန်က စစ်တမ်းကောက်ယူရာမှာ သူတို့ဆန္ဒအတိုင်း ရိုဟင်ဂျာလို့သူတို့ကိုယ်သူတို့သတ်မှတ်တဲ့ လူ တသန်းလောက်ကို အစိုးရရက ခွင့်မပြုခဲ့တာပဲ။ ကုလသမဂ္ဂစနစ်က မြန်မာနိုင်ငံမှာ ရှိတဲ့သူတိုင်းကို သန်းခေါင်စာရင်းမှာ ထည့်သွင်းဖို့ထောက်ခံတဲ့ အားထုတ်မှုတိုင်းကို အားပေးခဲ့ပေမယ့် သူတို့ကို ထည့်သွင်း မရေတွက်နိုင်ခဲ့ဘူး။ ကချင်နဲ့ကရင်ပြည်နယ်က အစိုးရထိန်းချုပ်မှုအောက်မှာ မရှိသူ အများအပြားကိုလည်း သန်းခေါင်စာရင်းမှာ ထည့်သွင်းတွက်ချက်နိုင်ခြင်း မရှိခဲ့ဘူး။
မေး။ ။မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်နဲ့အခုပြန်လည်ထွက်ခွာမယ့်အချိန်မှာ အမျိုးသမီးတွေနဲ့လူငယ်တွေရဲ့ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အခွင့်အရေးအသိနဲ့ပတ်သက်ပြီး ဘာတွေ ကွဲပြားခြားနားတာတွေ တွေ့ရလဲ။ ဒီအပေါ်မှာ ပြည်သူလူထုကို ဘာအကြံပေးချင်လဲ။
ဖြေ။ ။မြန်မာနိုင်ငံကို စရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမတို့ဟာ မိသားစုစီမံကိန်းဆိုတဲ့စကားကို သုံးလို့မရခဲ့ဘူး။ သုံးတာနဲ့ဂယက် ရိုက်လာတာပဲ။ ကျမတို့က အဲဒါကို မွေးဖွားမှုအချိန်ခြားခြင်းလို့ခေါ်ခဲ့ရတယ်။ လူတွေ ယူဆနေကြတာက အိမ်ထောင်ရှင် အမျိုးသမီးတွေသာ ကိုယ်ဝန် တခုနဲ့တခု ခြားဖို့တားဆေးတွေ သုံးစွဲခွင့်ရှိတယ်လို့ထင်ကြတာ။ အဲဒီလိုဆိုတော့ ဒီအသိအောက်မှာ လိင်မှုဆန္ဒရှိသူတွေနဲ့ကိုယ်ဝန်မရှိချင်သူတွေက ဒီဆေးတွေ ရယူသုံးစွဲလို့မရဘူးဖြစ်နေတယ်။
အဲဒီအချိန်ကနေပြန်ကြည့်ရင် မြန်မာနိုင်ငံဟာ ခရီးတော်တော် ရောက်ခဲ့ပါပြီ။ တားဆေးတွေအတွက် ခွင့်ပြုငွေကို အစိုးရက တိုးမြှင့်ပေးတယ်။ အမျိုးသမီးအားလုံး ကိုယ်ဝန်ဆောင်မလား မဆောင်ဘူးလား၊ ဘယ်အချိန်မှာ ကိုယ်ဝန်ဆောင်မလဲ၊ ကလေးဘယ်နှစ်ယောက်ယူမလဲ ဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိကြောင်း ကျန်မာရေးဝန်ကြီးဌာနအတွင်းမှာ အသိအမှတ်ပြုလာပြီ။ ဒီအထဲ အမျိုးသမီးငယ်တွေရော၊ အိမ်ထောင်မပြုရ သေးတဲ့ အမျိုးသမီးတွေရောပါတယ်။ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုပေးရာမှာ လူ့အခွင့်အရေးကို အခြေခံတဲ့ချဉ်းကပ်မှုဟာ ကျန်းမာရေးလုပ်သားတွေကတဆင့် လူ့အဖွဲ့အစည်း တခုလုံးကို ပျံ့နှံ့လာပြီလို့ထင်တယ်။ မိသားစု စီမံကိန်းနယ်ပယ်မှာဆိုရင် မြန်မာနိုင်ငံဟာ မဟာခြေလှမ်းကြီးတွေလှမ်းခဲ့ပြီး မှန်ကန်တဲ့ဖက်ကို ဦးတည်နေတယ်။ အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေ အကူအညီတွေ ပိုရလာအောင်နဲ့အမျိုးသမီးတွေအတွက် ပိုမိုခေတ်မီတဲ့ ပဋိသန္ဓေတား နည်းလမ်းတွေ ရနိုင်အောင်လို့တက်ညီလက်ညီလုပ်နေကြတယ်။ ဒီလိုရွေးချယ်ခွင့်တွေရှိတယ်ဆိုတာကို အမျိုးသမီးအားလုံးသိအောင်တော့ ပိုလုပ်ရဦးမယ်။
မေး။ ။ မြန်မာနိုင်ငံကအမျိုးသမီးတွေ၊ အထူးသဖြင့် ကျေးလက်က အမျိုးသမီးတွေဟာ မျိုးဆက်ပွားကျန်းမာရေး အခွင့်အရေးတွေကို မသိတာများတယ်။ ဘာကြောင့်လို့ထင်လဲ။ မြန်မာနိုင်ငံက အမျိုးသမီးတွေသာမက အမျိုးသားတွေရဲ့မျိုးဆက်ပွားကျန်းမာရေး အသိပညာ အဆင့်နဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
ဖြေ။ ။ ကုလသမဂ္ဂရဲ့လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဌာနရဲ့ကိုယ်စားလှယ်အနေနဲ့မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ခရီးသွားခဲ့ပြီး သွားတဲ့နေရာတိုင်းမှာလည်း အလွှာစုံက အမျိုးသမီးတွေနဲ့စကားပြောတယ်။ သူတို့ပြောတာကို အချိန်ပေး နားထောင်တယ်။ ကျမ ကြားသိလိုက်ရတာက အမျိုးသမီးတွေ ဘာကိုလိုချင်လည်းဆိုတာကို သူတို့သိကြတယ်။ သူတို့တွေက သူတို့ခန္ဓာကိုယ်နဲ့ဘဝကို သူတို့ဘာသာထိန်းချုပ်ခွင့် လိုချင်တယ်။ ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သူတို့အမြဲတမ်းတော့ သိချင်မှသိမယ်။ အထူးသဖြင့် ပထဝီအရ၊ ယဉ်ကျေးမှုအရ၊ ဘဏ္ဍာရေးအရ သီးခြားဖြစ်ပြီး အခွင့်အရေးဆုံးရှုံးနေတဲ့ အမျိုးသမီးတွေ မသိကြဘူး။
ဒီမှာ လုပ်ဖော်ကိုင်ဖက်အားလုံး တခန်းတကဏ္ဍက ပါဝင်ဖို့လိုတယ်။ အစိုးရ၊ ကုလသမဂ္ဂ၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေအားလုံးဟာ အမျိုးသမီးတွေ အသိရှိရှိ ရွေးချယ်မှုတွေ ပြုလုပ်နိုင်တဲ့ သတင်းအချက်အလက်တွေ၊ သူတို့ရဲ့အခွင့်အရေးကို သူတို့ကျင့်သုံးနိုင်စေမယ့် ဝန်ဆောင်မှုတွေကို အမျိုးသမီးအားလုံး သိအောင် လုပ်ဆောင်ပေးရမယ်။ အဲဒီ စိန်ခေါ်မှုတွေကို ကျော်လွှားရမယ်။ အမျိုးသမီးအများစု က မီးဖွားပြီးကာလ စောင့်ရှောက်မှုကို မရကြဘူး။ မိသားစု စီမံကိန်း အကြံပြုချက်ဟာ မွေးဖွားပြီးကာလ စောင့်ရှောက်မှုအတွက် အရေးပါတဲ့အခြေခံပဲ။
အလားတူအရေးကြီးတာကတော့ အိမ်ထောင်ပြုချိန်စောလွန်းခြင်းနဲ့ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်မှုပဲ။ အမျိုးသမီးငယ်တွေနဲ့အမျိုးသားငယ်တွေဟာ လူငယ်တွေနဲ့သင့်လျော်တဲ့ဝန်ဆောင်မှုတွေ၊ လိင်နဲ့မျိုးဆက်ပွား ကျန်းမားရေးနဲ့အခွင့်အရေးဆိုင်ရာ သတင်း အချက်အလက်တွေ ရရှိဖို့လိုတယ်။ ဒါပေမယ့် ဒါမျိုးလုပ်ပေးတဲ့နေရာ နည်းနည်းပဲရှိတယ်။ ရှိတဲ့နေရာတွေမှာ ကျတော့လည်း သူတို့တွေက သင့်လျော်တာ မလုပ်နိုင်ကြဘူး။ ဖိုမလက္ခဏာဆိုင်ရာ သတင်းအချက်အလက်နဲ့ဝန်ဆောင်မှုတွေရှိခြင်းဟာ လူငယ်တွေရဲ့အလားအလာတွေ အပြည့်အဝ အောင်မြင်ဖို့နဲ့သူတို့အနာဂတ်နဲ့ချစ်ခြင်းသံယောဇဉ်တွေကို အသိရှိရှိရွေးချယ်နိုင်ဖို့အာရုံစိုက်နိုင်စေတယ်။
မေး။ ။ UNFPA က လူငယ်စခန်းတွေ၊ လုပ်ပိုင်ခွင့်ပေးရေးအစီအစဉ်တွေကနေ လူငယ်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့အားပေးတယ်။ ဒါဟာလူငယ်တွေရဲ့အသံတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါဖို့ဘယ်လိုအ ထောက်အကူပြုလဲ။ ငြိမ်းချမ်းရေးလုပ်ငန်စဉ်မှာ လူငယ်တွေက ဘာလို့အရေးကြီးတာလဲ။
ဖြေ။ ။ မြန်မာနိုင်ငံဟာ တည်ငြိမ်ငြိမ်းချမ်းတဲ့နိုင်ငံ ဖြစ်လာဖို့လေးနက်တဲ့ အပြောင်းအလဲ တွေလိုတယ်။ အပြုသဘော ဆောင်တဲ့ လူမှုအပြောင်းအလဲအတွက် အားတချို့ဟာ လူငယ်တွေဆီကလာတယ်။ ပဋိပက္ခတွေမှာ လူငယ်တွေဟာ ရှေ့တန်းက ပါရလေ့ရှိတယ်လို့လူငယ်တွေက ပြောလေ့ရှိတယ်။ ဒါကြောင့်မို့သူတို့မှာ ပြောရေးဆိုခွင့် ရှိရမယ်၊ ငြိမ်းချမ်းရေးရအောင်လုပ်ရာမှာ ပါဝင်ခွင့်ရှိရမယ်လို့သူတို့အယူက မှန်တယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြေရှင်းဖို့အားထုတ်မှုတိုင်းမှာ လူငယ်တွေကို များသောအားဖြင့် ဖယ်ထုတ်ထားတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်တိုင်းမှာ လူငယ်တွေ ဘယ်လိုပါဝင်သင့်တယ်ဆိုတာကို ကုလသမဂ္ဂက ရှင်းရှင်းလင်းလင်း အကြံပြုထားတာရှိတယ်။ အမျိုးသားငယ်ပဲဖြစ်ဖြစ်၊ အမျိုးသမီးငယ်ပဲဖြစ်ဖြစ် လူငယ်တွေရဲ့အသံကို နားထောင်ပြီး ငြိမ်းချမ်းရေးရဲ့အစိတ်အပိုင်းဖြစ်အောင် လုပ်ရမယ်။ သူတို့ဟာ သူတို့အသိုင်းအဝန်း တွေမှာ ငြိမ်းချမ်းရေး အကျိုးဆောင်သူ၊ အပြောင်းအလဲရဲ့ကိုယ်စားလှယ်တွေဖြစ်ရမယ်။ သူတို့ဟာ တနိုင်ငံလုံး အဆင့်မှာလည်း အဖိုးတန်တဲ့ အရင်းအနှီးတွေဖြစ်တယ်။
UNFPA ရဲ့လူငယ်၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးလုပ်ငန်း အတော်များများဟာ တိုင်းရင်းသားပေါင်းစုံ လူငယ်ကွန်ရက် တိုးချဲ့ရေးကို အာရုံစိုက်တယ်။ ဒါဟာကွဲပြားခြားနားတဲ့ အသိုင်းအဝန်းတွေမှာ လူငယ် ငြိမ်းချမ်းရေး ညှိနှိုင်းလှုပ်ရှားမှုတွေ ပူးပေါင်းဆောင်ရွက်ရာမှာ အားတစ်ရပ်ဖြစ်စေတယ်။ တနိုင်ငံလုံးအဆင့်မှာလည်း ဒီလိုမျိုး စုစည်းအသုံးပြုရမယ်။ မြန်မာနိုင်ငံငြိမ်းချမ်းရေးမှာ လူငယ်တွေဟာ ငြိမ်းချမ်းရေးတည်ဆောက်သူတွေ၊ ရှေ့ဆောင်လမ်းပြတွေ ဖြစ်နိုင်ပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့က ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင်ဖော်ပြခဲ့သည့် ‘Myanmar Has Come a Long Way’ on Reproductive Rights’ ကို ဆီလျော်အောင် ဘာသာပြန်သည်။