Women & Gender

ကာမလိမ်လည်မှုဆိုတာ

Want create site? Find Free WordPress Themes and plugins.

ပရဟိတလုပ်ဆောင်တဲ့ မင်းသားတဦးကို အလှမယ်တဦးက တရားစွဲဆိုလိုက်တဲ့သတင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟိုးလေးတကျော်ဖြစ်ပြီးနောက်ပိုင်းမှာ ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့ လက်နက်တခုဖြစ်နေသလားဆိုပြီး ပုရိဿအမျိုးသားအများစုရဲ့ စိုးရိမ်မှုတွေ ရှိသလို ဝေဖန်မှုတွေလည်း မြှင့်တက်နေပါတယ်။

ဒီနေ့ခေတ်လို ရုပ်ခန္ဓာထက် တွေးခေါ်မှုတွေကို ဦးစားပေးလာတဲ့ ခေတ်ကြီးထဲမှာ အမျိုးသားနဲ့ အမျိုးသမီး လက်မထပ်ပဲ အတူနေထိုင်မှုတွေ ပေါများလာပြီး ကာမလိမ်လည်မှုဥပဒေက အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။

နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်မှာ အလိုတူအလိုပါ ရှိနေခဲ့ကြပြီးမှ စိတ်အခန့်မသင့်လို့ ဒီပုဒ်မနဲ့ စွပ်စွဲလာခဲ့ရင် အမျိုးသားတွေအတွက် တရားပါ့မလားဆိုတာမျိုး ပြောနေကြတာတွေ ရှိပါတယ်။

“ကာမလိမ်လည်မှုဥပဒေ”ဆိုတာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးကို အများကြီးအလေးပေးပါတယ် ဆိုတဲ့ အနောက်နိုင်ငံတွေမှာတောင် မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံလိုမျိုး ပုံစံခွက် အစွဲအလမ်းကြီးမားတဲ့ လူမှုအဖွဲ့အစည်းရဲ့ အနေအထားအရတော့ “သူ့ အရပ်နဲ့ သူ့ဇာတ်”မို့ ထိုက်တန်တဲ့ ဥပဒေလို့ ပြောရမယ်ထင်ပါတယ်။

ဘာလို့ဒီလိုပြောရသလဲဆိုတဲ့ အဓိကအကြောင်းအရင်းက ၁ ချက်ပဲရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံ မှာ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီးနဲ့ အမျိုးသားအပေါ်ခွဲခြားပြီး စံသတ်မှတ်ထားတဲ့ ပုံစံခွက် အတွေး အမြင်နဲ့ လက်ခံကျင့်သုံးမှုတွေ ကြီးစိုးနေဆဲမို့ပါပဲ။

ထင်ရှားတဲ့ ဥပမာတခုဆိုရင် “ယောက်ျားကောင်း မောင်းမတထောင်” ဆိုပြီးတင်စားချိန်မှာ “မိန်းမကောင်း ပန်းတပွင့်ပန်” ဆိုပြီး အမျိုးသမီးတွေကိုတော့ ဘောင်ခတ်ထားပါတယ်။ ဒီလိုအယူအဆကနေ ပြဿနာ တွေက စလာတာပါပဲ။

“ယောက်ျားလေးပဲ ဒီလောက်တော့ရှိမှာပေါ့” ဆိုတဲ့အယူအဆက ဘယ်အတိုင်းအတာထိ တွန်းပို့ခဲ့သလဲ ဆိုရင် လူပျိုတွေ မဆိုထားနဲ့၊ အိမ်ထောင်သည် အမျိုးသားဖြစ်ရင်တောင်မှ စိတ်ဆန္ဒအရ တခြားအမျိုးသမီး တွေနဲ့ သာယာမှုရှာတာကိုတောင် ဒါဟာ သူတို့ရဲ့ စိတ်အပန်းဖြေမှုတခုဆိုပြီး နားလည်ပေးနိုင်ကြတဲ့အထိ ပါပဲ။

ကာမလိမ်လည်မှုနဲ့ တရားစွဲခံရတဲ့ ပရဟိတမင်းသားရဲ့ အင်တာဗျူးတွေကို လေ့လာကြည့်ရင် “အိမ်ထောင်သည်တွေတောင် မှားနေကြသေးတာပဲ။ ကျနော် အိမ်ထောင်မရှိဘူးလေ။ လူလွတ်လေ။ ဘာပဲဖြစ်ဖြစ် ခလုတ်တိုက်မိလို့ ဖြစ်ဖြစ် ဘာအကြောင်းအရာနဲ့ပဲဖြစ်ဖြစ် ပတ်သက်မိသွားတယ်” ဆိုပြီး ဘာမှမထူးဆန်းတဲ့ သာမန်အဖြစ်အပျက်တခုလို ရွှင်ရွှင်လန်းလန်းမျက်နှာပေးနဲ့ ရပ်သိရွာသိ၊ တနိုင်ငံလုံးသိအောင် ဖြေကြားခဲ့ တာတွေ့ရပါမယ်။

ဒါကို သူ့အပြစ်လို့ သူက မယူဆပါဘူး။ ဒါကိုလည်း သူအဲဒီလိုပြောနိုင်အောင်၊ ပြောခွင့်ရအောင် ဒီလူ့ အသိုင်းအဝိုင်းကပဲ ပြုစုပျိုးထောင်ပေးခဲ့တာလို့ သတ်မှတ်ရမှာပါ။ “ယောက်ျားပဲကွာ.. ဒီလောက်တော့ ရှိမှာပေါ့” ဆိုတဲ့ လူတွေရဲ့အမြင်တွေကသာ ဒီလိုအမှုတွေရဲ့ “တရားခံ”လို့ ဆိုနိုင်ပါတယ်။

တချိန်တည်းမှာ လိင်မှုကိစ္စဆိုတာ အမျိုးသမီးတွေအတွက်တော့ ကိုယ်တကယ်လက်ထပ်မယ့် ယောက်ျား နဲ့သာ ဖြစ်ရမယ်၊ တရားဝင်လက်မထပ်ထားဘဲ ကျူးကျူးလွန်လွန်ဖြစ်မိခဲ့ရင် သိက္ခာမဲ့တဲ့၊ ကိုယ်ကျင့်တရား မကောင်းတဲ့မိန်းမ၊ အရှက်မရှိတဲ့မိန်းမ၊ ကိုယ်ဖြစ်ကိုယ်ခံ၊ ယောက်ျားဖက်က လိမ်လည်ဖြားယောင်းသွား ရင်လည်း ကိုယ်အနေအထိုင်မတတ်လို့၊ ဖြစ်လာသမျှ မကောင်းတာတွေ အကုန်လုံးဟာ ကိုယ့်ကြောင့် ဆိုတဲ့ ဝေဖန်မှုတွေအောက်မှာ ပြားပြားဝပ်နေအောင်ဖိထားတဲ့ သတ်မှတ်ချက်တွေက မျက်လုံးပေါင်း တထောင်၊ လက်ညှိုးပေါင်းတသိန်းပါ။ အိမ်ထောင်သည်အမျိုးသမီးဆိုရင်လည်း ခြံခုန်တဲ့ခင်ပွန်းသည်က အပြစ်မရှိဘဲ “သူ့မိန်းမမှ အပြုအစု မကောင်းတာ၊ ဖြစ်မှာပေါ့”ဆိုတဲ့ အပြစ်တင်မှုကို အဆစ်ပိုရပါသေး တယ်။

ဥပမာအဖြစ် ပရဟိတ ရုပ်ရှင်မင်းသားအမှုမှာ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်မင်းသမီးကြီးတွေ ဖြေကြားတဲ့ အင်တာဗျူးတွေကို ကြည့်ရင် မြင်နိုင်ပါတယ်။

“အရာရာ မိန်းမအပေါ် မူတည်တာပါပဲ။ အစောကြီးကတည်း ဒီလိုမဖြစ်ချင်ရင် မနေခဲ့နဲ့လေ။ အဲဒီလိုသာ မနေခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမယ်ဆိုရင် ဒီလိုကိစ္စတွေက ဖြစ်လာစရာအကြောင်းမရှိပါဘူး” ဆို ပြီး အကယ်ဒမီများရှင် နိုင်ငံကျော်မင်းသမီးကြီးတဦးကိုယ်တိုင် ပြောသွားခဲ့ပါတယ်။ ဒါက အလှမယ်နဲ့ ပရဟိတမင်းသား ဘယ်သူမှန်သလဲဆိုတာ သေချာမသိတဲ့အချိန်မှာ ပြောသွားတဲ့စကားပါ။

ဒါကြောင့် ကာမလိမ်လည်မှုနဲ့ပတ်သက်ပြီး တရားလိုအဖြစ် အမျိုးသမီးတွေကို အများဆုံးတွေ့နေရတာက လည်း ဒီလိုဓလေ့တွေ ဒီလိုအမြင်တွေကြောင့်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

တဖက်မှာလည်း အရိုးစွဲနေတဲ့ ဓလေ့ထုံးတမ်းနဲ့ စံနှုန်းသတ်မှတ်ချက်တွေကြောင့် အရှက်ကို အသက်နဲ့ လဲခဲ့တဲ့ အမျိုးသမီးတွေ၊ Single Mother ဂေဟာတွေ၊ အမျိုး သမီးကာကွယ်စောင့်ရှောက်ရေးစင်တာတွေ၊ တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေနဲ့ ဖခင်မဲ့ကလေး စွန့်ပစ် မှုတွေ၊ မိန်းမကြီးရှိရက်နဲ့ လူပျိုဟန်ဆောင်ပြီး တမျိုးလုံးတဆွေလုံး တရပ်ကွက်လုံးကို ပိပိရိရိ လိမ်လည် လှည့်ဖျားခဲ့ပြီးမှ လက်ထပ်ပွဲမှာ မယားကြီးလိုက်လာလို့ ပွဲပျက်ခဲ့ရတဲ့ သာဓကတွေ အပါအဝင် လက်တွေ့ ဘဝအခြေအနေပေါင်းများစွာကလည်း ကာမလိမ်လည်ယူတဲ့၊ အကျင့်ပျက်အမျိုးသားတွေ တကယ်ရှိနေ တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒါကြောင့် ဒီလိုလက်တွေ့အခြေအနေတွေအောက်မှာ ရှိနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသားဆိုရင် တမျိုး၊ အမျိုးသမီးဆိုရင်တပုံစံ တွေးမြင်ထားပြီး လိင်မှုအပေါ် မတူညီတဲ့ အယူအဆ၊ စံသတ်မှတ်မှုတွေ လည်း ရှိနေတဲ့အတွက် ဒီအခြေအနေနှစ်ခုကို ထိန်းညှိပေးဖို့ “ကာမလိမ်လည်မှုဆိုတဲ့ပုဒ်မ”နဲ့ တရားစွဲဆို နိုင်ခွင့်ရှိနေတာပါလို့ပြောရင် မှားမယ် မထင်ပါဘူး။ အမျိုးသားတွေဖက်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ တစုံတခုများ လွဲချော်ခဲ့ရင် အမျိုးသမီး တွေရင်ဆိုင်ရမယ့် လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုအတွက် တရားမျှတမှုရှာဖို့ “ကာမလိမ်လည်မှု ဥပဒေ” ဆိုတာ လမ်းကြောင်းတခုလို့ ပြောလို့ရပါတယ်။

အရင်ကတော့ ကာမလိမ်လည်မှုမြောက်ကြောင်း ပွင့်ပွင့်လင်းလင်းတိုင်ကြားရဲတဲ့အမျိုးသမီးတွေ မရှိသလောက် နည်းပါးခဲ့တာမို့ သိပ်အလေးမထားခဲ့ကြပေမယ့် အခုလို ပြောင်းလဲလာတဲ့ခေတ်ကြီးမှာတော့ ဒီဥပဒေက ပြဿနာတွေ စတွေ့လာပါပြီ။

ဒီနေ့ခေတ်မှာ လိင်မှုကိစ္စနဲ့ပတ်သက်ရင် အရိုးစွဲနေတဲ့ ဓလေ့ထုံးတမ်း စံနှုန်းသတ်မှတ်ချက်တွေအောက်မှာ နေထိုင်တဲ့အမျိုးသမီးတွေရှိသလို ခေတ်ရှေ့ပြေးပြီး သွက်လက်ရဲတင်းတဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိလာပါတယ်။ ဥပမာ Single Mother ဂေဟာတွေ ပေါ် လာတာနဲ့ မိဘမဲ့ကလေးစောင့်ရှောက်ရေးစင်တာတွေ နေရာတိုင်းလိုလိုမှာ ရှိလာတာဟာ လိင်မှုကိစ္စကို ထမင်းစားရေသောက်သလို လွယ်လွယ်သဘောထားတဲ့ အမျိုးသမီးတွေ ရှိနေသလို ကိုယ့်တာဝန် ကိုယ် မယူနိုင်တဲ့ယောကျာ်းတွေကို ခန္ဓာကိုယ်ပုံပေးတဲ့အထိယုံခဲ့ပြီး အသိပညာနဲ့ အတွေးအမြင် မကျယ်သေးတဲ့ အလိမ်အညာခံ အမျိုးသမီးတွေလည်း ရှိနေတယ်ဆိုတာ သက်သေပြနေပါတယ်။

တချိန်တည်းမှာ လိင်မှုကိစ္စမှာ စည်းရှိတဲ့အမျိုးသားတွေရှိသလို စည်းမထားဘဲ အချောင်ရရင်ရသလို အခွင့် အလမ်း စောင့်နေတဲ့ အမျိုးသားတွေလည်း ရှိနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒီလိုအခြေအနေတွေကြောင့် ကာမလိမ်လည်မှုဆိုပြီး တက်လာရင် မပြောင်းလဲသေးတဲ့ ဓလေ့ထုံးတမ်း ယူဆချက်တွေကြောင့် တရားဥပဒေက ဗျာများရမယ့် အနေအထားဖြစ်လာပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တရားလိုအမျိုးသမီးက သူဖြစ်ပျက်တဲ့အတိုင်း မှန်မှန်ကန်ကန်ပြောရဲရင်တောင် “အမျိုးသမီးက ဒီလောက်တောင် ရဲတင်းတာ ဟုတ်ပါ့မလား” ဆိုတဲ့သံသယ၊ လုံလောက်တဲ့သက်သေတွေ ရှိခဲ့မယ်ဆိုရင်တောင် “အရင်ကတည်းက အသုံးချဖို့အတွက် ကြိုတင်ကြံစည်ထားလေသလား”ဆိုတဲ့ စတဲ့သံသယတွေဟာ ဥပဒေဘက်တော်သားတွေကိုပါ လွှမ်းမိုးသက်ရောက်နိုင်ပါတယ်။

အဲဒီလိုမဟုတ်ဘူးဆိုရင်လည်း ဒီလိုအမှုတွေဟာ တရားဥပဒေရှေ့မှောက်ကို ဘယ်တော့မှ ရောက်မလာဘဲ ပျောက်ပျက်သွားမှာဖြစ်ပြီး အခုလို လူတွေအကြား အငြင်းပွားစရာတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။

တချိန်တည်းမှာ စွပ်စွဲခံအမျိုးသားဖက်ကကြည့်ရင် လိင်မှုကိစ္စရှိခဲ့တာမှန်ပေမယ့် လိမ်လည်လှည့်ဖျားခဲ့တာ ဟုတ်၊မဟုတ် ဆိုတာကတော့ ကာကယံရှင်ကလွဲပြီး အပြင်လူတွေ အလွယ်တကူ သိနိုင်မှာ မဟုတ်လို့ သူတို့တွေအတွက် ဖိအားကလည်း တမျိုးပါ။ “တဏှာရူး”ဆိုပြီး ရှုတ်ချခံရရင်ရ၊ အဲဒီလိုမဟုတ်ရင် “ယောက်ျားပဲ၊ ဒီလောက်တော့ ရှိမှာပေါ့” ဆိုပြီး တကယ့်တရားခံဖြစ်အောင် တွန်းပို့မယ့် အားပေးမှု အလွဲအမှားတွေပဲ လက်ခံရမယ့်အခြေအနေပါ။

အထူးသဖြင့် စဉ်းစားရမှာက လိင်မှုကိစ္စအတွေ့အကြုံတွေ အများကြီးရှိခဲ့တဲ့ အမျိုးသမီးကို သူ့ရဲ့ အရင်တုန်း က အဖြစ်အပျက်တွေအပေါ်မူတည်ပြီး “ဒါကတော့ အသုံးချတာပဲ” လို့ တရားသေပြောလို့ မရသလို အရင်က အတွေ့အကြုံများခဲ့တဲ့အမျိုးသားကိုလည်း “ဒီတခါလည်းလိမ်တာပဲ” ဆိုပြီး တထစ်ချစွပ်စွဲလို့ မရပြန်ပါဘူး။

ဒီလိုအခြေအနေမှာ နောက်ကွယ်က အမှန်အမှားကို တိတိပပ ခန့်မှန်းနိုင်ဖို့ တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားလောက်နဲ့တော့ မတတ်စွမ်းနိုင်ဘူးလို့ ထင်မိပါတယ်။

ဥပမာ – မောင်သန်းဌေးနှင့် မပု(ခ)မသန်းရင်၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံးမှာ ၎င်းအမျိုးသားက ထိုမိန်းကလေးကို ကိုယ်လက်နှီးနှောနေပြီးမှ လက်ထပ်ရမည်၊ လက်မထပ်က ထောင်ချခံရမည်ဆိုပါက “အကျင့်စာရိတ္တ ပျက်ပြားသော မိန်းကလေးများ၏ မာယာကျော့ကွင်းသို့ ဆင်းသက်ရရှာသည့် ယောကျာ်း များအတွက် အခက်ကြုံဖွယ်ရာရှိချေမည်။ အကျင့်စာရိတ္တပျက်ပြားခြင်းကို အားပေးကူညီရာရောက်မည့် အတွေးအခေ ါ်ယူဆချက်မျိုးကို ရှောင်ရှားသင့်သည်” ဆိုပြီး ပါရှိတာကို ကြည့်ခြင်းအားဖြင့် ကာမလိမ် လည်မှုနဲ့ ပြစ်ဒဏ်ချခံရနိုင်ဖို့က တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအပေါ်လည်း မူတည်သေးတော့ တကယ် ကျူးလွန်တဲ့အမျိုးသားကို အပြစ်ပေးအရေးယူနိုင်ဖို့၊ ဒါမှမဟုတ် မကျူးလွန်ပဲ စွပ်စွဲခံရတဲ့ အမျိုးသားကို ကင်းလွတ်ခွင့် ပေးဖို့ဆိုတာ တခုမှ မသေချာပါဘူး။

ဒါကြောင့် ကျူးလွန်ခံရသူနဲ့ မတရားစွပ်စွဲခံရသူတွေအတွက် ဒီလိုဖြစ်လာပြီဆိုရင် တရားမျှတမှုရဖို့က မရေရာဘူးလို့ထောက်ပြချင်ပါတယ်။

ဒီလိုခေတ်၊ ဓလေ့တွေနဲ့ လူပေါင်းစုံ၊ အကျင့်စရိုက်ပေါင်းစုံ ရှိနေတဲ့လူ့အဖွဲ့အစည်းတခုမှာ ဒီဥပဒေဟာ အမျိုးသားတွေအတွက် တရားမျှတမှုရပါ့မလားဆိုတဲ့ မေးခွန်းဟာ တကယ်တမ်း အဖြေမရှိတာ သေချာပါတယ်။

ဒါပေမယ့်လည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်း ၂ ခုတော့ ရှိနေသေးတဲ့အကြောင်း တင်ပြချင်ပါတယ်။

နည်းလမ်း ၁ ကတော့ ကျူးလွန်ခံရသူအမျိုးသမီးတွေ အမြဲတမ်းရင်ဆိုင်နေရတဲ့ “ဒီလိုမဖြစ်ချင်ရင် အစ ကတည်းက အဲဒီလိုမနေနဲ့” ဆိုတဲ့ လူ့အသိုင်းအဝိုင်းရဲ့ တဖက်သတ်အမြင်နဲ့ သုံးသပ်ချက်တွေလိုပဲ အစွပ်စွဲခံ အမျိုးသားတွေကလည်း “ကျူးလွန်ချင်သူ အမျိုးသမီးတွေရဲ့ အသုံးချခံ မဖြစ်ချင်ရင် အစကတည်းက အဲဒီလိုမနေနဲ့” ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ဆုံးမသလို အချင်းချင်းပြန်ဆုံးမတဲ့ အလေ့အထကို ကျင့်သုံး ကြဖို့ပါ။

နည်းလမ်း ၂ အနေနဲ့ကတော့ ပိုပြီးခက်ခဲပေမယ့် လူ့အဖွဲ့အစည်းတခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ် ကောင်းတွေကို ပိုပြီးဦးတည်စေမယ်လို့ မျှော်လင့်ပါတယ်။ ဒါကတော့ ဒီလို အမျိုးသားတွေအတွက် အန္တရာယ်များတဲ့ “ကာမလိမ်လည်မှုဥပဒေ”ကို ပယ်ဖျက်နိုင်ဖို့ အမျိုးသမီးနဲ့ အမျိုးသားအကြား လိင်မှုကိစ္စ အပေါ် စံနှုန်းခွဲခြားသတ်မှတ်မှုအမြင်တွေကို အမျိုးသားတွေ ကိုယ်တိုင်ပါဝင်ပြီး အမြစ်ပြတ်တိုက်ထုတ် ကြဖို့ပဲ ဖြစ်ပါတယ်။

ခေတ်တွေသာ ပြောင်းလဲလာပေမယ့် အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းတွေ ပြောင်းလဲဖို့ဆိုတာ မလွယ် ကူပါဘူး။ နှစ်ပေါင်းများစွာ ယုံကြည်ကျင့်သုံးလာတဲ့ အသားကျနေတဲ့ ခွဲခြားသတ်မှတ်မှုတွေကို ပြောင်းလဲ ဖို့ဆိုတာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းပြီး အချိန်ယူရတာမျိုးပါ။

ဒီလို လိင်မှုအပေါ် စံနှုန်းခွဲခြားသတ်မှတ်မှုတွေ မပြောင်းလဲနိုင်သေးချိန်မှာတော့ အမျိုးသားတွေအနေနဲ့ အသုံးချခံတွေ မဖြစ်ချင်ရင်၊ အသုံးချလိုသူ အမျိုးသမီးတချို့ရဲ့ “ဂျင်း”မမိစေချင်ရင် အမျိုးကောင်းသား တွေအနေနဲ့ “ယောက်ျားပဲ ဒီလောက်တော့ရှိမှာပေါ့” ဆိုတဲ့ တလွဲအားပေးမှုတွေကို သာယာမနေပဲ ကိုယ်အရင်ထိန်းသိမ်းနိုင်ဖို့နဲ့ အခွင့်အရေးသမားတွေမဖြစ်အောင် ကြိုးစားကြဖို့ကတော့ အဓိက သတိထားဆင်ခြင်ရမှာ လက်တွေ့အကျဆုံးအဖြေဖြစ်ပါတယ်။ ။

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှစီစဉ်လုပ်ဆောင်သည့် HI (Honest Information) မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading