အသားညိုညို အရပ်အမောင်း ကောင်းကောင်းနှင့် ကျစ်လျစ်သွယ်လျသည့် ခန္ဓာကိုယ်ပိုင်ရှင်၊ အာဘောင်အာရင်း သန်သန် စကားပြောဆိုတတ်ပြီး ပျော်ပျော်နေတတ်ပုံရသည့် ဟန်ပန်အမူအရာများက ရှိရင်းစွဲအသက်ထက် သူ့ကို ပိုမို နုပျိုစေသည်။
အခက်အခဲမျိုးစုံ ဒုက္ခပေါင်းစုံကို ခိုင်မာသော စိတ်ဓာတ်၊ မလျှော့သော ဇွဲလုံ့လတို့ဖြင့် ကြိုးစား ကျော်ဖြတ် နိုင်ခဲ့ပြီး နောက် ယခုအခါ ပြေးခုန်ပစ်အားကစား လောကတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုများရှင် ခင်ခင်ထွေး ဟူသော နာမည် တလုံးဖြင့် ရပ်တည်နေနိုင်ပြီ ဖြစ်သည်။
တာဝေး၊ တာလတ် အပြေး ချန်ပီယံဟောင်း တဦးဖြစ်သူ ဒေါ်ခင်ခင်ထွေးသည် လက်ရှိအချိန်၌ လယ်ယာစိုက်ပျိုးရေး နှင့် ဆည် မြောင်းဝန်ကြီးဌာန (လယ်/ဆည်) ၏ အားကစားအသင်း အတွက် အားကစားနည်းပြ တာဝန်ခံအဖြစ် ဆောင်ရွက် ပေးနေသည်။
ဆယ်ကျော်သက် အရွယ်ကတည်းက အားကစား ဝါသနာပါခဲ့သူ ဒေါ်ခင်ခင်ထွေးသည် ပြီးခဲ့သည့်လကပဲ သူ့အသက် ၅၁ နှစ် ပြည့်ခဲ့ပြီ။ သို့သော် သူ့အသွေးအသားထဲမှ အားကစားသမား စိတ်ဓာတ်ကတော့ နုပျိုတက်ကြွနေဆဲပင် ဖြစ်သည်။
အနှစ် ၅၀ ကျော် သူ့ဘဝ သက်တမ်းတလျှောက် အမှတ်ရစရာတွေက များလွန်းလှသည်မို့ အမှတ်ရဆုံး အကြောင်း အရာ များကစ၍ သူက ဖြည်းဖြည်းချင်း အတိတ်ကို တူးဆွရင်း ဖွင့်ဟလာသည်။
မွေးချင်း ၉ ယောက်အနက် အားကစားကို အလွန်ဝါသနာထုံသည့် သမီးဖြစ်သူအား ပင်ပန်းသည့် အားကစားသမား ဘဝ ခံ ယူမည့်အစား ပညာတတ်တဦးသာ ဖြစ်စေချင်ခဲ့သော မိခင်၏ဆန္ဒကို သူ့အနေဖြင့် မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။
သူ့အသက် ၁၃၊ ၁၄ နှစ် အရွယ်လောက် ကတည်းက“စာဆိုရင်ထွက်ပြေးတာ။ အားကစားဆိုရင်တော့ လာခဲ့ ဘယ် အချိန် ပြေးပြေး ထိပ်ကပဲ။ အဲဒီလို ဝါသနာပါတာ”ဟု သူ့ ငယ်ဘဝကို ပြန်ပြောင်း ပြောပြသည်။
၁၉၈၅ တွင် သူ့ကို ပြေးခုန်ပစ် အားကစား လောကထဲ ခြေစုံပစ်ဝင်ရန် အကြောင်းတခု ဖန်လာခဲ့ပြီး ယင်းအဖြစ်အပျက် ကပင် သူ့ကို အပြေး ချန်ပီယံဖြစ်အောင် တွန်းပို့ခဲ့သည်ဟု ဆိုသည်။
ထိုစဉ်ကတည်းက သူလိုက်နာ ကျင့်သုံးခဲ့သည့်“ဖိုးသုညမှ သိန်းသန်းကုဋေ ကပ်မယ်တဲ့။ ဟိုးတုန်းက စကားပုံလေး။ အဲဒါ ကို သဘောကျတယ်။ လူတွေက အစက သုညပဲ။ အဲဒီကနေမှ ၁ ဖြစ်။ အဲဒီနောက်ကနေ သုညလေးတွေ ဖြစ် သွား အောင် လုပ်ဖို့ပဲရှိတယ်”ဟု သူက စိတ်အားတက်ကြစွာ ပြောပြသည်။
မြန်မြန်ပြေး၊ ဝေးဝေးပစ်၊ မြင့်မြင့်ခုန် ဟု အဆိုရှိသော ပြေးခုန်ပစ် အားကစားနည်းတွင် အမျိုးသား ၂၃ မျိုး၊ အမျိုးသမီး ၂၃ မျိုး စုစုပေါင်း အမျိုးအစား ၄၆ မျိုး ရှိသည့်အနက် အ ရပ်အမောင်း ကောင်းသည့် သူ့ကို လက်ဦးနည်းပြဆရာက တာဝေး၊ တာလတ် အပြေးသမား အဖြစ် ရွေးချယ်ကစားရန် လမ်းညွှန်ခဲ့ပြီး သူကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ခဲ့သည်။
၁၉၈၅ ထိုင်းနိုင်ငံတွင် ကျင်းပသည့်ပွဲ၌ ရွှေတံဆိပ်တခုနှင့် ကြေးတံဆိပ်တခုရပြီး မြန်မာနိုင်ငံသို့ ပြန်လာချိန်၌ သူ့ကိုယ် သူ အထင်ကြီးစိတ် ဝင်ခဲ့ကာ လေ့ကျင့်ရေးများ မလုပ်တော့ဘဲ အေးဆေးနေလိုက်သည်။ ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲ ကျင်းပချိန် ဝင်ရောက် ယှဉ်ပြိုင်သည့် အခါတွင်တော့ ကစားသမား အားလုံးကို သူ ရှုံးနိမ့်သွားခဲ့သည်။
ထိုအချိန်တွင် မိခင်ဖြစ်သူနှင့် မောင်နှမများက အားကစား ဆက်လုပ်ချင်လား၊ စာလုပ်ချင်လားဟူ၍ အတိအလင်း ရွေးချယ် စေခဲ့ပြီး အားကစားလုပ်မည်ဆိုလျှင် ထွန်းပေါက်အောင် လုပ်နိုင်ရမည်ဆိုသော ကတိကိုလည်း တောင်းခဲ့ ကြသည်။
ကျောင်းစာ မကျက်ချင်သူ၊ ပြေးနေရလျှင် ပျော်နေသူ အသက် ၁၈ နှစ်အရွယ် ခင်ခင်ထွေးက သူဝါသနာပါရာ အားကစား လောကထဲ ကို ခြေစုံပစ်ဝင်ရန် ခိုင်မာပြတ်သားစွာ သန္နိဋ္ဌာန်ချခဲ့သည်။ ထို့အတွက် သူ နောင်တ မရသလို လက်ရှိ ဖြစ်တည် နေသော ဘဝကိုလည်း ကျေနပ်သည်ဟု ဆိုသည်။
သူကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းခဲ့သည့် လမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတိုင်းကို အနိုင်ရလိုစိတ်ဖြင့် အ ကောင်းဆုံး ကြိုးစားယှဉ်ပြိုင်၍ ဆုတံဆိပ်များစွာ ရယူနိုင်ခဲ့သလို မထင်မှတ်ထားသည့် ရှုံးနိမ့်မှုများနှင့်လည်း ကြုံခဲ့ရ သည်။
၁၉၈၉ မလေးရှာနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ၃ ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၅၀၀ နှင့် ၃၀၀၀ ပွဲစဉ်များတွင် ရွှေတံဆိပ်ရကာ အရှေ့တောင်အာရှစံချိန်ပါ ချိုးထားသည့် သူ့အတွက် မီတာ ၈၀၀ တွင် လည်း အနိုင်ရရှိရန် လိုအပ်သည်။
ထိုသို့ ခံယူထားချိန်တွင် ပြိုင်ဘက် ထိုင်းနိုင်ငံ အားကစားသမားက သူ့ဖိနပ်ကို မတော်တဆ တက်နင်းမိပြီး ဖိနပ် တဖက် တဝက်တပျက် ကျွတ်သွားသည့် ဖြစ်ရပ်ကြောင့် ဘာလုပ်ရမှန်းမသိအောင် သူ့အတွေးများ ယောက်ယက်ခတ် သွားခဲ့ သည်။
ထိုစဉ် လျှပ်တပြက် ဝင်ရောက်လာသော အတွေးတခု၏ စေ့ဆော်မှုဖြင့် စွန့်စားကြည့်မည်ဆိုကာ တဝက်တပျက် ကျွတ် နေ သည့် ဖိနပ်ကို ပြေးနေရင်းက အလုံးစုံ ကျွတ်ထွက်သွားအောင် ကန်ထုတ်ပစ်လိုက်သည်။ ကျန်နေသည့် ဖိနပ် တဖက် တည်းဖြင့် ဆက်ပြေးပြီး ပွဲစဉ်အပြီး၌ ပထမဆု ရယူခဲ့သည်။
ရရှိခဲ့သည့်ဆုတံဆိပ်ကို ကိုင်တွယ်ပြသရင်း“အရှိန်နဲ့ ပြေးရတဲ့အချိန်မှာ ဖိနပ်ပါမှသာ အဆင်ပြေတာ။ ဖိနပ် တဖက် တည်းနဲ့ ခဲရာခဲဆစ် ပြေးပြီးတော့ ပထမရအောင် ယူခဲ့ပေးတယ်”ဟု သူက ဂုဏ်ယူဝင့်ကြားစွာ ဆိုသည်။
အလားတူ အာရှနိုင်ငံပြိုင်ပွဲများတွင် အရှေ့တောင်အာရှဆိုလျှင် အလေးထားမှု သိပ်မရှိချိန် ၁၉၈၉ အိန္ဒိယနိုင်ငံ၌ ကျင်းပ သည့် အာရှပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ဘက်များဖြစ်သော တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယတို့ကို ကျော်တက် ကာ ပထမဆု တံဆိပ် ရယူနိုင်ခဲ့ခြင်းသည် အိပ်မက်လားဟုပင် သူ ထင်မှတ်ခဲ့သည်။
ဆုကြေညာပြီး ဆုတက်ယူသည့်အချိန်၊ မြန်မာနိုင်ငံအလံကို တင်လိုက်သည့်အချိန်ကျမှ အာရှအဆင့် ဆုတံဆိပ် အမှန် တကယ် ရရှိပါလားဆိုသည့် ပီတိဖြစ်မှုက မည်သည့်အရာနှင့်မျှ မလဲနိုင်ဟု သူက ဆိုသည်။
ဒေါ်ခင်ခင်ထွေးက“အရှေ့တောင်အာရှက သိပ်ပြဿနာမရှိဘူး။ အာရှပြိုင်ပွဲမှာ မြန်မာက အားကစားသမားတွေဆို အ ထင်ကိုသေးတာ။ အထင်သေးလို့လည်း ရွှေရခဲ့တာ။ ဒီလို အာရှမှာရသွားမှ မြန်မာဆို ငါတို့ ပေါ့လို့မရဘူး ဆိုတာမျိုး ဖြစ် လာတယ်။ အာရှမှာ ဒုတိယအကြိမ် ဝင်ပြိုင်တော့ အဲဒီပြိုင်ဘက်နဲ့ပဲ ရှုံးပေမယ့် ဒုတိယရခဲ့တယ်”ဟု ပြောပြသည်။
၁၉၉၅ ခုက ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင်တော့ မီတာ ၈၀၀ ပြိုင်ပွဲဝင် ခင်ခင်ထွေးသည် တောက်လျှောက် ထိပ်ဆုံး က ပြေးနေရာ ပန်းဝင်ခါနီး ၁၅ မီတာခန့် အလိုရောက်မှ မှောက်ရက်လဲကျပြီး ရွှေတံဆိပ်နှင့် လွဲခဲ့ရသည်။ ထိုအရှုံးက သူ့ကို အတော်လေး ခံရခက်စေခဲ့သည်။
“ကိုယ်ကလွဲရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတဲ့ အဖြစ်ပျက်မျိုး။ ထိပ်က ပြေးရင်းပြေးရင်းနဲ့ ကိုယ့်ဒူးပြုတ်ကျပြီး မှောက်ရက် လဲပြီးတော့ ရွှေတံဆိပ်နဲ့ လွဲခဲ့ရတယ်။ ရင်ထဲမှာ တော်တော်ခံစားရတယ်”ဟု သူက ဆိုသည်။
သူသည် အောင်မြင်မှုရရန် သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ ဖိအားပေးခဲ့သလို အရှုံးနှင့် ရင်ဆိုင်ရချိန်တွင်လည်း ခံနိုင်ရည် ရှိရန် သူက ကြိုတင် ပြင်ဆင်ထားနိုင်ခဲ့သည်။ ဒေါ်မာမာမင်း၊ ဒေါ်ဂေါ့ဂျာ၊ အမေကြီး ဂျနီဖာ (ဂျနီဖာတင်လေး) တို့ သည် သူ့အတွက် အတုယူရသည့် စံပြပုဂ္ဂိုလ်များ ဖြစ်ပြီး ယင်းတို့ကဲ့သို့ ဖြစ်အောင် ကြိုးစားခဲ့သည်။
“ကိုယ့်နိုင်ငံအလံကို သူများနိုင်ငံမှာ တင်ပြီး အားလုံးက အလေးပြုရတာကို အရမ်းနှစ်သက်တယ်။ အဲဒီ စိတ်ဓာတ် ရှိတဲ့ အခါ ကျတော့ သူများထက် နှစ်ဆ ကြိုးစားတယ်”ဟု သူက လေးလေးနက်နက် ပြောပြသည်။
နည်းပြဆရာများက ခိုင်းသည့် လေ့ကျင့်မှုသာမက ကိုယ်တိုင် လေ့ကျင့်မှုများကိုလည်း ထပ်ဆောင်း လုပ်ဆောင်ပြီး တခြား သူများထက် နှစ်ဆပိုလေ့ကျင့်ခဲ့သည်။ ထိုကဲ့သို့ လေ့ကျင့်မှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်ဟု သူ ယုံကြည်သည်။
လက်ရှိ အချိန်တွင် အရှေ့တောင်အာရှအဆင့်၌ ရွှေတံဆိပ် ၁၀ ခု၊ အာရှအဆင့်၌ ၁ ခု၊ ဖိတ်ခေါ်ပြိုင်ပွဲများ၌ ၁၇ ခု စုစု ပေါင်း ရွှေတံဆိပ် ၂၈ ခု၊ ငွေတံဆိပ် ၇ ခု နှင့် ကြေးတံဆိပ် ၆ ခုတို့ကို ရယူထားနိုင်မှုက သူ့ယုံကြည်ချက်ကို ပိုမိုခိုင်မာ စေသည်။
အရှေ့တောင်အာရှတွင် အမေကြီးဂျနီဖာ (ဂျနီဖာတင်လေး) က ရွှေတံဆိပ် ၁၅ ခု ရယူပေးခဲ့ပြီး သူက ၁၀ ရယူခဲ့ သော် လည်း နိုင်ငံတကာပြိုင်ပွဲ များတွင် ဆုတံဆိပ် အများဆုံး ရယူပေးနိုင်ခဲ့သူ ဖြစ်သည်ဟု သူက ပြောပြသည်။
ဆီးဂိမ်း ၇ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၁၉၉၃ က စင်ကာပူတွင် ကျင်းပသည့် ပြိုင်ပွဲ၌ ခြေထောက်အတက်ဖြစ်၍ ယင်းတကြိမ်သာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့ကြောင်း၊ အိုလံပစ်အားကစား ပြိုင်ပွဲကိုလည်း သုံးကြိမ်တိတိ (၁၉၈၈၊ ၁၉၉၂၊ ၁၉၉၆) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သူက ရှင်းပြသည်။
“ရွှေတံဆိပ်ရတဲ့ အချိန်ဆို လူကြီးတွေအားလုံးက ခင်ခင်ထွေး ခင်ခင်ထွေးပေါ့။ ဆုတံဆိပ်မရတော့ လှည့်တောင် မကြည့် ဘူး။ နိုင်ငံအတွက် ဘယ်လောက် လုပ်ပေးခဲ့ပါစေ။ မလုပ်ပေးနိုင်တဲ့ အချိန်ကျ ဘယ်သူမှ အသိအမှတ် မပြု ကြဘူး။ ဒါကို ကစားသမားတိုင်း ခံစားခဲ့ရတယ်”ဟု သူက ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုသည်။
တခါတရံတော့ သမီးဖြစ်သူ၏ အောင်မြင်မှုများကို မြင်တွေ့မသွားနိုင်၊ ဂုဏ်ယူမသွားနိုင်သည့် လူ့လောကကြီးမှ စောစီး စွာ ထွက်ခွာသွားသော ဖခင်အတွက် အလွန်ဝမ်းနည်း ခံစားရသည်ဟုလည်း သူက ဖွင့်ဟပြောဆိုသည်။
၁၉၈၁ ဖခင်ဖြစ်သူ ဆုံးပါးသွားသည့် နှစ်က မှတ်မှတ်ရရ တရုတ်နိုင်ငံမှ အားကစားသမားများ လာပြိုင်မည်ဆို၍ လူရွေး ပွဲ လုပ်ရာ ယင်းပြိုင်ပွဲတွင် ဒေါ်ဂေါ့ဂျာကို အနိုင်ရရှိခဲ့သည်။ ထိုသတင်းက နေ့စဉ်ထုတ် သတင်းစာတွင် ပါလာခဲ့သည်။
အသည်းအသန် နာမကျန်းဖြစ်၍ စစ်ဆေးရုံတက်နေရသည့် တပ်ဝန်ထမ်းတဦးဖြစ်သူ သူ့ဖခင်သည် ယင်းသတင်းကို ဖတ် မိကာ ဆေးရုံတခုလုံးရှိ လူနာများကို သတင်းစာပြပြီး သမီးဖြစ်သူ မည်မျှတော်ကြောင်း ကြွားဝါခဲ့သည်ကို ယနေ့ အထိ သူ အမှတ်ရနေသည်။
“အမေ့ကို ခေါ်တယ်။ ငါ့သမီးကို သူလိုချင်တဲ့ အင်္ကျီ ဖိနပ် လိုအပ်တာတွေ အကုန်လုံး မင်းဆင်ပေးပါ။ ငါ့သမီးက ထူးချွန်တဲ့ သူတယောက် ဖြစ်မယ်ဆိုတာလေး အဖေက ပြောသွားတယ်။ အဖေ့အတွက်က သမီးဖြစ်သူနဲ့ပတ်သက်လို့ ဘာမှ မရလိုက်ဘူး။ အဖေ့ကို မလုပ်ကျွေးလိုက်ရဘူး။ စိတ်ထဲလည်း မကောင်းဘူး”ဟု ပြောရင်း ဝမ်းနည်းပြီး မျက်ရည် များ ဝဲလာသည်။
သို့သော် သူငယ်ချင်း မိတ်ဆွေများနှင့် တွေ့ဆုံလျှင်ဖြစ်စေ၊ သူ့တပည့်များနှင့် လေ့ကျင့်ခန်း ဆင်းနေချိန်ဖြစ်စေ ပျော်ပျော် ရွှင်ရွင် နေတတ်သည့် သူ့ကို အားလုံးက အဆင်ပြေ ချောမွေ့နေသည်ဟု ထင်မည်ဖြစ်သော်လည်း အမှန်က သူ ကြုံတွေ့ခဲ့ရသည့် လောကဓံလှိုင်းများကြား လဲကျလိုက် ပြန်ထလိုက်နှင့် သူ့ကိုယ်သူ ပိုမို သန်မာ စေခဲ့ခြင်းပင် ဖြစ် သည်။
“ငါ့မှာ လိုအပ်နေတဲ့ အင်အားတွေ အပြည့်ရှိတယ်။ ပြိုင်ပွဲတိုင်းကို နိုင်ကိုနိုင်ရမယ်။ လိုအပ်ချက်တွေ ဖြည့်ဆည်း သွား နိုင်ပြီ ဆိုရင် အောင်မြင်မှုက ထိပ်ဆုံးရောက်သွားမှာပဲ”ဟု သူ့ ခံယူချက်ကို ပြောပြသည်။
ထိုသို့ပြောရင်း သူ အသက် ၄၅ နှစ် အရွယ်တွင် ပြိုင်ပွဲတခုကဲ့သို့ တိုက်ပွဲဝင်ခဲ့ရသည့် အဖြစ်အပျက်ကို သတိရသွား သည်။ ရင်သားကင်ဆာ ဝေဒနာ ခံစားနေရချိန်တွင် အခြားသူများ ကဲ့သို့ပင် အဝီစိထိ ရောက်အောင် စိတ်ဓာတ်ကျခဲ့ပြီး ဆေးကုသမှု ခံယူချင်စိတ်လည်း ပျောက်ဆုံးခဲ့သည်။
သို့သော် သူငယ်ချင်းဖြစ်သူ၏ အားပေးမှုဖြင့် စိတ်ဓာတ်ခွန်အားများ ပြန်ရလာပြီး သူ့ရှိရင်းစွဲ သံမဏိစိတ်ဓာတ်ကို အ ကောင်းဆုံး အသုံးချခဲ့မှုကြောင့် ယနေ့အချိန်ထိ အသက်ရှင်ခွင့်ရနေခြင်း ဖြစ်သည်။ ထိုရောဂါ ခံစားနေရချိန်က သူ နည်းပြ လုပ်နေပြီ ဖြစ်သည်။
အောင်မြင်သည့် ကစားသမားဘဝဖြင့် ဖြတ်သန်းခဲ့သော်လည်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက နည်းပြ အဖြစ် ပြန်လည်ခေါ်ယူခြင်းမရှိ၊ အသိအမှတ်ပြုခြင်း မရှိခဲ့သည့် အတွက် လယ်/ဆည် ၌ ရုံးအလုပ်ဝင်လုပ်ရင်း ယင်း ဌာန ၏ အားကစားအသင်း၌ အုပ်ချုပ်သူအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ဒိုင်း ၁၇ ဒိုင်း ရအောင် တာဝန်ယူပေးခဲ့သည်။
နည်းပြဘဝဖြင့် ၂၀၁၂ မှ ၂၀၁၈ သြဂုတ်က ကျင်းပခဲ့ပြီးသော ဆီးဂိမ်း အားကစားပြိုင်ပွဲထိ ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၁၁ ခု ရအောင် သူ တာဝန်ကျေပွန်ခဲ့သည်။
ယင်းကဲ့သို့ တာဝန် ကျေပွန်ရုံသာမက တပည့်များအပေါ်တွင်လည်း လေ့ကျင့်ရေး၊ ကစားသမား တယောက်တွင် ရှိရ မည့် ကစားသမား စိတ်ဓာတ်၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးမှုကအစ မိသားစုအရေး၊ လူမှုရေးကိစ္စအဆုံး တတ်နိုင်သမျှ ကူညီဖြေ ရှင်းပေး၊ အကြံပေးတတ်လေ့ ရှိသည်ဟု လယ်/ဆည်မှ သူ၏တပည့်များက ပြောပြသည်။
သူကတော့ ရရှိထားသည့် ဆုတံဆိပ်များထဲမှ ရွှေတံဆိပ် ၁၅ ခုကို နေပြည်တော် အားကစားပြတိုက်ကို လှူထားပြီး နောက် ထပ် ဆုတံဆိပ်များလည်းလှူရန် စဉ်းစားထားကြောင်း၊ ယခင်က ဆုတံဆိပ်များကို ခုန်မင်ခဲ့သော်လည်း အိမ်မှာ ထားရာ၌ မိသားစုတစုသာ ကြည့်ရမည်ဖြစ်ပြီး ပြတိုက်မှာဆိုလျှင် သူ့ကို အားကျအတုယူချင်သည့် ကစားသမား များ ပေါ်ထွက်လာနိုင်သည်ဟု မျှော်လင့်ပြီး လှူဒါန်းထားသည်။
တဖြည်းဖြည်း ဆုတ်ယုတ်လာသည့် မြန်မာ့ပြေးခုန်ပစ် အားကစားအတွက် အားမလိုအားမရ ဖြစ်မိပြီး အလွန် စိတ် မကောင်းဖြစ်ရကြောင်း၊ ပြန်လည်အောင်မြင်မှုရရန် ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသည်ဟု ဆိုသည်။
ယခင်က အရှေ့တောင်အာရှသို့ သွားရောက်ယှဉ်ပြိုင်ပါက မြန်မာကရရှိသည့် ဆုတံဆိပ်ထက်ဝက်သည် ပြေးခုန်ပစ်က ယူပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနောက်ဆုံး ဆီးဂိမ်းပြိုင်ပွဲတွင် ပြေးခုန်ပစ်က ကြေးတံဆိပ်တခုသာ ရရှိခြင်းကို ကြည့် လျှင် မြန်မာ့ ပြေးခုန်ပစ် အားကစား အဆင့်အတန်း ဆုတ်ယုတ်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြောင်း သူက ရှင်းပြသည်။
“ပံ့ပိုးမှုလည်း လိုတယ်။ စည်းရုံးမှုကလည်း လိုတယ်။ ဆရာမတို့က နယ်ပတ်ပြီး ကစားသမားကောင်းကို လိုက်ရှာပြီး မွေး ထုတ်မှ ပြန်အောင်မြင်နိုင်မယ်လို့ မြင်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမှ အောင်မြင်မယ်လို့ ထင်တယ်။ အာရှ ပြိုင်ပွဲတောင် မဝင်နိုင်ဘူးဆိုတော့ ဘယ်လောက်ရင်နာဖို့ကောင်းလဲ။ စိတ်ထဲလည်း မကောင်းဘူး”ဟု ဆိုသည်။
သူ့အနေဖြင့် နိုင်ငံခြားနည်းပြများထက် မြန်မာနည်းပြများကို အသုံးပြုစေချင်သည်၊ နိုင်ငံခြားနည်းပြများကို ခေါ်ယူမည် ဆို လျှင်လည်း ၎င်းတို့၏အရည်အချင်းနှင့် နောက်ကြောင်းများကို လိုက်သင့်ကြောင်း၊ နိုင်ငံခြားကို အားမကိုးစေချင် ကြောင်း သူက ပွင့်လင်းစွာ ပြောဆိုသည်။
“ဆရာမတို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒါတွေကြောင့် ကိုယ်တိုင်လည်း ရွှေရခဲ့တယ်။ ကစားသမားတွေ ကို လည်း ရအောင်လုပ်ပေးနိုင်ခဲ့တယ်။ ဒါကို လူကြီးတွေ မြင်စေချင်တယ်။ မြန်မာနည်းပြတွေကို ယုံကြည်စွာနဲ့ နည်းပြ လုပ်ခွင့် ပြုပါ။ မြန်မာမှာ ပညာရှင်တွေ အများကြီးရှိပါတယ်။ ပြန်အောင်မြင်အောင် လုပ်ပေးနိုင်ပါတယ်”ဟု သူက ဆို သည်။
‘ကြိုးစားရင် မဖြစ်နိုင်တာ မရှိ၊ မဖြစ်သေးတာဘဲ ရှိတယ်၊ ဖြစ်အောင်လုပ်ရင် ဖြစ်ကိုဖြစ်တယ်’ဟူသော ခံယူချက်ရှိ သည့် သူ့အတွက် လက်ရှိ ကစားသမားများကို ကြိုးစားစေချင်ကြောင်း၊ နည်းပြ၏ လမ်းညွှန်မှုဖြင့် နည်းစနစ်ကျကျ လေ့ကျင့်မှု မှန် မှန်လုပ်စေချင်ကြောင်း၊ ချန်ပီယံတယောက် ဖြစ်ချင်ပါက စည်းကမ်းသည်သာ အဓိက ဖြစ်ကြောင်း သူက ပြောပြသည်။
ကစားသမားဘဝတွင် နာမည်ပျက် မရှိခဲ့ဘူးသော သူ့အတွက် ယခုအချိန်ထိလည်း‘ခင်ခင်ထွေး’ဆိုသည့် နာမည် တလုံး ကို တည်မြဲအောင်နေသည်။ ထို့အတူ နည်းပြဘဝတွင်လည်း နာမည်ပျက်မရှိအောင် ကြိုးစားသည်။ စံချိန်တွေ ကျိုး အောင် ချိုးနိုင်ခဲ့ခြင်းက အများတကာထက် ထူးချင်၍ အရူးအမူး လေ့ကျင့်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
တချိန်က ဆီးဂိမ်းပြိုင်ပွဲများတွင် မီတာ ၄၀၀ ကို ၅၇ စက္ကန့်ဖြင့် အကောင်းဆုံး ပြေးနိုင်ခဲ့သော်လည်း ယခုဆိုလျှင် ၂ မိနစ် ၃၀ စက္ကန့်သာ ပြေးနိုင်တော့သည့် ရွှေတံဆိပ်ဆုများရှင် ဒေါ်ခင်ခင်ထွေးက အခါအခွင့်သင့်လျှင် သူ့ကဲ့သို့ ချန်ပီယံ များ မွေးထုတ် ပေးချင်သေးသည်။
သူက“ဆရာမလို လူမျိုးကို အပင်ပန်းခံပြီး မွေးထုတ်ပေးချင်တယ်။ ကစားသမား မွေးထုတ်လိုက်လို့ ခင်ခင်ထွေး တပည့် ဆို တော်ပြီ။ လုပ်ပေးချင်တယ်”ဟု စိတ်အားထက်သန်စွာ ပြောသည်။
လက်ရှိ ပြေးခုန်ပစ်အဖွဲ့ထဲတွင် ပြောင်းလဲမှု တစုံတရာ ဖြစ်သွားသည့်အခါ သူ့ကို နည်းပြလုပ်ရန် ကမ်းလှမ်းမည်ဆိုပါက သူ့ဘက်က လုပ်ပေးရန် အမြဲ အဆင်သင့် ရှိသည်ဟုလည်း ပြောဆိုပါသည်။ ။