သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံတွင် ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်ပြီး မျိုးရိုးလိုက်ခြင်း ကြောင့် ဖြစ်ပွားသည့် ရောဂါမဟုတ်ပါ။ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအဖြစ်အများဆုံးရောဂါက ဘာရောဂါတွေပါလဲ ဆရာ။
ဖြေ ။ ။ သားအိမ်ခေါင်းကင်ဆာဟာ ရင်သားကင်ဆာပြီးရင် မြန်မာအမျိုးသမီးတွေ အဖြစ်အများဆုံး ကင်ဆာ ရောဂါဖြစ်သလို အဆုတ်ကင်ဆာပြီးရင် ဒုတိယသေဆုံးမှု အများဆုံး ကင်ဆာရောဂါ ဖြစ်နေပါတယ်။ အခုလို သားအိမ်ခေါင်းကင်ဆာကြောင့် မြန်မာအမျိုးသမီးတွေ သေဆုံးနေကြရတာဟာ အရှက်အကြောက်ကြီးတာနဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်း မသိတာကြောင့်ဖြစ်ပါတယ်။ ဒါက မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါမဟုတ်ဘူး။ သားအိမ် ခေါင်းကင်ဆာက လိင်ဆက်ဆံခြင်း(သို့)လိင်အင်္ဂါအရေပြားချင်း ထိတွေ့ခြင်း ကြောင့် အဓိက ကူးစက်တဲ့ ရောဂါဖြစ်တယ်။
မေး ။ ။ သားအိမ်ခေါင်းကင်ဆာက ဘယ်လိုလူတွေမှာ ပိုပြီး အဖြစ်များပါသလဲရှင့်။
ဖြေ ။ ။ သားအိမ်ခေါင်းကင်ဆာက တကိုယ်ရေသန့်ရှင်းမှုနည်းပါးသူ၊ အိမ်ထောင်ဆက်များတာ၊ နာတာရှည်ရောဂါခံစားရသူတွေ၊ ဆေးလိပ်နှင့် မူးယစ်ဆေးသုံးစွဲသူ၊ ငယ်တဲ့အရွယ်မှာ လိင်ဆက်ဆံတဲ့သူ၊ ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ဆောင်တဲ့သူ၊ လိင်ဆက်ဆံဖော်များတဲ့သူတွေ ၊ ဆေးလိပ်သောက်တဲ့သူတွေ ဟော်မုန်းပါတဲ့ တားဆေးတွေကို ရေရှည်သုံးစွဲနေတဲ့သူတွေက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်မားစေတဲ့ အကြောင်းရင်းတွေ ဖြစ်ကြပါတယ်။
မေး ။ ။ သားအိမ်ကင်ဆာရဲ့ ရောဂါလက္ခဏာက ဘယ်လို ပြတတ်လဲ။
ဖြေ ။ ။ သားအိမ်ခေါင်းကင်ဆာက များသောအားဖြင့် ရောဂါလက္ခဏာမပြပါဘူး။ ဒါကြောင့် အသံတိတ် လူသတ်သမားလို့တောင် ခေါ်တတ်ပါတယ်။ သူက သားအိမ်ခေါင်းမှာ ကင်ဆာဆဲလ်တွေက စပြီး သားအိမ် ခေါင်းမှာ အကြိုအဆင့် စဖြစ်တယ်။ ဖြစ်ပြီးတော့ ကင်ဆာစဖြစ်တယ်။ နောက်တဖြည်းဖြည်း ပျံ့နှံ့လာတယ်။ နောက်ပြီး ဒီရောဂါက အဆင့် ၁၊၂၊၃၊ ၄ ရှိတယ်။ အဲဒီတော့ ရောဂါက အစောဆုံးအပိုင်းမှာ ဘာလက္ခဏာမှ မပြဘူး။ မပြပဲနဲ့ သူ့ဘာသာသူ ဒီအတိုင်းလေးပဲ ရှိနေ တာ။ မသိတာတွေလည်း အများကြီးပဲ။
ရောဂါလက္ခဏာစပြပြီဆိုရင်တော့ သားအိမ်ခေါင်းရဲ့ထိပ်မှာ အနာစဖြစ် ပြီး ပုံမမှန်တဲ့ သွေးတွေ ဆင်းလာတယ်။ ရာသီလာချိန်မဟုတ်ပဲ သွေးဆင်းတာ။ ရိုးရိုးရာသီလာတဲ့ ပုံစံမျိုးမဟုတ်ပဲ နဲ့ ဥပမာ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာတို့၊ လာရမယ့် အချိန်မဟုတ်ပဲနဲ့ သွေးတွေ ဆင်းတာ။ နောက်အမျိုး သားနဲ့အတူတူ လိင် ဆက်ဆံအခါမှာ သွေးတွေဆင်းလာတာ။ နောက် မိန်းကလေးတွေက ပုံမှန် အဖြူဆင်းတတ်တာမျိုးရှိတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်လာရင် ဆင်းတဲ့အဖြူက အပုပ်တွေဖြစ်နေတတ်တယ်။ ဒီထက်ပိုဆိုးလာရင် ဆီးစပ်တွေ ကိုက်ခဲတာ။ အစားအသောက်တွေ ပျက်တာ။ လူက ပိန်ချုံးသွား တာမျိုးဆိုရင် သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်တယ်။ ဒီလက္ခဏာတွေပေါ်ရင် လုံးဝမပေါ့ဆဘဲ ဆရာဝန်နဲ့ သေချာပြပြီးတော့ ရောဂါရှာဖွေစမ်းသပ်ဖို့လိုပါတယ်။ မြန်မြန်ရှာဖွေစမ်းသပ်နိုင်ပြီး တစ်ခါတည်း ဆေးကုလိုက်မယ်ဆိုရင် ရောဂါက ပျောက်မှာပါပဲ။ ဒါဆိုရင် ဒီရောဂါကြောင့် မသေတော့ပါဘူး။
မေး ။ ။ ဘယ်အရွယ်မှာ အများဆုံးဖြစ်နေသလဲ။ အပျိုတွေမှာရော ဖြစ်တတ်သလား။
ဖြေ ။ ။ သူကတော့ သားအိမ်ခေါင်းကင်ဆာကို အဓိက ဖြစ်စေတာက HPVလို့ ခေါ်တဲ့ ဗိုင်းရပ်ပိုးကြောင့် ဖြစ် တာ။ သူက လိင်ဆက်ဆံတာကနေ ကူးစက်ပြီးဖြစ်တာ တွေ့ရတယ်။ လိင်ဆက်ဆံမှု မရှိတဲ့ အမျိုးသမီးတိုင်းက သားအိမ်ခေါင်းကင်ဆာ မဖြစ်ပါဘူး။ အမျိုးသမီးတွေမှာဆိုရင် စောစောစီးစီး လိင်ဆက်ဆံတယ်။ လိင်ဆက်ဆံ ဖော်များတယ်။ ကွန်ဒုံးမသုံးဘူး။ သူတို့ကိုယ်တိုင်ကထက် သူနဲ့ ဆက်ဆံဖော်က လိင်ဆက်ဆံမှု များရင် ပိုပြီး အဖြစ်များတာကို တွေ့ရတယ်။ အများစုက အသက် ၄၀၊ ၅၀၊ ၆၀ နှစ်အသက်အရွယ် ရလာတဲ့ အပိုင်းတွေမှာ ပိုပြီးဖြစ်တတ်တယ်။
ဒါပေမယ့် အခုနောက်ပိုင်း ငယ်ငယ်လေးနဲ့ အသက်အရွယ် အားဖြင့် အသက် ၃၀၊ ၃၀ကျော်လေးတွေ မှာ အခုနောက်ပိုင်း ပိုပိုပြီးတော့ တွေ့လာရတယ်။ စာအုပ်ထဲမှာနဲ့ မတူဘူး။ စာအုပ် ထဲမှာက အသက် ၄၀က စတယ်လို့ ပြောတယ်။ ဆရာတို့ ဆေးရုံတွေမှာ အသက် ၃၀ လောက်နဲ့ သားအိမ်ခေါင်း ကင်ဆာဖြစ်တာ တွေ့ရတယ်။ အဲဒါက အခု သုံး၊လေးနှစ်လောက်အတွင်းမှာ ငယ်ငယ်လေးနဲ့ သားအိမ် ခေါင်းကင်ဆာအဖြစ် များလာတာပါ။ဒါပေမယ့် အခုဖြစ်တဲ့အရွယ်တွေက တဖြည်း ဖြည်း ပိုငယ်လာတာ တွေ့ရတယ်။
မေး ။ ။ ကာကွယ်ဆေးက ဘယ်လိုလူတွေ ထိုးလို့ရတာလဲ။ ဘယ်အရွယ်မှာစထိုးရတာပါလဲ။
ဖြေ ။ ။ ကာကွယ်ဆေးဆိုတာက HPV ဗိုင်းရပ်ကို ကာကွယ်တဲ့ဆေးဖြစ်တယ်။ အရင်တုန်းက သားအိမ်ခေါင်း ကင်ဆာ ဘာကြောင့်ဖြစ်မှန်း မသိကြဘူး။ အခုက တဖြည်းဖြည်း ပိုပို သိလာတယ်။ HVP ဗိုင်းရပ်ကြောင့်ဖြစ်တာ ဆိုတော့ ဗိုင်းရပ်ကို ကာကွယ်တဲ့ဆေးလည်း ပေါ်လာတယ်။ ဗိုင်းရပ်ကိုကာကွယ်တဲ့ဆေးဖြစ်တာကြောင့် ဘယ်အရွယ် တွေမှာ စပြီး ထိုးလဲဆိုတော့ မိန်းကလေးတွေ စပြီး လိင်ဆက်ဆံတာ မလုပ်ခင်မှာ ကာကွယ်ဆေး စထိုးရင် သူက အထိရောက်ဆုံးပဲ။ ဒီရောဂါပိုးက လိင်ဆက်ဆံရာကနေ ကိုယ့်ဆီဝင်လာတာ ဖြစ်တယ်။ ဒီရောဂါမဝင်ခင်ကတည်းက စပြီး ကြိုထိုးထားတဲ့သဘောပါ။
ဒါကြောင့်မို့ လိင်ဆက်ဆံမှု မရှိခင် စပြီး ထိုးတဲ့ သဘောဖြစ်တယ်။ သူတို့ဘယ်အရွယ်မှာစပြီးထိုးလဲ ဆိုတော့ နိုင်ငံခြားမှာတော့ အသက် ၉နှစ်အရွယ်မှာ စပြီး ထိုးတယ်။ ကမ္ဘာပေါ်မှာ လိင်ဆက်ဆံတဲ့အရွယ်တွေ က ပိုပြီးငယ်ငယ်လာတော့ အဲဒီအရွယ်ကနေ စထိုးလို့ ရနေပြီ။ အဲဒါကြောင့် လိင်ဆက်ဆံမှု စပြီးမလုပ်ခင်မှာ ထိုးထားရင် ပိုပြီး ထိရောက်တယ်။ ဒါပေမယ့် အသက် ၃၀၊ ၄၀မှာ ထိုးလို့မရဘူးလားဆို။ ထိုးလို့ရပါတယ်။ ဒါပေမယ့် လိင်မဆက်ဆံခင်မှာ ထိုးရင် ပိုထိရောက်တယ်။ အပျိုဖော်ဝင်တဲ့ သွေးစဆင်းတဲ့အချိန်မှာ စပြီးထိုး ပေးလို့ရပါပြီ။
မေး ။ ။ အိမ်ထောင်သည်တွေ ထိုးရင် မထိရောက်နိုင်ဘူးလို့ ဆိုလိုတာလား ဆရာ။
ဖြေ ။ ။ အိမ်ထောင်သည်တွေကျတော့ အဲဒီပိုးက သူတို့ ကိုယ်ထဲကို ဝင်ရောက်ပြီးပြီ။ အဲဒီတော့ သူ့ထဲက ပိုးတွေ ဆက်ပြီးတော့ ရောဂါကို ဖြစ်စေနိုင်တယ်။ ဒါပေမယ့် နောက်ထပ်ဝင်လာမယ့် ပိုးတွေကိုတော့ အတိုင်းအတာ တခုအထိ ကာကွယ်နိုင်မယ်။ ပိုးတွေက အမြဲဝင်နိုင်တယ်။ နဂိုကတည်းက ဝင်ထားပြီးသား ပိုးကိုတော့ သူက သတ်နိုင်မှာမဟုတ်ဘူး။ နောက်ထပ်ဝင်လာမယ့် ပိုးကိုတော့ အတိုင်းအတာတခုအထိ ကာကွယ်နိုင်တယ်။
သဘောက ဒီရောဂါကာကွယ်ဆေးကို ထိုးလိုက်ရင် ဒီရောဂါလုံးဝမဖြစ်ဘူးလို့ ပြန်ဖြစ်နိုင်တဲ့ အန္တရာယ် ကို လျော့ပေးတာတော့ လျော့ပေးတယ်။ ဒါပေမယ့် ဒီဆေးထိုးထားတာပဲ ဘာမှ ကြောက်စရာမလိုဘူးလို့ လုပ် လို့မရဘူး။ ဆေးထိုးပေမယ့် အစတုန်းကလို သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတာတွေက ဆက်လုပ်နေရတယ်။ ကာကွယ်ဆေးက ရာနှုန်းပြည့်အာမခံလို့ မရဘူး။
ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး လိင်ဆက်ဆံမှုများတာ၊ အပျော်အဖော်တွေများတာ ဒါမျိုးတွေ ရှောင်သင့် တယ်။ အဲဒါမျိုးလုပ်မယ်ဆိုရင် အကာအကွယ်တွေ သုံးသင့်တယ်။ ကွန်ဒုံးတွေ၊ ဘာတွေ သုံးသင့် တယ်။ အစားအသောက်နဲ့တော့ မဆိုင်ဘူး။ အဓိကက ကွန်ဒုံးကို မဖြစ်မနေသုံးသင့်တယ်။ ကွန်ဒုံးသုံးခြင်း အားဖြင့် HPV ဗိုင်းရပ်ကို ကာကွယ်နိုင်တယ်။
မေး ။ ။ သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။
ဖြေ ။ ။ ငယ်ရွယ်စဉ်အချိန်မှာကတည်းက အမျိုးသမီးတွေကို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာတွေ၊ လိင်ဆက်ဆံတဲ့အခါမှာ စည်းကမ်းရှိဖို့ သင်ပေးသင့်ပါတယ်။ အပျိုအရွယ် ၉ နှစ်ကနေ ၁၃ နှစ်ကြားထဲမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးလို့ရနေပါပြီ။ သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့်တွေ ကိုလည်း စစ်ဆေးလို့ ရနေပါပြီ။ သားအိမ်ခေါင်းကင်ဆာရောဂါကို စောစောစီးစီးတွေ့ရှိနိုင်ဖို့ သားအိမ်ခေါင်း အချွဲစစ်ဆေးမှုကိုလည်း ပြုလုပ်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့ HPV ပိုးအတွက် ကာကွယ်ဆေး လည်း ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၁၅နှစ်အတွင်း နှစ်ကြိမ်ထိုးဖို့နဲ့ အသက်၁၅နှစ်နဲ့အထက် အမျိုးသမီးတွေကတော့ ၃ကြိမ်ထိုးဖို့ အကြံပြုထားပါတယ်။
ဒီဗိုင်းရပ်စ်က လိင်ကတဆင့် ကူးစက်တာဖြစ်လို့ အဓိကအကျဆုံး ကာကွယ်တာကတော့ လိင်ကိစ္စမှာ စည်းကမ်းရှိဖို့ပါပဲ။ လိင်အပျော်အပါးတွေ ရှောင်ကြဉ်ရမယ်၊ အသက်ငယ်ငယ်နဲ့ လိင်မဆက်ဆံသင့်ဘူး၊ အပျိုစင်ဘဝကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ အိမ်ထောင်ကျရင် တလင်တမယားစနစ် ကျင့်သုံးရမယ်၊ ကိုယ်တိုင်ကလည်း အပျော်အဖော်တွေ မများရဘူး၊ မျက်နှာများတဲ့သူတွေနဲ့လည်း မဆက်ဆံရဘူး။ တလင်တမယားစနစ် မကျင့်သုံးနိုင်ရင် ကွန်ဒုံး သုံးရမယ်။ တကိုယ်ရည်သန့်ရှင်းရေးကို အလေးပေးရမယ်၊ ဆေးလိပ်ငွေ့တွေကိုလည်း ဝေးဝေးကနေ ရှောင်ရမယ်။ သားအိမ်ခေါင်းကင်ဆာက မျိုးရိုးမလိုက်တတ်ပါဘူး။
မေး ။ ။ ကာကွယ်ဆေးတွေက အသစ်တွေက ဘယ်လိုအရာတွေအတွက် ထုတ်တာလဲ။
ဖြေ ။ ။ HPV ဗိုင်းရပ်ကို ကာကွယ်တဲ့ဆေးက ကမ္ဘာမှာ ၂မျိုးရှိတယ်။ တမျိုးက သားအိမ်ခေါင်းကင်ဆာကို ၈၀ ရာခိုင် နှုန်းလောက်ကျမှ တွေ့ရတယ်။ HPV ဗိုင်းရပ် ၁၆နဲ့ ၁၈ကို ကာကွယ်တဲ့ဆေးဖြစ်တယ်။ အဲဒါက သားအိမ် ခေါင်းကင်ဆာကိုပဲ အဓိကကာကွယ်တဲ့ဆေးဖြစ်တယ်။ နောက်တမျိုးက HPV ဗိုင်းရပ် ၆နဲ့ ၁၁က သားအိမ် ခေါင်းကင်ဆာအပြင် မိန်းမကိုယ်ပေါ်မှာ ပေါက်တဲ့ ကြွက်နို့ လိင်အင်္ဂါတွေမှာ ပေါက်တတ်တဲ့ ကြွက်နို့တွေကို ကာကွယ်တယ်။ အဲဒီလိုလိင်အင်္ဂါပေါ်မှာ ဖြစ်တဲ့ ကြွက်နို့တွေကို ကာကွယ်တဲ့ အတွက် အမေရိကန်မှာဆို ယောကျာ်းတွေလည်း ထိုးကြတယ်။ ယောကျာ်းတွေလည်း ထိုးလို့ရတယ်။
မေး ။ ။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အမျိုးသမီးတွေအားလုံးထိုးနိုင်အောင် ဆောင်ရွက် ပေးဖို့ အစီအစဉ်ရှိလား။
ဖြေ ။ ။ မြန်မာပြည်မှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို လူတိုင်းထိုးနိုင်အောင်၊ အခမဲ့ထိုးနိုင်အောင် ကျန်းမာရေးဝန်ကြီးဌာနက ကြိုးစားနေတယ်။ အဲဒါတွေက အခုအချိန်တော့ မရသေးဘူး။ မကြာခင်ကာလမှာ ရလာမယ့် သဘောတော့ရှိတယ်။ တိတိကျကျကြီးတော့ ကျနော်တို့ မပြောနိုင်သေးဘူး။ အခုအဲဒါတွေ ကြိုးစားနေတယ်။ အမျိုးသမီးတွေ အကုန်လုံးကို ဆယ်ကျော်သက်လေးတွေ ဖြစ်လာပြီဆိုတာနဲ့ အကုန်လုံး ထိုးနိုင်ဖို့ ဖြစ်တယ်။
မေး ။ ။ သားအိမ်ခေါင်းကင်ဆာဖြစ်လို့ သေဆုံးသွားတဲ့သူတွေ တနှစ်ကို ဘယ်လောက်ရှိနေလဲ။
ဖြေ ။ ။ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသွားသူတွေ တနှစ်ထက် တနှစ်ပိုများလာတယ်။ ဒီခေတ်က ငယ်ငယ် လေးနဲ့ လိင်ဆက်ဆံတာတွေ ပိုများလာတယ်။ ပြီးတော့ အဖော်တွေလည်း များလာတယ်။ နောက် အသိပညာတွေကျတော့ အားနည်းတယ်။ ပြီးတော့ သားအိမ်ခေါင်ကင်ဆာကာကွယ်ဆေးထိုးနိုင်တယ်ဆိုတာ လက်တဆုပ် စာပဲရှိတယ်။ ဆေးက ဈေးကြီးတာကိုး။
နောက် တကယ့်သားအိမ်ခေါင်းကင်ဆာဖြစ်နေတာတွေက အောက်ခြေ အသိပညာအားနည်းတဲ့ ငယ် ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတယ်။ လိင်ဆက်ဆံ ကြတယ်။ ကလေးတွေ မွေးကြ။ အဲဒီလိုမျိုး ကျန်းမာရေး အသိပညာအားနည်းတဲ့သူတွေမှာ အများဆုံးဖြစ်နေတာ။ အဲဒီတော့ သူတို့တွေက ရောဂါကိုမကာကွယ်ဘူး။ နောက်ပြီး နိုင်ငံခြားမှာလို တပြည်လုံးက အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို မှန်မှန်လေး စစ်ဆေးပေါ့။
သားအိမ်ခေါင်းကင်ဆာက ချက်ခြင်းမဖြစ်ဘူး။ အကြိုအဆင့် ရှိသေးတယ်။ အင်္ဂလန်မှာဆို ၃နှစ်တကြိမ် စစ်တယ်။ အမေရိကမှာဆို တနှစ် တခါစစ်ဆေးတယ်။ အဲဒါဆိုရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်၊ မဖြစ် အစော ကြီးသိတယ်။ တကယ်ရောဂါမဖြစ်ခင်မှာ သိပြီး ဒါကို အဲဒီကင်ဆာက ကာကွယ်တာ ဒါဒုတိယအဆင့် ကာကွယ် တာ။ ပထမအဆင့်က လိင်ဆက်ဆံတာတွေ သတိထားဖို့ရယ် ကာကွယ်ဆေးတွေ ထိုးတာ။
ဒုတိယအဆင့်က အကြိုအဆင့်တွေကို စောစောစီးစီး သိအောင် အချိန်မှန်မှန် စစ်ဆေးပြီးတော့ ကိုယ် သိတာနဲ့ ဆေးကုလိုက်လို့ရှိရင် ကင်ဆာမဖြစ်တော့ဘူး။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးက တကယ် ရောဂါ ဖြစ်နေတဲ့သူတွေဆီ မရောက်ဘူး။ ရောဂါဖြစ်နေတဲ့သူတွေက အောက်ခြေလူတန်းစားတွေ၊ တောရွာတွေမှာ နေထိုင်တဲ့ ကျန်းမာရေး ဗဟုသုတမရှိတဲ့သူတွေ သူတို့ကျတော့ စောစောစီးစီး မသိနိုင်ဘူး။ ဘာလို့လဲဆိုတော့ တနေ့လုပ်မှ တနေ့စား။ အဲဒီတော့ ကျနော်တို့ ဆေးရုံမှာ တွေ့ရတာက ရောဂါအဆင့်က ကင်ဆာအဆင့် ရောက်တဲ့ အချိန်မှ တွေ့ရတာများပါတယ်။ အဆင့် ၂တို့ ၊ ၃တို့ ဖြစ်မှ သိရတာ။တချို့ဆို အဆင့်တွေကျော်ပြီး နောက်ကျမှ ရောက်လာတာတွေက များနေတယ်။
မေး ။ ။ ဆေးရုံ ကိည ဘယ်အဆင့်တွေရောက်မှ ရောဂါသိရပြီးရောက်လာတာ များပါသလဲရှင့်။
ဖြေ ။ ။ သားအိမ်ခေါင်းလေးမှာပဲ အနာလေးစဖြစ်တာက အဆင့်တစ်။ ဘေးကို နည်းနည်းပြန့်သွားရင် အဆင့် နှစ်ဖြစ် သွားတယ်။ မိန်းမကိုယ်ကို မွေးလမ်းကြောင်းအထိ ပြန့်သွားရင်တော့ အဆင့်သုံးရောက်ပြီ။ ဘေးက အရိုးအတွင်းနားအထိ ရောက်သွားရင်တော့ အဆင့်သုံးပေါ့။ ဆေးရုံကို လာတဲ့သူတွေက အဆင့် ၂နဲ့ ၃က ဖြစ်မှ ရောက်လာကြတာများတယ်။ အဆင့်တစ် အကြိုအဆင့်သိတာ နည်းနေတယ်။ အဆင့်တွေကျော်ပြီး နောက် ကျမှ ရောက်လာတွေက ပိုများနေတယ်။
မေး ။ ။ ဘယ်အချိန်သိရလို့ရှိရင် ကုသလို့ ရနိုင်တဲ့အခြေအနေရှိလဲ။
ဖြေ ။ ။ သားအိမ်ခေါင်းကင်ဆာ ဖြစ်မှန်းသိနေပြီဆိုရင် စောစောစီးစီးသိတဲ့အခါ စောစောစီးစီး ထိထိရောက် ရောက် ဆေးကုလိုက်ရင် သားအိမ်ခေါင်းကင်ဆာကြောင့် မသေတော့ပါဘူး။ ဒါကြောင့် ရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေကိုလည်း အစောကြီးကတည်းကသိဖို့ လိုပါတယ်။ကမ္ဘာမှာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးကြရတဲ့ အမျိုးသမီး ၁၀ဦးမှာ ၉ဦးက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကဖြစ်ပါတယ်။
စောစောစီးစီးသိနိုင်လေကောင်းလေပါပဲ။ အကြိုအဆင့်မှာ သိနေရင် ပိုကောင်းတယ်။ ကုလို့ရတယ်။ ရောဂါ ဖြစ်ပြီဆိုရင် ဖြစ်ဖြစ်ခြင်း သိရင် အမြန်ပျောက်တယ်။ အခုက ဆေးရုံရောက်လာတာကို နောက်ကျကြ တယ်။ နောက်တခုက ခွဲစိတ်ဖို့ကျတော့ အဆင့် ၁ လောက်ပဲ ကောင်းကောင်းခွဲလို့ရတယ်။ အဆင့် ၂ဆိုရင် ခွဲလို့ မရတော့ဘူး။ ဘေးရောက်သွားပြီ။ အဲဒါကျတော့ ဓာတ်ရောင်ခြည်နဲ့ အဓိက ဆေးကုရတာ။
နောက် ပြဿနာက ကျနော်တို့ နိုင်ငံဆင်းရဲတော့ ဓာတ်ရောင်ခြည်ကို ကုနိုင်တဲ့ နေရာကလည်း ရန် ကုန်၊ မန္တလေးနဲ့ တောင်ကြီး အဲဒီသုံးခုမှာပဲ ရှိတယ်။ ရန်ကုန်မှာဆိုရင် ဓာတ်ရောင်ခြည် ဆေးကုဖို့ လူနာတွေက အများကြီးဖြစ်နေတယ်။ အဲဒီတော့ စပြီးတော့ ရောဂါဖြစ်ပြီဆို ဓာတ်ရောင်ခြည်ဌာနကို ပို့လိုက်ပြီဆိုရင် သူ့ကို စပြီး ဆေးကုဖို့ စောင့်ရတာ အနည်းဆုံး ၃၊၄လလောက် စောင့်ရတယ်။အဲဒီ အကုန်လုံးက နောက်ကျကုန်တယ်။
ရောဂါဖြစ်တဲ့သူတွေက များတယ်။ နောက် ဓာတ်ရောင်ခြည် ဌာနမှာကလည်း စက်က အများကြီး မရှိဘူး။ လူနာတွေက များတဲ့ အခါကျတော့ အဲဒါကြောင့်မို့ လူနာတွေက မဖြစ်သင့်ပဲ ပိုပိုပြီး သေကြရတယ်။ နောက်မြန်မာလူမျိုးတွေရဲ့ အယူအဆကလည်း ဓာတ်ရောင်ခြည်ဌာနကို ကြောက်ကြတယ်။ ဓာတ်ကင်ရမယ်ဆို ကြောက်တော့ ထွက် ပြေးကုန်တာတို့ အဲဒီကြားထဲမှာမှ အကြာကြီးစောင့်ရတာကို စိတ်မရှည်ဘူး။ နောက်ကျ မလာကြတော့ ပိုဆိုး ကုန်တယ်။ နောက်ကျတော့ မြန်မာဆေးတွေ၊ အရွက်တွေနဲ့ လျှောက်ကုရေမန်း မန်းတာ တို့၊ ပျောက်စေ ဆရာတွေနဲ့ တွေ့တဲ့အခါ ပိုပြီးတော့ သေကြရတယ်။
မေး ။ ။ သားအိမ်ခေါင်းကင်ဆာခွဲစိတ်တဲ့နေရာမှာ စိန်ခေါ်မှုက ဘာတွေရှိသေးလဲ။
ဖြေ ။ ။ သားအိမ်ခေါင်းကင်ဆာ ခွဲစိတ်နိုင်တဲ့ ဆရာဝန်ကလည်း အများကြီး မရှိဘူး။ သူက အထူးကျွမ်းကျင်တဲ့ လေ့ကျင့်ထားတဲ့ ဆရာဝန်တွေနဲ့မှ ရတယ်။ ရိုးရိုးသားအိမ် ထုတ်တာတင်မကဘူး။ သားအိမ်ရော သားအိမ် ခေါင်းရော သားအိမ်ခေါင်းဘေးမှာ ကင်ဆာဆဲလ်ပြန့်နိုင်တဲ့ နေရာတွေ မိန်းမကိုယ်မွေးလမ်းကြောင်း အများကြီးထုတ်ပစ်ရတာ။နောက် ဘေးမှာရှိတဲ့ သွေးကြောလေးတွေ သားငန်ရည်ထွက်တဲ့ဟာတွေ အဲဒါတွေပါ အကုန်ထုတ်ပစ်ရတာ။ နောက်အကြာကြီး ခွဲရတယ်။ ခက်ခက်ခဲခဲ ခွဲရတယ်။ တကယ့်ဆေးရုံကြီးတွေမှာလို တကယ့်ကို ကင်ဆာကိုလေ့ကျင့်ထားတဲ့ ဆရာဝန်ကြီးတွေသာ ခွဲနိုင်တာပါ။ အဲဒါက ဒီရောဂါကို ဆေးကုတဲ့ နေရာမှာ ပြဿနာဖြစ်တယ်။ ဒီရောဂါကိုတကယ် ခွဲစိတ်ပြီး ကုနိုင်တဲ့ ဆရာဝန်က အများကြီး မရှိဘူး။
မေး ။ ။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးချင်ရင် ဘယ်လိုလုပ်ရမလဲ။
ဖြေ ။ ။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးတာက ဆေးရုံကြီးမှာ ငွေမပေးရပါဘူး။ ဗဟိုအမျိုးသမီးဆေးရုံတွေ အစိုးရ ဆေးရုံတွေ အခမဲ့စစ်ပေးတယ်။ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် မစစ်ခင်မှာ လိုက်နာရမယ့် အရာတွေ ရှိပါတယ်။ အဲဒါတွေကတော့ ရာသီသွေးဆင်းနေတာမျိုး မရှိရပါဘူး။ ၂၄နာရီအတွင်းမှာ အမျိုးသားနဲ့ အတူတူနေမထားရပါဘူး။ ၂၄ နာရီအတွင်းမှာ မွေးလမ်းကြောင်းထဲကို ဆေးတွေထည့်တာ၊ ပစ္စည်းတစ်ခုခု ထည့်တာတို့ မလုပ်ရပါဘူး။ အဲဒီလိုအချိန်မှာစစ်မှ ပိုပြီးမှန်မှာ ဖြစ်ပါတယ်။
မေး ။ ။ ဆရာအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ အဓိကကတော့ ကာကွယ်ဖို့က ပိုအရေးကြီးတယ်။ ကာကွယ်တဲ့နေရာမှာ ကျန်းမာရေးအသိပညာပေး မှုက အရမ်းအရေးကြီးတယ်။ နောက် လိင်ကိစ္စနဲ့ ပတ်သက်လာရင် စည်းကမ်းရှိဖို့။ အကာအကွယ်တွေ သုံးဖို့ အပျော်အဖော်တွေ မများဖို့ အဲဒါမျိုးတွေကို ပြည်သူတွေ ပိုပြီး သိနိုင်ရင် ပိုကောင်းတယ်။ နောက် အချိန်မှန်မှန် စစ်ဆေးဖို့ ရောဂါလက္ခဏာရှိပြီး ရောဂါပြပြီဆိုရင် မရှက်မကြောက်ပဲ စစ်ဆေးကြဖို့ ။ တချို့တွေက ရှက် ကြောက်ကြတယ်။ ရောဂါကို နောက်ကျမှ ရောက်လာကြတယ်။ ရောဂါလက္ခဏာတွေ ဖြစ်လာရင် စောစောစီးစီးလာပြဖို့ ။ သိသွားရင်လည်း မြန်မြန်ဆေးကုဖို့ တခါတလေကျရင်ကြောက်ပြီးတော့ ထွက်ပြေး ကုန်တယ်။ ခွဲရမှာကို ကြောက်ပြီး မလာကြတာတွေလည်းရှိတယ်။
ဥပမာ တယောက်ဆို သားအိမ်ခေါင်း ကင်ဆာဖြစ်တာ အစောကြီးသိတယ်။ ဆေးရုံမှာ ခွဲဖို့လုပ်တာ ခွဲရမှာကြောက်လို့ မလာပဲ အိမ်မှာပဲ နေတယ်။ ၆လလောက်နေတော့ မခံမရပ်နိုင်အောင် ကိုက်ခဲပြီးမှ လာတော့ စတွေ့တုန်းကလိုမဟုတ်တော့ပဲ အဆင့်တွေ တိုးပြီး ခွဲလို့မရတော့ဘူးဖြစ်သွားတယ်။ ဒါတွေလည်း ရှိတယ်။ ခွဲရမှာကြောက်တယ်။ ဓာတ်ကင်ရမှာကြောက် တယ်။ အဲဒါကျတော့ ကျန်းမာရေးအသိပညာ အရမ်းအားနည်းပြီး မဖြစ်သင့်တာတွေ ဖြစ်တတ်တယ်။