ကျား/မ အခန်းကဏ္ဍများနှင့် လိင်ကွဲပြားမှုအခြေခံခွဲခြားဆက်ဆံမှုများ ပုံသေကားကျ သတ်မှတ်ထားမှုများသည် ပြည်သူတို့၏ အတွေးအခေါ်နှင့် အမူအကျင့်များအပေါ်တွင် သြဇာလွှမ်းမိုးသော မြန်မာ့ရုပ်ရှင် ကဏ္ဍတွင် တိုးလာနေခဲ့သည်ဟု မြန်မာ့ရုပ်ရှင်လောက၏ ကျား/မ ဆိုင်ရာ အသိမြင်နိုးကြားမှုကို လေ့လာသုတေသန ပြုခဲ့သူများက ဆိုသည်။
“မြန်မာ့ရုပ်ရှင်မှာ အမျိုးသမီးတွေ အခြားသော လူနည်းစုတိုင်းရင်းသားတွေ နဲ့ LGBT ဂရုတွေကို နှိမ်ချသလို ဖြစ်စေတဲ့ ပြက်ရယ်ပြုသလို မထီမဲ့မြင်ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတွေ ပါနေတဲ့ဟာကို မြင်တွေ့နေရတယ်။ အလွန်ရုပ်ဆိုးအကျည်းတန်ပြီး မြန်မာပြည်သူပြည်သားတယောက်အနေနဲ့ အလွန်ရှက်ပါတယ်။ ဒါ မုန်းလို့ တမင်လုပ်တာမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါတွေဟာ စက္ကန့်နဲ့အမ ျှ ဖြစ်ပေါ်နေပါတယ်။” ဟု ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း(EMReF) ၏ ဒါရိုက်တာ ဒေါ်မြတ်သက်သစ္စာ ကပြောဆိုသည်။
အထိရောက်ဆုံး လူမှုဆက်ဆံရေးနည်းတခုအဖြစ် ယူဆထားကြသလို ပရိသတ်များထံသို့ သတင်းစကားများနှင့် လက်တွေ့လူမှုပုံရိပ်များကို သယ်ဆောင်ပေးနိုင်စွမ်းရှိသော မြန်မာရုပ်ရှင်များက နိုင်ငံရေး သမိုင်း၊ အသွင်ကူးပြောင်းရေးနှင့် သဘောတရားရေးရာ ပဋိပက္ခများအတွက် ဝါဒဖြန့်ချီရေး ကိရိယာတခု အဖြစ်လည်း အသုံးချခံနေရသည်။
သို့သော် ၂၀၀၀ ခုနှစ် နောက်ပိုင်း ဖန်တီးခဲ့သော ရုပ်ရှင်ကားများ၏ ၃ ပုံ ၁ ပုံသည် ဟာသကားများဖြစ်နေခဲ့ပြီး ၎င်းတို့အများစုတွင် လိင်ပိုင်းဆိုင်ရာ ဟာသများ နှင့် လိင်ပိုင်းဆိုင်ရာအရ မသိမသာ စော်ကားနှောက်ယှက်မှုများ ပါဝင်နေခဲ့သည်ဟု သုတေသီ များက ပြောကြသည်။
မြန်မာ့ရုပ်ရှင် ထုတ်လုပ်ရေး စတင်ပေါ်ပေါက်ခဲ့သည်မှာ မကြာမီမှာပင် နှစ် ၁၀၀ ပြည့်တော့မည် ဖြစ်သော်လည်း ဝမ်းနည်း စရာကောင်းသည်မှာ တင်ပြမှုနှင့် ဇာတ်ကောင်စရိုက်များက ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ပျက်စီးလာခဲ့သည်ဟု မြန်မာ့ရုပ် ရှင် ဆင်ဆာဘုတ် အဖွဲ့ဝင် တဦးဖြစ်သည့် ဒေါ်ဂရေစ့် ဆွေဇင်ထိုက်က ပြောသည်။ သူက မြန်မာရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သုတေသနကို အားပေးသူဖြစ်သည်။
ရုပ်ရှင်လုပ်ငန်းတွင် တိုးတက်မှုရရှိရေးသည် တခါတရံတွင် ဖန်တီးမှု အနုပညာပါသည့် ရိုက်ကူးထုတ်လုပ်မှုများထက် စီးပွား ရေးဆန်ဆန် ထုတ်လုပ်ကာ အရေအတွက်ကို ဦးစားပေးသည့်အတွက် စက်ရုံထုတ်များနှင့် ပိုတူသွားကာ လမ်းချော်သွားရသည်ဟု ပညာရှင်တဦးဖြစ်သည့် ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။ ရုပ်ရှင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ပင်မရုပ်ရှင်လုပ်ငန်းနှင့် လွတ်လပ်သော ရုပ်ရှင်ရိုက်ကူးသူများကြားတွင် ပူးပေါင်းဆောင်ရွက်ခြင်း တို့က ရုပ်ရှင်များတွင် အရည်အသွေး ပြန်လည်ရရှိ လာအောင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု သူက မျှော်လင့်သည်။
“ဖန်တီးသူတွေရဲ့အတွေးတွေ လွဲနေတာ။ လွဲနေရုံလောက်က ကိစ္စမရှိဘူး အဆိပ်အတောက်ဖြစ်မှာစိုးရိမ်တယ်။” ဟု ဒေါ်ဂရေ့စ်ဆွေဇင်ထိုက် က ဆိုသည်။ ရုပ်ရှင်များအတွင်းက ဇာတ်ကောင် စရိုက်များက သူတို့၏ လက်တွေ့ ကိုယ်ပိုင်ဘဝ များတွင် မည်သို့နေထိုင်ရမည်ဆိုသည်ကို ရုပ်ရှင်များမှ အတူယူချင်ကြသည့် ပရိသတ်များအပေါ်တွင် အလွန် သြဇာလွှမ်းမိုးနေခြင်းအတွက် သူက စိုးရိမ်နေသည်။
လက်ရှိ မြန်မာရုပ်ရှင်များတွင် အမျိုးသား၊ အမျိုးသမီး နှင့် LGBT ဇာတ်ကောင်များကို ကိုယ်စားပြုသရုပ်ဖော်ရာတွင် တခါ တရံ ခွဲခြားသည့် သတင်းစကားပေးမှုများ နှင့် စရိုက်လက္ခဏာကို ဘက်လိုက်ပုံဖော်မှုများ ပါဝင်နေတတ်သည်ဟု သူက ဆိုသည်။ ဥပမာအားဖြင့် LGBT ဇာတ်ကောင်များကို မိုက်မဲသူများ၊ ရိုင်းစိုင်းသူများ နှင့် တဏှာကြီးသူများ အဖြစ်ပုံ ဖော်ကြလေ့ရှိသည်။
“ဖန်တီးမှုလုပ်ငန်းက စီးပွားရေးဆန်သွားတဲ့ အချိန်ကစလို့ ရုပ်ရှင်တွေရဲ့ အရည်အသွေးက လျော့ကျသွားတယ်။ ဒါပေမယ့် ထုတ်လုပ်တဲ့ ရုပ်ရှင်တွေရဲ့ အရေအတွက် တိုးလာတယ်ဆိုတာကို ထောက်ပြပြီး ကျမနဲ့ သဘောထား မတူတဲ့သူ တွေလည်း ရှိပါတယ်။” ဟု ဒေါ်ဂရေ့စ် ဆွေဇင်ထိုက်က ပြောသည်။
သုတေသီများက ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် မြန်မာရုပ်ရှင် ဇာတ်ကား ၈၃ ကား အပေါ် လေ့လာဆန်းစစ်မှုကို အခြေခံ၍ လိင်အခြေခံခွဲခြားဆက်ဆံမှုများ (Gender Discrimination)၊ လိင်ကွဲပြားမှုအရ ပုံသေကားကျယူဆချက်များ (Gender Stereotypes)၊ လိင်ကွဲပြားမှုအခြေခံအကြမ်းဖက်မှုများ (Gender-based Violance)၊ နှင့် ကျား/မဆိုင်ရာ သိမြင် နိုးကြားမှု/(စွမ်းဆောင်ရည်နှင့်စွမ်းဆောင်နိုင်ခွင့်ကို) မြှင့်တင်မှုများ (Gender Awareness/empowerment) စသည်တို့ကို လေ့လာသုံးသပ်ထားသည်။ ပင်မရုပ်ရှင် နှင့် မှတ်တမ်းတင် ရုပ်ရှင် ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေးသူများ၊ အမျိုးသားသရုပ်ဆောင်များ၊ အမျိုးသမီးသရုပ်ဆောင်များ၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင် များနှင့် ဆွေးနွေးမှုများလည်း သုတေသနတွင် ပါဝင်သည်။
လေ့လာထားသည့် ရုပ်ရှင် ၈၃ ကားထဲမှ ၃၆ ကားတွင် အမျိုးသမီးများနှင့် LGBT ဇာတ်ကောင်များ၏ စွမ်းဆောင်ရည်ကို တန်ဖိုးလျှော့ချခြင်း အားဖြင့် လိင်ကွဲပြားမှုအခြေခံ ခွဲခြားဆက်ဆံမှုများ ပါဝင်နေခဲ့သည်ဟု EMReF မှ ဦးဆောင် သုတေသီတဦး ဖြစ်သည့် ဒေါ်အေးလဲ့ထွန်း က ပြောသည်။
မင်းသားကို ဗဟိုပြုသည့် ဈေးကွက်တခုရှိနေသော ရုပ်ရှင်လုပ်ငန်း အတွင်းတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုလည်း သုတေသနတွင် ဖော်ပြခဲ့သည်။ နည်းပါးသော ဘတ်ဂျက်နှင့်အညီရိုက်ကူးတင်ဆက်သည့် ဇာတ်ကွက်များတွင် ဟာကွက်များ အများအပြားရှိ နေသည်။ ရုပ်ရှင်များ ပြသရမည့် ရုပ်ရှင် ရုံ အရေအတွက်ကလည်း ကျဆင်းလာနေသည်။
အမျိုးသားရုပ်ရှင် ဒါရိုက်တာတဦးက “သေသေချာချာပြင်ဆင်ပြီး ရိုက်တဲ့ဇာတ်တွေက တဖြည်းဖြည်း နည်းနည်းလာတယ်။ ဇာတ်ညွှန်းတွေဟာ ရိုက်ကွင်းပေါ် ရောက်မှ ပြင်ကြ၊ ရေးကြတာတွေ ရှိတယ်။ တကယ်လို့ မင်းသားက ဇာတ်ညွှန်းကို ပြန်ပြင်ရေးခိုင်းရင် ဇာတ်ညွှန်းရေး ဆရာက ရေးပေးရတယ်။ လိုအပ်ရင် မိန်းမလျာဇာတ်ရုပ်တွေကို မင်းသားကို ဇာတ်ပို့ ပေးဖို့နဲ့ ဟာသဖြစ်ဖို့အတွက် ထည့်ပေးရတယ်” ဟု ပြောကြားခဲ့ကြောင်း သုတေသနတွင် ကောက်နုတ်ဖော်ပြထားသည်။
ရုပ်ရှင်ဖန်တီးမှုတွေမှာ လူ့အခွင့်အရေးတွေဆိုင်ရာကိစ္စတွေ မပါကြသလို မဖန်တီးကြတာတော်တော်ကြာပြီဟု ဒေါ်အေးလဲ့ထွန်း က ဒါရိုက်တာများနှင့် ဇာတ်ညွှန်းရေး ဆရာများ ကဲ့သို့သော ဖန်တီးသူများက ကျင့်ဝတ်ရေးရာကို လစ်လျူရှုထားကြောင်း ရှင်းပြရင်း ပြောသည်။ “လူ့အခွင့်အရေးကို အခြေခံတဲ့ ချဉ်းကပ်မှုကို ကိစ္စတိုင်းအတွက် အဓိက ချဉ်းကပ်မှု တခုအနေနဲ့ အသုံးပြုသင့်ပါတယ်။ ဒါက စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ ပဲဆိုင်တာမဟုတ်ပါဘူး။” ဟု သူကပြောသည်။
ဇာတ်ညွှန်းရေးသူများ အနေဖြင့် စကားလုံးများကို မရည်ရွယ်ပါဘဲ ဘက်လိုက်မှုပါသည့် လမ်းကြောင်းတခုဖြင့် ရေးသား မိ နိုင်ပါသည်။ သို့သော်လည်း လူတိုင်းဖတ်နိုင်သည့် ယခုသုတေသနတွေ့ရှိချက်များက အဆိုပါကိစ္စများ ပြင်ဆင်လာနိုင်ရေးအတွက် အထောက်အကူပြုနိုင်သည်ဟု ဒေါ်ဆွေဇင်ထိုက်က ပြောသည်။ “အမှားလုပ်မိတာကို ကျမတို့သိသိချင်း ပြင်ဆင်ဖို့ လိုအပ်ပါတယ်။”
မြန်မာ့ရုပ်ရှင်များတွင် အမျိုးသမီး ဇာတ်ကောင်များကို မြန်မာ့ယဉ်ကျေးမှု အမြင်ကို ထိန်းသိမ်းရန်အတွက် အိန္ဒြေရှင်၊ ရိုကျိုးသော အိမ်ရှင်မ၊ ဓလေ့ထိန်းသိမ်းသော အမျိုးသမီးများအဖြစ်ပုံဖော်စေချင်သည့် ဖိုဝါဒကြီးစိုးသည့် လူ့အဖွဲ့အစည်းတွင် အစီရင်ခံစာ တွေ့ရှိချက်များအပေါ် ဆန့်ကျင်မှုများ ကြုံတွေ့ကောင်း ကြုံတွေ့ရနိုင်ပါသည်။
သို့သော်လည်း သုတေသီများက အမျိုးသမီးဇာတ်ဆောင်များအား ပုံဖော်ရာတွင် အပေါင်း လက္ခဏာဆောင်သော ရိုးရာအစဉ်အလာအမြင်များကိုသာ ဆက်လက်ဖော်ထုတ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။ ခေတ်သစ် မြန်မာ အမျိုးသမီးများက ကိုယ်ပိုင်အမြင်ရှိသူများ၊ ပညာတတ်သူများ၊ အလုပ်အကိုင် သို့မဟုတ် စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်သူများ၊ ပြည့်စုံသော လူမှုဘဝ ရှိသူများ ဖြစ်နေတတ်ကြသည့် အရှိတရားကို မရှောင်လွှဲသင့်ပါ။
“သုတေသနက ပြည့်စုံပါတယ်။ သုတေသီတွေက ရုပ်ရှင်တွေမှာ ဆိုရိုးစကားတွေကို ဘယ်လိုဘယ်ပုံ အသုံးပြုတယ်ဆိုတာ အသေးစိတ်လေ့လာထားတယ်။ အခုရုပ်ရှင်တွေမှာက ကျား/မ ရေးရာ အမြင်တွေကို တည်ဆောက်ဖို့ အတွက် ဆိုရိုးစကားတွေကို ထည့်သုံးကြတာ။” ဟု သုတေသနတွေ့ရှိမှု ထုတ်ပြန်ပွဲသို့ တက်ရောက်လာသူ တဦးဖြစ်သည့် ဒေါက်တာ ခင်မာမာကြည်က ပြောသည်။ သူသည် လူမှုရေး မနုဿဗေဒ ဆိုင်ရာ ပညာရှင်တဦး ဖြစ်ပြီး အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ပထမဆုံးသော မြန်မာအမျိုးသမီး အကြီးတန်း ပညာရှင် တဦးဖြစ်ပါသည်။
ဒီဇင်ဘာ ၁၇ ရက်နေ့က ဧရာဝတီအဂ်လိပ်ပိုင်းတွင် ဖော်ပြခဲ့သော “Myanmar Film Industry Misrepresents Women, LGBT Community” ကို ဆီလျော်အောင် ဘာသာပြန်သည်။