ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရေး ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် ပါတီတွင်း အမျိုးသမီးများကဏ္ဏ နှင့်ပတ်သက်၍လည်း အရှိန်မြှင့်လုပ်ဆောင်နေသည်။ မကြာမီရက်ပိုင်းကလည်း ပါတီ၏ အမျိုးသမီးညီလာခံကို လုပ်ဆောင်ခဲ့သည်။ သို့ဖြစ်ရာ USDP ပါတီ၏ အမျိုးသမီးများကဏ္ဏဆိုင်ရာ မူဝါဒ၊ သဘောထားများ၊ ၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှု စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို ဧရာဝတီ နေပြည်တော်သတင်းထောက် မိုးမိုးက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ပါတီမှာ အမျိုးသမီး ပါဝင်မှု ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ပါတီမှာ အမျိုးသမီး ပါဝင်မှုဟာ ၂ သန်းဆိုတော့ ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်း နီးပါး ရှိပါတယ်။ အမျိုးသားအင်အားနှင့် အမျိုး သမီး အင်အား ကြည့်မယ်ဆိုရင်တော့ အမျိုးသမီး ပါဝင်မှုဟာ လိုအပ်ချက် အနည်းငယ် ရှိကောင်း ရှိနိုင်သော်လည်း အချိုး အနေနဲ တော့ အခြား ပါတီ များထက် အင်အား သာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ၂၀၂၀ မှာ အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် အမျိုးသမီး အတွက် နေရာ ဘယ်လောက် ပေးမယ်လို့ လျာထားပါသလဲ။
ဖြေ ။ ။ ပါတီ အနေနဲ့က အမျိုးသမီး အမျိုးသား မခွဲခြားပါဘူး။ ခွဲခြားတဲ့ မူဝါဒ လည်း မရှိပါဘူး။ ဘာကြောင့်ဆိုရင် အချိုးကျ ပေးလိုက်တယ်ဆိုရင် အချိုးကျသည် ဥပမာ ၂၅ ရာခိုင်နှုန်း ပေးတယ်ဆိုရင် အမျိုးသမီးတွေက ၂၅ ရာခိုင်နှုန်းထက် သာလွန်သော အရေ အတွက် ရှိနေရင် အဲဒီအမျိုးသမီးတွေက အခွင့်အရေး နစ်နာ တယ်။ ဒါကြောင့် အမျိုးသမီး ဖြစ်စေ၊ အမျိုးသား ဖြစ်စေ အရည် အချင်းရှိရမယ်။ ပြည်သူလူထု အတွက် ဆောင်ရွက်ပေးမှု ၊ ပြည်သူလူထု ဘယ်လောက် လက်ခံ သလဲ ။ အောက်ခြေက ပါတီ ထောက်ခံမှု အပေါ်မှာ ကိုယ်စားလှယ်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အမျိုးသမီး၊ အမျိုးသား မခွဲခြားဘဲ ၊ အရည်အချင်းရှိသော၊ ပြည်သူလက်ခံသော၊ အောက်ခြေပါတီကထောက်ခံသာ သူများကိုသာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိ ပါတီဝင် ၄၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေကို တခြား ပါတီဝင် အမျိုးသမီးတွေထက် သာလွန်အောင် ဘယ်လိုမျိုး အရည်အသွေးမြှင့်တင်ထားတာ ရှိပါသလဲ။
ဖြေ ။ ။ အများကြီး ရှိပါတယ်။ ကျနော်တို့အနေနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် သင်တန်းတွေ အမျိုး မျိုး ကျနော်တို့ ဖွင့်ပေးနေတယ်။ အခုလို ညီလာခံကြီးတွေ ဆွေးနွေးပွဲကြီးတွေ လုပ်တာလည်း သူတို့ရဲ့ အရည်အချင်း၊ အရည် အသွေးတွေကို မြှင့် တင်နိုင်အောင်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
အဲဒီတော့ ပြည်တွင်း ပါတီတွင်းဆွေးနွေးပွဲတွေတင် မဟုတ်ဘူး။ အခြားသော NGO ၊ INGO ဆွေးနွေးပွဲတွေမှာလည်းပဲ ကျနော်တို့ ဆီကနေ လူငယ် အမျိုးသမီးတွေ စေလွှတ်ပြီးတော့မှ ဒီဆွေးနွေးလာတဲ့ ခေါင်းစဉ်တွေ အပေါ်မှာ အပြန်ပြန် အလှန်လှန် အမှန်ကို အမှန် အတိုင်း ဖြစ်အောင် ဆွေးနွေး နိုင်တဲ့ အဆင့်ထိ ဖြစ်လာအောင်ဆောင်ရွက်နေတယ်။ ဒီအတွက်လည်း အောင်မြင်မှုတွေ ရှိတယ်။ ကျနော်တို့ ပါတီက အမျိုးသမီးတွေဟာ အခြား ပါတီက မည်သည့် အမျိုးသမီးတွေနဲ့ မဆို ယှဉ်ရဲပါတယ်။ ပြိုင်ရဲပါတယ်။
မေး ။ ။ အခုလို ပါတီအတွင်းမှာ ထက်မြက်တဲ့ အမျိုးသမီးတွေ ရှိတယ်ဆိုတော့ အမျိုးသားတွေ နဲ့ ထိုင်ခုံလဲပေးဖို့ရော အစီအစဉ်တွေ ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့က အရည်အချင်းပေါ်မှာ မူတည်တယ်။ သူတို့သည် အရည် အချင်းတကယ်ကောင်းနေတယ်။ တော်နေတယ်ဆိုရင် သူတို့ကို တာဝန်ပေးမယ်။ တာဝန်ကနေ နေရာဆိုတာ ဖြစ်လာမယ်။ ကျနော်တို့ ပါတီ ဥက္ကကြီးကလည်းပဲ အမျိုးသမီး ညီလာခံ မှာ ဒီကိစ္စကိုပဲ အဓိက ထားပြီးတော့ ပြောသွားတယ်။ လူငယ် အမျိုးသမီးတွေကို ပထမ တာဝန်ပေးမယ်။ တာဝန်ကနေ နေရာ ဖြစ်လာပါလိမ့်မယ်။ ပါတီဝင် အမျိုးသမီးတဦးဟာ စွမ်းဆောင်ရည် အပြည့်နဲ့ လုပ်ငန်း လုပ်ကိုင်ဖို့ကိုပဲ အဓိက ထားပါတယ်။
မေး ။ ။ ပါတီ အနေနဲ့ရော အမျိုးသမီး မူဝါဒ ဆိုတာမျိုး သီးသန့် သတ်မှတ်ထားတာ ရှိပါသလား ။
ဖြေ ။ ။ အမျိုး သမီးမူဝါဒ ဆိုတာ ကျနော်တို့မှာ ကဏ္ဍ အလိုက် မူဝါဒတွေ ရှိထားပြီးသားပါ။ ဒီလိုမူဝါဒတွေ ရှိတာနဲ့ အညီ အမျိူးသမီးတွေ လုပ်ဆောင် အကောင်အထည်ဖော်ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒီအမျိုးသမီး ကဏ္ဍတွင် မဟုတ်ဘူး ။ လူငယ် ကဏ္ဍ ၊ ကဏ္ဍ မျိုးစုံ ရှိပါတယ်။ အဲဒီ ကဏ္ဍတွေမှာ မူဝါဒတွေ ချမှတ်ပြီးသား ဖြစ်ပါတယ်။ အဓိက ရည်မှန်းချက်က ပြည်သူလူထု အတွက် ဘယ်လို ဆောင်ရွက်ပေးရမလဲ၊ ဘယ်ကဲ့သို့သော လုပ်ငန်း မျိုးနဲ့ ပြည်သူလူထုကို ချဉ်းကပ်၊ ဖော်ဆောင်ပေးမလဲဆိုတာ အဓိက ကျပါတယ်။
မေး ။ ။ အခုလို ပါတီ အနေနဲ့ အမျိုးသမီး ညီလာခံ ပွဲတွေ လုပ်နေတယ်ဆိုတော့ ရလဒ်နဲ့ အကျိုးကျေးဇူးက ဘာတွေ ရမယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ ။ ။ ရလဒ်က ပညာရှင်တွေ လာရောက်ဆွေးနွေးတယ်။ လာရောက်ဆွေးနွေးတဲ့ ပညာရှင်တွေကလည်း တကယ့်ကို မှတ်သားလောက်အောင် အချိန် အတိုင်း အတာပေါ် မူတည်ပြီး ၊ ဘောင်ဝင်အောင် ပြောသွားတဲ့ အတွက် အခုတက်ရောက်လာတဲ့ အမျိုးသမီးတွေ အနေနဲ့ ရလိုက်တာက တန်ဖိုး မဖြတ်နိုင်တဲ့ အကျိုး ကျေးဇူးတွေ ရမှာ ဖြစ်ပါတယ်။ အခုညီလာခံ တက်ရောက်လာတဲ့ အမျိုးသမီးတွေဟာ အောက်ခြေထိ သယ်သွားပြီးတဲ့ အခါမှာ နိုင်ငံသား အမျိုးသမီးထုထဲကိုရောက်အောင် ပေးပို့သွားမှာ ဖြစ်ပါတယ်။
ကျနော်တို့သည် အခုလက်ရှိမှာ အတိုက်အခံ ပါတီ ဖြစ်သော်လည်း ပြည်သူလူထုကို တကယ့် စိတ်ရင်း အမှန်နဲ့ ပေးချင်တဲ့ မက်စ်ဆေ့ချ်၊ ပြည်သူလူထု တကယ် အကျိုး ရှိမယ့် လုပ်ငန်းတွေကို ပါတီထု ၊ အမျိုးသမီးထုကြီးကနေဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီညီလာခံကြီးဟာ တန်ဖိုး မဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် အနည်းဆုံး ၈၀ ရာနှုန်းလောက် အသိပညာတွေ ရမယ်လို့ မျှော်မှန်းထားပါတယ်။
ပါတီ ဥက္ကဌ ကလည်း မှာကြားထားတယ်။ ခန်းမထဲမှာ အစည်းအဝေးတွေ လုပ်နေမယ့် အစား အောက်ခြေထိရောက်အောင် တဦးချင်း ဆီတိုင်း ရောက်အောင်သွားဖို့ မှာကြားထားတယ်။ ဆိုလိုတာကတော့ ပြည်သူ လူထု လိုအပ်ချက်သည် ဘယ်လိုပဲ ဆောင်ရွက် ပေးရ ပေးရ လုပ်ဆောင်ပေးချင်တဲ့ ဆန္ဒ ကျနော်တို့ ခေါင်းထဲမှာ ရှိထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မို့လည်း အမျိုးသမီးညီလာခံကပဲ အမျိုး သမီးတွေကို တွန်းအားပေးလိုက်ပါတယ်။ လူငယ်တွေကိုလည်းပဲ ဒီလို တွန်းအားတွေ ပေးပါတယ်။
မေး ။ ။ ၂၀၂၀ အတွက် ပါတီ အနေနဲ့ ကြိုတင်ပြင်ဆင်မှုက ဘာတွေ ရှိပါသလဲ။
ဖြေ ။ ။ ပါတီ အနေနဲ့ ၂၀၂၀ မှာ အောင်နိုင်ဖို့ လုပ်နေပါတယ်။ အဲဒီလို လုပ်တဲ့ အခါမှာ ကျနော်တို့ အစိုးရ ဖွဲ့နိုင်လာခဲ့ရင် ပြည်သူလူထု အတွက် ဘယ်လို လုပ်ပေးရမလဲ၊ ဘယ်အချက်တွေက စပြီး လုပ်ပေးရမလဲဆိုတာကို ဒါတွေ ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
တဖက်ကလည်း ပါတီဝင်တွေက ပါတီအောင်နိုင်ရေး အတွက်ကို တစိုက် မတ်မတ်၊ ဘယ်လို အောင်နိုင်မှုမျိုး ရမလဲ၊ ဒေသ တခု နဲ့ တခု မတူပါဘူး။ အောင်နိုင်ရေး လုပ်ငန်းစဉ် ဆောင်ရွက်တဲ့ အခါမှာ အဲဒီလို လုပ်ငန်းစဉ်တွေ အားလုံးကို ခြုံကြည့်မယ်ဆိုရင် ပြည်သူ လူထုကို ချဉ်းကပ်တဲ့ နေရာမှာ နည်းပေါင်းစုံ ဖြစ်ပါလိမ့်မယ်။ ပါတီတိုင်းကလည်း ဒီလိုပဲ ချည်းကပ်ကြမှာ ဖြစ်ပါတယ်။
သို့သော် ကျနော်တို့ သည် ပြည်သူလူထုကို ချည်းကပ်တဲ့ အခါမှာ စိတ်ရင်း ၊ စေတနာ အမှန် ။ မူရင်းတုန်းကလည်း ပထမ အကြိမ်တုန်းကလည်း ရှိခဲ့ပြီးပြီ။ အခုလည်းပဲ ဒီစိတ်ရင်း မပျက်ပြားဘူးဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်တာ ဖြစ်ပါတယ်။ လာမည့် အနီးစပ်ဆုံးရွေးကောက်ပွဲမှာတော့ အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့်ပြီးသား ဖြစ်ပါတယ်။
မေး ။ ။ ပါတီ အနေနဲ့ ၂၀၂၀ မှာ အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် အမျိုးသမီးတွေကို ပြည်ထောင်စု ဝန်ကြီးနေရာမျိုးမှာ ခန့်အပ်ဖို့ ရှိပါသလား။
ဖြေ ။ ။ ရှိတာပေါ့။ ကျနော်တို့အစိုးရ သက်တမ်းမှာလည်း ပဲ အမျိုးသမီး ဝန်ကြီးတွေ ပါဝင်ခဲ့တယ်။ သူတို့တွေသည် အမှန်တကယ် အရည်အချင်းရှိသော အရည်အသွေးရှိသော သူများ ဖြစ်တဲ့ အတွက် တာဝန်ပေးတယ်။ တကယ့်ကို အရည်အချင်း ရှိသော အရည် အချင်း ပြည့်မီသော သူများ၊ ဦးဆောင်နိုင်သော သူများ ပြည်သူ လူထု အတွက် အမှန်ကို အကျိုး ပြုနိုင်သော အမျိုးသမီးများ ဖြစ်တယ်ဆိုရင်တော့ တာဝန်ပေးအပ်ဖို့ အတွက် ဝန်မလေးပါဘူး။ သို့သော်လည်းပဲ သေချာတာ တခုကတော့ အချိုးကျတော့ မပေးဘူး။ ပြည်သူလူထုအတွက် ထိထိရောက်ရောက်ဆောင်ရွက်ပေလိုသော ဆန္ဒ အပေါ်မှာပဲ မူတည်ပြီးတော့ ကျား/ မ မခွဲပဲ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။