တရုတ်နိုင်ငံသားများအတွက် အငှားကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားခေါ်ယူမှု ကြော်ငြာစာများမူဆယ်မြို့ပေါ်တွင် တွေ့ရှိရသဖြင့်စောင့်ကြည့်နေကြောင်း မူဆယ်၊ လူကုန်ကူး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲမှူး ကျော်မြင့်က ဧရာဝတီသို့ ပြောကြားသည်။
တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမား အလိုရှိ ကြောင်း ကြော်ငြာစာများကို ဒီဇင်ဘာ ၉၊ ၁၀ရက်နေ့က မူဆယ်မြို့၊ လူစည်ကားသည့် နေရာများ၌ ကပ်ထားခဲ့ကြောင်း၊ကြော်ငြာစာတွင် အငှားကိုယ်ဝန်ဆောင်ရန် စိတ်ဝင်စားသည့် အမျိုးသမီးများအနေဖြင့် လက်ခံရရှိမည့် ငွေပမာဏနှင့် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များအပြင် ဆက်သွယ်ရေး ကွန်ရက်တခု ဖြစ်သည့် We Chat ဖြင့်လည်း ဆက်သွယ်နိုင်ကြောင်း ကြော်ငြာတွင် ရေးသားထားသည်။
မူဆယ်လူကုန်ကူးတားဆီးနှိမ်နင်းရေးဌာန ရဲမှူး ကျော်မြင့်က “ ဒါကို တယောက်ယောက်က ငွေပေးကပ်ခိုင်းတာ။ ကျနော်တို့လည်း သိသိချင်း နယ်မြေခံရဲတွေက ခွာတယ်။ကျနော်တို့ စောင့်ကြည့်နေတယ်။ တွေ့ရင်တော့ စာကပ်တဲ့သူကို ပထမဦးဆုံး ဖမ်းမယ်၊ ဖမ်းပြီးတော့ စစ်မေးမယ်။ ဘယ်သူခိုင်းလဲဆိုတာ။ ဒါဟာ တရားမဝင်တဲ့အလုပ်ဖြစ်တဲ့အတွက် လူကုန်ကူးမှုဖြစ်တာကြောင့် ဖော်ထုတ် အရေးယူနိုင်ဖို့ဆောင်ရွက်ခဲ့တယ်” ဟု ပြောသည်။
တရုတ်နိုင်ငံက အမျိုးသမီးများက ကိုယ်ဝန်ဆောင်ရသည့်ဒုက္ခကို မခံစားနိုင်ကြ၍သော်လည်းကောင်း၊ ကိုယ်ဝန်မရနိုင်သည့် အမျိုးသမီးများဖြစ်နေခြင်းကြောင့်လည်းကောင်း ထို့သို့ကြော်ငြာစာများဖြင့် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်ကြော်ငြာစာတွင် အငှားကိုယ်ဝန်ဆောင်ပေးရမည့် အမျိုးသမီးသည် မျိုးအောင်မြင်ပြီးသော မျိုးစေ့အား ကိုယ်ဝန်ဆောင်မည့်သူ၏ သားအိမ်အတွင်းသို့ ထည့်၍ ကိုယ်ဝန်ဆောင်ရမည်ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန်မှ စ၍ ၁၀ လအတွင်း မွေးဖွားပြီးသည်အထိ ၁လ ယွမ်ငွေ ၁သောင်း၃ထောင်(မြန်မာငွေ ၃၃သိန်းခန့်) ပေးမည်ဖြစ်ပြီး ကုမ္ပဏီသို့ လာရောက် ဆွေးနွေးတိုင်ပင်ပြီးမှ သဘောတူကြောင်း ဆုံးဖြတ်နိုင်သည်ဟု ရေးသားထားကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် မိမိလိမ်လည်ခံရမည်ကို ကြောက်ရွံ့ပါက ယောကျာ်းဖြစ်သူအား အတူခေါ်လာရန် ခွင့်ပြုထား ပြီး ကုမ္ပဏီက အလုပ်မိတ်ဆက်ပေးမည်ဖြစ်ပြီး အခမဲ့အလုပ်သို့ ကြိုပို့ပေးမည်ဖြစ်ကြောင်း ဆိုထားသည်။
ကုမ္ပဏီနေရာသည် တရုတ်ပြည်နယ်၊ ကွမ်းကျိုးမြို့ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မည့်အမျိုးသမီးသည် အသက် ၃၅နှစ်ရှိရမည်။ ကျန်းမာရေးကောင်းရမည်။ကူးစက်ရောဂါမရှိရသလို ရုပ်ရည်၊အရပ်၊ ပညာအရည် အချင်းကန့်သတ်မထားကြောင်း၊ မင်္ဂလာဆောင်ပြီးသူလည်း အလုပ်လျှောက်နိုင်ကြောင်း ရေးသားထားသည်။
“အဲဒီကြော်ငြာမှာပါတဲ့ ဖုန်းနံပတ်ကိုကျနော်တို့ ဆက်တာ ဆက်လို့မရဘူး။ နယ်စပ်ဆက်ဆံရေး ရုံးကိုလည်း ကျနော်တို့ စာပို့တယ်။ ဒါဟာ မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်။ တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတဲ့အတွက် ကြောင့်မို့ ဒါကို အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူ ပေးဖို့ ပြောတော့။ သူတို့လည်း ဖုန်းဆက်တယ်။ မရဘူး။ wechatမှာလည်း အပ်ထားပြီး စုံစမ်းတယ်။”ဟု ရဲမှူး ကျော်မြင့်က ပြောသည်။
နိုဝင်ဘာ ၇ရက်နေ့က မူဆယ်မြို့တွင် အငှားကိုယ်ဝန်ဆောင် အမှု တခု အား ဖမ်းဆီးရမိခဲ့သည့် အပေါ် “ကျနော်တို့ မူဆယ်မှာတော့ ဒါက ပထမဆုံးအကြိမ်ဖြစ်တာပါ။ အငှားကိုယ်ဝန်ဆောင်မှုက တခုပဲရှိ သေးတယ်။နိုဝင်ဘာ ၁၇ရက်နေ့က ဖမ်းမိခဲ့တာပါ။ သွေးဆောင်ခေါ်လာခြင်းခံရတဲ့ကောင်မလေးက နှစ်ယောက် သီပေါက ဖြစ်တယ်။တရားခံက ၃ယောက်။လောလောဆယ်တော့ လူကုန်ကူးမှုဥပဒေနဲ့ အရေးယူထားတယ်။” ဟု ရဲမှူး ကျော်မြင့်က ပြောသည်။
မူဆယ်မြို့တွင် လူကုန်ကူးခံရသည့်အမှုပေါင်း ၂၀၁၇ ခုနှစ် တွင် ၃၀ မှုရှိပြီး ၂၀၁၈ခုနစ်တွင် အမှုပေါင်း ၄၀ မှု ရှိခဲ့ကြောင်း မူဆယ်၊ လူကုန်ကူးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။
သို့ဖြစ်ရာ လူကုန်ကူးမှုကျဆင်းရေးအတွက် ဌာနဆိုင်ရာများတွင်သော်လည်းကောင်း၊ ကျောင်းများတွင်သော်လည်းကောင်း၊ ရပ်ကွက်/ကျေးရွာများတွင် သော်လည်း ဟောပြောပွဲများပြုလုပ်ပြီး အသိပညာပေးမှုကို ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ်ကျ ရောက်မှု၊ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းနှင့် ဘဝရပ်တည်ရေး အခက်အခဲများကို အကြောင်းပြုပြီး လူကုန်ကူးမှုများ ဖြစ်ပွားနေသည်။
အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀နှစ်မှ ထောင်ဒဏ် တသက် အထိ ချမှတ်ခြင်းခံရမည်ဖြစ်ပြီး၊ လူကုန်ကူးမှုကို သုံးဦးနှင့်အထက် ပူးပေါင်း၍ ကျူးလွန်ပါက ထောင်ဒဏ် ၂၀နှစ်မှ ထောင်ဒဏ် တသက်ချမှတ်ခံရမည်ဖြစ်သည်။