ဟစ်ဟော့ပ်ဂီတ ဆိုတာ အမျိုးသားတွေ အများစု သီဆိုကြလေ့ရှိပြီး အမျိုးသမီး ဆိုတာတော့ လူနည်းစုပဲရှိပါတယ်။ အမျိုးသားတွေအကြားမှာ အလုပ်လုပ်ရတဲ့အခါ ကျား၊ မဖြစ်ခြင်းအပေါ်မှာ အထင်သေး၊ ခွဲခြားဆက်ဆံ တာတွေ ရှိနေတဲ့ အကြောင်း ပြောပြလာတဲ့ အနုပညာနာမည် T-zin လို့ခေါ်တဲ့ အမျိုးသမီး ဟစ်ဟော့ပ်အဆိုတော် သဇင်ညွှန့်အောင်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံံံမေးမြန်းထားပါတယ်။
မေး ။ ။ မသဇင်ညွန့်အောင် ပထမဆုံးလုပ်ဖြစ်ခဲ့တဲ့ အလုပ်က ဘယ်အလုပ်လဲ။
ဖြေ ။ ။ Tzin ဆိုတဲ့နာမည်နဲ့ Hiphop ဆိုတာက ၁၃ နှစ်ရှိပါပြီ။ ပထမဆုံးစပြီး လုပ်တဲ့အလုပ်က sound အင်ဂျင်နီယာပါ။ တခြားအသက်မွေးဝမ်းကျောင်းလိုမျိုး စပြီးတော့ လုပ်ခဲ့တယ်။ အနုပညာမဟုတ်တဲ့ဟာဖြစ်တယ်။ underground ရယ် mainstream ရယ် မဟုတ်ပဲနဲ့ undergroundထဲမှာနေတဲ့သူတွေက ကော်မာရှယ် မဆိုတဲ့သူလို့ သတ်မှတ်ကြတယ်။ အဲဒီလိုသီချင်းပဲ ဆိုတဲ့သူတွေကို လူတွေက မကြိုက်ဘူး။ ကိုယ့်စာသား ကိုယ်ရေးတယ်။ အဲဒီလိုလူတွေ ကိုယ်သီချင်းကိုယ် ဆိုချင်လည်း ဆိုတယ်။ မဆိုချင်လည်း မဆိုဘူး။ အခွေက လည်း ထွက်ဖို့ရယ်လို့ မဟုတ်ပဲနဲ့ သီချင်းတွေ၊ ဘာတွေ လုပ်နေတယ်။ လုပ်ဖြစ်တာတွေလည်း ရှိတယ်။ အဲဒီလိုလူတွေကို underground လို့ ခေါ်တယ်။
မေး ။ ။ ဟစ်ဟော့ပ်ဂီတကို ဘယ်အရွယ်က စပြီး စိတ်ဝင်စားခဲ့တာလဲ။
ဖြေ ။ ။ သဇင် ၅ တန်းလောက်ကတည်းကစာတိုပေစနဲ့ကဗျာတွေ လူမသိအောင်ခိုးရေးရတာဝါသနာပါတယ်။ မြန်မာ ပြည်မှာ ဟစ်ဟော့ပ်စပြီးတော့ အရှိန်အဟုန် ရလာတဲ့အချိန်မှာ ကိုယ်သဘောကျတာက ရက်ပ်တွေ ဆိုတာကို သဘောကျတယ်။တကယ်တော့ သီချင်းဆိုတာကို လူတိုင်းငယ်ငယ်ကတည်းက ဝါသနာပါတာပါ။ သီချင်းဆိုတာကို ဖြစ်အောင်လုပ်တဲ့သူနဲ့ တခြားကို ပြောင်းလုပ်တဲ့သူပဲ ကွဲသွားတာပါ။
ဒါပေမယ့် ကိုယ်နားလည်တတ်တဲ့ အရွယ်ရောက် လာတဲ့အချိန်မှာ ကိုယ်ဘာလုပ်ချင်လဲ။ ကိုယ်ဒါပဲလုပ် ချင်တယ်ဆိုတာကိုပဲ အားစိုက်ပြီးတော့ အကောင် အထည်ဖော်ရတဲ့အထဲမှာတော့ ကိုယ်ပါတာပေါ့။ တကယ် ကိုယ်ထဲထဲဝင်ဝင်နဲ့ စလုပ်ဖြစ်တာကတော့ ၂၀၀၂ခုနစ်လောက်ကဖြစ်တယ်။ အဲဒီနှစ်မှာ မှော်ဘီ GTI ကျောင်း တက်နေတဲ့ အချိန်မှာ ကျောင်း တက်တဲ့သူငယ်ချင်းတွေထဲက ဟစ်ဟော့ပ်နဲ့ပတ်သတ်ပြီး သီချင်းတွေလုပ်နေသူ တွေကို အားကျခဲ့တဲ့အတွက် သီချင်းတွေရေး ၊ သီချင်းတွေဆိုဖြစ်ခဲ့တယ်။ တယောက်ထဲ လုပ်နေရာကနေ အခြားတယောက်နဲ့ တွေ့ပြီး Yangon Always Kingdom ၊ YAK အဖွဲ့အနေနဲ့ ဆက်သွားဖြစ်တယ်။
၂၀၀၄ ကနေ ၂၀၁၆ လောက်အထိ အဖွဲ့အနေနဲ့ ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာ Solo တကိုယ် တော်ပြန် စတင်ခဲ့တယ်။ ဂီတလှုပ်ရှားမှုအနေနဲ့ဆိုရင် Show ပွဲတွေ တော်တော်များများကိုဆိုခဲ့တယ်။ Underground ပွဲတွေရော ပွဲကြီးတွေရောဆိုခဲ့တယ်။ အတွဲခွေအနေနဲ့ ဗိုလ်လုပွဲ၊ ဟစ်ဟော့ပ်ခရေစီ ဟစ်ဟော့ပ် ယူနိုက်တက် ၊ ဂျေးမီရဲ့ ဘဝရဲ့နိဗ္ဗာန်စတဲ့ အခွေ ၅ခွေလောက်ထွက်ခဲ့တယ်။ ပြီးတော့ YAK ရဲ့ “ မိန်းမရက်ပ်ရူးတွေ ” အမည်ရ တကိုယ်တော်ခွေလည်း ထွက်ခဲ့တယ်။ သီချင်းဆိုတာက ကိုယ့်အသွေးအသားထဲက ကိုယ့်စာသား တွေကို မွေးထုတ်ပြီးလုပ်ရတဲ့ အလုပ်ပါ။
မေး ။ ။ ပထမဆုံးတကိုယ်တော်အခွေက ဘယ်လိုအကြောင်းအရာကို ခံစားပြီး ရေးဖြစ်ခဲ့လဲ။
ဖြေ ။ ။ သဇင် ပထမဆုံး ရက်ပ်ပါဘဝကို ခံယူပြီး စရေးခဲ့တာက ယောကျ်ားမကောင်းကြောင်းကို စရေးဖြစ်ခဲ့ တာ။ အဲဒီအချိန်မှာ ဖြစ်တဲ့ခံစားချက်က အချစ်ရေးအဆင်မပြေဘူး ။ ချုပ်ချယ်တာတွေ၊ ဘာတွေ အချိုးမပြေ တာတွေ အဲဒါတွေ သီချင်းထဲ ထည့်ရေးတယ်။ ပြီးတော့ကိုယ့်ဘေးကသူငယ်ချင်းတွေရဲ့ ပြတ်သွားတဲ့ ကောင်လေးတွေ အကြောင်းလည်းပါတယ်။ အဓိကက အသဲကွဲခဲ့တဲ့အကြောင်းတွေကို ရေးခဲ့တာပါ။ သီချင်းနာမည်က “ပြုပြင်လိုက်ပါ” တဲ့။ “ ချစ်ချစ်ချစ် ချစ်ခဲ့ပြီးမှ အပြစ်မြင်တတ်တဲ့ယောကျ်ားတွေအကြောင်း၊ ပစ်ပစ်ပစ် .. ပစ်သွားဦးမယ် ကြာလာရင် နောက်တယောက်ကိုပြောင်း ” အဲဒီလိုတွေ ဆိုခဲ့တာ။
မေး ။ ။ အမျိုးသမီးဟစ်ဟော့အဖွဲ့တွေရှိခဲ့ပေမယ့် ကြာရှည်မရပ်တည်နိုင်ပဲ ပျောက်သွားခဲ့တာ ဘာကြောင့်လို့ ထင်လဲ။ သဇင်အနေနဲ့ ဘယ်လိုရှေ့ဆက်ရပ်တည်သွားဖို့ ရှိလဲ။
ဖြေ ။ ။ သီချင်းတွေစလုပ်မယ်ဆိုတော့ အဖွဲ့အနေနဲ့လုပ်မယ်ဆိုပြီးစခဲ့တာ ။ အဖွဲ့ထဲကလူဆိုရင်လည်း ယောကျ်ားလေးတွေ ဒါပေမယ့်သူတို့က သဇင့်ကိုမခေါ်ချင်ကြဘူး ။ အဲဒါနဲ့ကိုယ်တယောက်ထဲ လုပ်ဖြစ်ခဲ့တယ်။ သီချင်းရေးတယ်။ ဆိုတယ်။ သီချင်းသွင်းတယ်။ သူငယ်ချင်းတချို့ကလည်း ကူပေးတာတော့ ရှိတယ်။ အဖွဲ့ရယ်ဆိုပြီးဖြစ်သွားတဲ့အချိန်ထိ ပံ့ပိုးမှုတွေတော့လုပ်ပေးတယ်။ ဒါပေမယ့် မိန်းကလေးအဖွဲ့မို့ သဇင်တို့ အဖွဲ့ရဲ့ပုံစံကိုမကြိုက်တာမျိုးတွေ။ မိန်းကလေးအဖွဲ့က သူတို့ကြိုက်တဲ့ပုံစံမဟုတ်ပဲ ကြမ်းကြမ်းတမ်းတမ်း ပုံစံမျိုးကြီးလို့ သူတို့ စိတ်ထဲမှာမြင်တယ်။ အဲဒီတော့ အမတို့ကို ကြည့်မယ့်အစား ယောကျ်ားလေးအဖွဲ့ပဲ ကြည့်မှာပေါ့ဆိုတဲ့ ပြောဆိုသံတွေကို ပြန်ကြားရတာရှိတယ်။ တခါတလေ ကိုယ်က သူများရေးတဲ့သီချင်းကို ယူဆို မိတာရှိရင် ပိုဆိုးတယ်။
မေး ။ ။ အသံနဲ့ပတ်သက်ပြီး ဘယ်အချိန်ကစလုပ်ဖြစ်လဲ။ သင်တန်းတက်တော့ ဘာတွေအခက်အခဲဖြစ်ခဲ့လဲ။
ဖြေ ။ ။ အသံနဲ့ပတ်သက်ပြီးတော့ လုပ်ဖြစ်တာက ကျောင်းပြီးလို့ သီချင်းတွေပဲ လုပ်နေရင်းနဲ့ အလုပ်တခုလုပ် ရတော့မယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ ကိုယ်လုပ်ချင်တဲ့ အလုပ်က ဘာလဲပေါ့။ စဉ်းစားကြည့် လိုက်တော့ sound အင်ဂျင်နီယာကိုလုပ်ချင်တယ်။ အသံဖမ်းချင်တယ်။ ဆော့ဝဲလ်တွေ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်ချင် တယ်။ ကိုယ့်အသံနဲ့ ပတ်သက်ပြီး အလုပ် လုပ်တဲ့အခါကျရင် ကိုယ့်ရဲ့သီချင်းတွေကိုလည်း သေချာ ကိုယ် လုပ်လာနိုင်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ တကယ်ဝါသနာလည်း ပါတဲ့အတွက် သင်တန်းတက်ပြီး လုပ်ဖြစ်တာပါ။ ဒါပေမယ့် အသံဖမ်းသင်တန်းတွေ၊ ဘာတွေ တက်ရင်လည်း တကယ့်ကို ကူညီတဲ့သူတွေရှိသလို တချို့ နင်လုပ်တာလောက်က ငါတို့လည်းလုပ်နိုင်ပါတယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ နှိမ်တဲ့ယောကျ်ားတွေလည်းရှိတယ်။
မေး ။ ။ အသံဖမ်းအင်ဂျင်နီယာက ယောကျာ်းလေးတွေ လုပ်ကြတာဖြစ်တဲ့အတွက် လုပ်ငန်းခွင်အတွင်းမှာ ကျား၊ မဖြစ်ခြင်းက ဘာကွာလဲ။ ငွေကြေးရရှိမှုကွာခြားလား။
ဖြေ ။ ။ အခုဆိုရင် အသံဖမ်းခဲ့တာ ၇နှစ်ကျော် sound design ရုပ်ရှင်အသံလုပ်တာက ၂နှစ်ကျော်ပြီ။ အလုပ် မှာက ယောကျာ်းလေးမို့ ငွေပိုရတယ်လို့တော့ မရှိပါဘူး။ ကိုယ်လုပ်ရင် လုပ်နိုင်သလောက် ပိုက်ဆံရတယ်။ ကိုယ် မိုးလင်းမိုးချုပ်အသံဖမ်းနိုင်လား။ ပိုက်ဆံရတယ်။ တခုတော့ ရှိတယ်။ ဥပမာ အသံဖမ်းရင် ယောကျ်ားတွေ အများကြီးနဲ့အလုပ်လုပ်ရတယ်။ ယောကျာ်းလေးအသံဖမ်းလို့ ယောကျာ်းလေး ၁၀ယောက်အသံလာသွင်းရင် ၁၀ယောက်လုံးအတွက် ပိုက်ဆံ ရတယ်။ မိန်းကလေးအသံဖမ်းလု့ိ ယောကျာ်းလေး ၁၀ယောက်လာအသံသွင်း ရင် ၈ယောက်ပဲအသံဖမ်းတော့ ပိုက်ဆံမရတော့ဘူး။ control ခန်းထဲမှာဆိုတော့ ခုံတွေမထားတာ များတယ်။ တချို့ဆိုလည်းအေးဆေးပဲ ။ တချို့ ကျတော့မထိုင်ဘူး။ မတ်တပ်ရပ်နေတယ်။ ဒီလူတယောက်က မထိုင်ပဲ တချိန်လုံးဘာလို့ မတ်တပ်ရပ် နေသလဲဆိုရင် နောက်မှ ကိုယ်ကမိန်းမ၊ အသံ ထိုင်ဖမ်းနေတယ် ။ သူက ကြမ်းပြင်မှာ မထိုင်ချင်ဘူး။ အဲဒီလိုခွဲခြားတာ။ တချို့ကျတော့လည်း မိန်းကလေး အသံဖမ်းလို့ မလာချင်ဘူးလို့ ပြောကြတယ်။
မေး ။ ။“ မီ ” ဇာတ်ကားမှာ သဇင် Foley Artist လုပ်ထားတာနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ ။ ။ Foley Artistဆိုတာက ဥပမာ Sound designထဲမှာဆိုရင် stepsတွေရှိတယ်။ ရုပ်ရှင်တကားလုံးမှာ သဘာဝ အသံတွေကို အကုန်ပြန်လုပ်တာဖြစ်တယ်။ ရိုက်ကွင်းကနေ ယူလာတဲ့အသံတွေကို မသုံးပဲ။ ဥပမာ မင်းသား၊ မင်းသမီးတွေ၊ ဇာတ်ပို့၊ ဇာတ်ရံတွေ မသုံးပဲနဲ့ သူတို့လမ်းလျှောက်တဲ့အသံ၊ ရေသောက်တဲ့အသံ၊ ထမင်းစားတဲ့ အသံတွေကအစ သူတို့ရဲ့လှုပ်ရှားမှုတွေ အကျီအသံကအစ ပြန်လုပ်တာကို Foleyလုပ်တယ်လို့ ခေါ်တာပါ။ အဲဒီအလုပ်က ဝါသနာမပါပဲနဲ့ ဘယ်လိုမှ လုပ်လို့မရဘူး။ အချိန်အရမ်းပေးရတယ်။ အသံတု ပြန်လုပ်တဲ့ သဘောပါပဲ။
ဘာကြောင့်လုပ်ရလဲဆိုတော့ မြန်မာပြည်ရဲ့ ရုပ်ရှင်တွေမှာ အရင်တုန်းကဆိုရင် အသံတွေက အတိုး အကျယ်မမှန်ဘူး။ တော်ကြာ စကားပြောတဲ့အသံတွေက ကျယ်လာလိုက် တိုးသွားလိုက်နဲ့ သေချာမကြားလိုက် နဲ့။ အဲဒါမျိုးတွေ မဖြစ်အောင်လို့ နောက်ပိုင်းမှာ Sound designတွေ လုပ်ကြတယ်။ အဲဒါတွေက နိုင်ငံခြားမှာဆို အရင်ကတည်းက လုပ်နေကြပြီ။ မြန်မာပြည်မှာက အခု ၂နှစ်၊ ၃နှစ်အတွင်း မှာမှ Sound designကို သေချာပြန်လုပ်တယ်ဆိုတာ ခေတ်စားလာတာ။
မေး ။ ။ Foley လုပ်တဲ့နေရာမှာ ဘာတွေအခက်အခဲဖြစ်သေးလဲ။
ဖြေ ။ ။ မိန်းကလေးတော်တော်များများက အသံဖမ်းတဲ့ဘက်ကို ဘာလို့ ဝါသနာမပါလဲဆိုတာ သိပ်ပြီး စဉ်းစား လို့မရဘူး။ သဇင်က အသံနဲ့ပတ်သက်ပြီး အစကတည်းက ဝါသနာပါတာဖြစ်တဲ့အတွက် ကိုယ်လုပ်လိုက်တဲ့ အသံလေး ရသွားရင် ပျော်တဲ့အကျင့်ရှိတယ်။အဲဒါကြောင့်မို့ Foleyကိုလုပ်ဖြစ်တာလဲပါတယ်။ နိုင်ငံခြားမှာတော့ Foley artist က မိန်းကလေးတွေလဲရှိတယ်။ မြန်မာပြည်မှာလည်း တချိူ့နည်းနည်း ပါးပါးလုပ်ကြတယ်။ ဇောက် ချလုပ်တာတော့ သဇင်တယောက်ပဲရှိမယ်ထင်တယ်။ ဒါပေမယ့် Foley လုပ်တဲ့အချိန်မှာလည်း တချို့တွေက အထင်မကြီးကြဘူး။ သူ့ကိုအပ်လို့ဖြစ်ပါ့မလား။ သူက လုပ်နိုင်ပါ့မလားဆိုတာမျိုးတွေ ထင်ကြတယ်။
မေး ။ ။ ကျားမတန်းတူညီမျှမှုကို သဇင် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အမှန်တော့ သဇင်ရေးထားတဲ့သီချင်းလိုပဲ လူတွေက မွေးဖွားလာရတာ အတူတူပဲ။ အသားအရောင်ကွဲ မယ်။ အရပ်အနိမ့်အမြင့်၊ လိင်ကွဲမယ်။ ဒါပေမယ့် မိန်းမမှာလည်း သူ့ရဲ့အရည်အချင်းနဲ့ သူရှိသလို ယောကျာ်း မှာလည်း သူတို့အရည်အချင်းနဲ့ သူတို့ရှိတယ်။ အဲဒါကြီးကို ယောကျာ်းတွေကမှ ပိုပြီးတော့ မြင့်မြတ်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာ မြန်မာအယူအဆ အဲဒါတွေကို လုံးဝမကြိုက်ဘူး။ အဲဒီလိုမျိုးပြောကြေးဆိုရင် အဲဒီယောကျာ်းတွေက မိန်းမရဲ့သားအိမ်ကနေ မွေးရတာပဲ။ အရင်ကတော့ ကိုယ့်အရှေ့မှာ အဲဒီလို ကျား၊ မခွဲခြားတဲ့သူရှိရင် စိတ်ထဲမှာ နည်းနည်းလေးမှ ဖြည့်မတွေးမနေနဲ့တော့ပဲ တော်တော်ဉာဏ်နည်းတာပဲလို့ သတ်မှတ်လိုက်တယ်။