လွန်ခဲ့သည့် ၂၄ နှစ်ကျော်ကာလ ၁၉၉၅ ခုနှစ်ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်း တည်ထောင် ထားသည့် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)သည် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ ခွဲခြားဆက်ဆံမှုများနှင့် ဖိနှိပ်မှုများကို ဆန့်ကျင်ပြီး တရားမျှတမှု၊ တန်းတူရေး နှင့် လူ့အခွင့်အရေးတို့ကို မြှင့်တင်မှုများကို ယနေ့အထိ လုပ်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံ၌ အမျိုးသမီး အခွင့်အရေး ရရှိနေသည့် အခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အမျိုးသမီး ပါဝင်မှု စသည့် အခြေအနေအများအပေါ် မြန်မာ့အမျိုးသမီး သမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ မယဉ်မျိုးလှိုင်အား ဧရာဝတီ သတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ BWU အနေနဲ့ အမျိုးသမီးရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ ကျမတို့ BWU က ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ မြန်မာပြည်ထဲကို ဝင်ရောက်ခဲ့ပြီး ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးထုတွေနဲ့ စတင် အလုပ် လုပ်ခဲ့တယ်။ အောက်ခြေအဆင့်အမျိုးသမီးထုအားလုံး လူ့အခွင့် အရေးကို သိလာဖို့ပါ။ ရူထောင့်ပေါင်းစုံကနေ အမျိုးသမီးတွေအပေါ် ဘယ်လိုခွဲခြားဆက်ဆံ ခံနေရသလဲ။ နိုင်ငံရေးအရ မှာလည်း အမျိုးသမီးတွေအပေါ် ဘယ်လိုတွေ ခွဲခြားဆက်ဆံခံနေရလဲဆိုတာတွေ သိလာအောင် ပြီးရင် သူတို့ ကိုယ်တိုင်ကလည်း ဒီလိုမျိုးအရာတွေက အမျိုးသမီးထုတွေကို ဖိနှိပ်ထားတဲ့ ခွဲခြားဆက်ဆံမှုတွေ သိလာပြီ ဆိုရင် သူတို့ကိုယ်တိုင် အပြောင်းအလဲမှာ ပါဝင်နိုင်မယ်ဆိုတဲ့နည်းလမ်းတွေနဲ့ BWU ကို လှုပ်ရှားနေတာ ဖြစ်တယ်။
မေး။ ။ လက်ရှိကရော ဘယ်နေရာတွေမှာ အလုပ်လုပ်နေပါသလဲရှင့်။
ဖြေ။ ။ လက်ရှိ နယ်မြေ ၇နေရာမှာ အလုပ်လုပ်နေတယ်။ အဓိကအားဖြင့် တိုင်းဒေသကြီးတွေကို ပိုရွေး ဖြစ်တယ်။ တိုင်းဆိုပေမယ့် တကယ့်ခေါင်တဲ့ ရွာတွေကို ဆင်းတယ်။ အဲဒီလို ခေါင်တဲ့ရွာတွေကို ရွေးရသလဲ ဆို တော့ တကယ့်အဖွဲ့အစည်းမရောက်တဲ့နေရာက အမျိုးသမီးတွေအတွက် ပိုပြီး လိုအပ်တယ်ဆိုတာ ကျမတို့ တွေ့ရတယ်။
မြို့ပေါ်က အမျိုးသမီးတွေကျတော့ အမျိုးသမီးအခွင့်အရေးနဲ့ နီးစပ်မှုရှိပေမယ့် နယ်က အမျိုး သမီးတွေကျတော့ ခွဲခြားဆက်ဆံခံရမှုနဲ့ပတ်သက်ပြီး မသိတာများတယ်။ အဲဒီလိုနယ်တွေကို ရွေးချယ် ပြီးတော့ အသိပညာပေးတဲ့လုပ်ငန်းတွေ၊ ဟောပြောပွဲတွေနဲ့ လှုပ်ရှားမှုတွေလုပ်တယ်။
မေး ။ ။ ၂၄နှစ်အတွင်းမှာ အမျိုးသမီးအရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာထိ လုပ်ဆောင်ခဲ့ပြီးပြီလဲ သိချင်ပါတယ်။
ဖြေ ။ ။ အောင်မြင်မှုတွေ ချက်ခြင်းမြင်တာမျိုး အလုပ်ကတော့ ပြောဖို့ခက်တယ်။ ကျမတို့ရေရှည်မှာ ပြောင်းလဲပေးနိုင်မယ့် အနေအထားအများကြီးရှိတယ်။ ရေတိုမှာကတော့ ခွဲခြားဆက်ဆံခံရမှုတွေဆိုတာမျိုးကို ကျမတို့ ဖွဲ့စည်းထားတဲ့ Honest Information (HI ) သတင်းဝက်ဘ်ဆိုက်ကနေ ပြည်သူလူထုသိအောင် အလုပ်လုပ်ပေးနိုင်တာရှိခဲ့တယ်။
ဥပမာဆိုရင် ဧရာဝတီတိုင်းဘက်မှာ ဖြစ်ခဲ့တဲ့ ဘုန်းကြီးကနေ အမျိုးသမီးငယ်ကို မုဒိမ်းကျင့်တဲ့ကိစ္စ။ အဲဒီကိစ္စက ဘုန်းကြီးနဲ့ ပတ်သက်နေတော့ တော်တော်များများက ကြောက်ကြတယ်။ အဲဒါကို BWU အနေနဲ့ တရားရေး ပိုင်းရောက်အောင် ဆွဲခေါ်နိုင်ခဲ့တယ်။ မီဒီယာမှာရေးသားဖော်ထုတ်ခဲ့တယ်။ ကျမတို့နဲ့ အတူ ပူးပေါင်းလုပ် တာက အခရာအမျိုးသမီးအဖွဲ့က ဖြစ်တယ်။ တရားခံက ထောင်ဒဏ်နှစ် ၂၀ ကျခဲ့တယ်။ တရားမျှတမှုတွေကို တဖက်တလမ်းက လုပ်ပေးနိုင်ခဲ့တယ်။
ခွဲခြားဆက်ဆံခံရမှုနဲ့ပတ်သက်တာဆိုရင် ကျမတို့က စည်းရုံးရေးဆင်းတယ်။ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျမ statement ထုတ်ပြီးရေးသားတယ်။ နောက်ပြီး သတင်းတင် တယ်။ စည်းရုံးရေး ကတော့ ကျမတို့ကလုပ်တာမဟုတ်ဘဲ အလုပ်သမားထုတွေကို သူတို့ တွေ့ကြုံရတဲ့အခက်အခ ဲတွေကို လွှတ်တော်အမတ်တွေနဲ့ တွေ့ပြီးတော့ ဆွေးနွေးတာမျိုး၊ ဟောပြောစည်းရုံးတာမျိုး ပြီးရင် သံရုံးတွေကို အလုပ်သမားလူကြီးတွေ ခေါ်သွားပြီး စည်းရုံးလှုံ့ဆော်ရေးတွေရအောင် ကျမတို့က ဖန်တီး ပေးနိုင်ခဲ့တယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ အခွင့်အရေး ရရှိမှုက ဘယ်လောက်အတိုင်းအတာ ထိရရှိနေပြီလို့သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ လက်ရှိမြန်မာနိုင်ငံမှာတော့ အမျိုးသမီးအခွင့်အရေးက ဘယ်လောက်ရနေပြီလဲဆိုတာ တိုင်းတာ ပြရရင် ခက်တော့ခက်တယ်။ ကျမတို့ လိုချင်တဲ့အတိုင်းအတာတော့မရသေးဘူး။ ရာခိုင်နှုန်းအရ ပြောရင်တော့ နည်းနည်းလေး ထိုးဖောက်နိုင်တဲ့အနေအထားပဲရှိသေးတယ်။ အရေအတွက်အရဆိုရင် အမျိုးသမီးပါဝင်မှုက ရှိကောင်းရှိလိမ့်မယ်။ လွှတ်တော်ထဲမှာလည်း အမျိုးသမီးများလာတယ်။ဒါပေမယ့် ကျမတို့ အမျိုးသမီးတွေ ပါဝင်မှုကို ပြောတာက အရေအတွက်ထက်စာရင် တကယ့်အမျိုးသမီးတွေ အရေအတွက်ရော၊အရည်အချင်းပါ ပြည့်မီတာကို ဆိုလိုတာဖြစ်တယ်။
အခုပြောနေတာက အမျိုးသမီးတွေက အရေအတွက်အရ ကျမတို့ ပြောတဲ့ ၃၀ ရာခိုင်နှုန်းပြည့်မီတယ်။ တကယ့်အမျိုးသမီးတွေလိုအပ်ချက်ကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်မယ့် အမျိုးသမီးခေါင်းဆောင်တွေ လိုအပ်နေပါသေးတယ်။ အောက်ခြေထုမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက် အသံတွေကို နားထောင် ပေးမယ့် ခေါင်းဆောင်တွေ အများကြီးလိုအပ်နေသေးတယ်ဆိုတာ ကျမတို့ သုံးသပ်မိတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေး အနေအထားကတော့ ရတော့ရတယ်။ ဒါပေမယ့် နည်းသေးတယ်။ ဒီထက်မက အလုပ် တွေ အများကြီးလုပ်ရဦးမယ့်အနေအထားရှိတယ်။
မေး ။ ။ အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းမှာ ပါဝင်ဖို့အတွက် အဟန့်အတားက ဘာတွေရှိလဲ။
ဖြေ ။ ။ အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းရဖို့ အဟန့်အတားက ရိုးရာဓလေ့ ရှိတယ်။နိုင်ငံရေး၊ စီးပွားရေးအရ၊ လူမူရေး အရ ရူထောင့်ပေါင်းစုံကနေ အဟန့်အတားရှိတယ်။ ဥပမာ အမျိုးသမီးတယောက်က သူခေါင်းဆောင် ပိုင်းမှာ နေရာရနိုင်တယ်။ ဒါပေမယ့် သူ့အိမ်မှာ စီးပွားရေးအဆင်မပြေဖြစ်နေတယ်ဆိုရင် ခေါင်းဆောင်းပိုင်းရဖို့ အတွက်က အင်မတန် ခက်တယ်။လူမူရေးမှာလည်း သူ့အသိုင်းအဝိုင်းမှာ အမျိုးသမီးခေါင်းဆောင်ပိုင်းကို လက်မခံနိုင်ဘူးဆိုရင် ဒီအမျိုးသမီး ခေါင်းဆောင်ပိုင်းမှာရဖို့အတွက် အဟန့်အတားလိုဖြစ်နေတယ်။
ရိုးရာဓလေ့မှာလည်း အမျိုးသမီးဆိုရင် ခေါင်းဆောင်မလုပ်ရဘူး။ အမျိုးသမီးဆိုရင် အိမ်ထဲမှာပဲ နေရမယ်။ တချို့စကားပုံတွေဆိုရင်လည်း ရှေးရိုးစွဲအယူအဆတွေက ကျမတို့အတွက် အဟန့်အတား ပိုဖြစ် စေတယ်။
နိုင်ငံရေးမှာဆိုရင်လည်း အမျိုးသမီးတွေကို နေရာပေးဖို့ ပိုပြီးခက်ခဲတယ်။ ကျမတို့အမျိုးသမီးတွေ ပါရင် ဖြစ်နိုင်ပါ့မလားဆိုတဲ့ ယုံကြည်မှုနည်းတာတွေ၊ နောက်အမျိုးသမီးတွေကိုယ်တိုင်က ယုံကြည်မှုနည်းတာ ကိုလည်း တွေ့ရတယ်။ နှစ်ဘက်မျှပြီးကြည့်မယ်ဆိုရင် တဖက်ကလည်း ခေါင်းဆောင်မှုနေရာပေးဖို့ အားနည်း သလို တဖက် ကလည်း ယုံကြည်မှုအားနည်းနေတယ်။
ယုံကြည်မှုအားနည်းတယ်ဆိုတာကလည်း ကျမတို့ အမျိုး သမီးတွေက တောက်လျှောက်ဖိနှိပ်ခံ ခဲ့ရတယ်။ ခွဲခြားဆက်ဆံခံရတဲ့ဘဝမှာနေခဲ့ရတဲ့အတွက် ကိုယ်လုပ် တယ် ဆိုရင် ဖြစ်ပါ့မလားဆိုတဲ့ အတွေး တွေက ကျမတို့အမျိုးသမီးတွေမှာရှိနေတယ်။ တကယ်တော့ ကျမတို့ကို လက်တွဲခေါ်ယူမယ့်သူမရှိရင်လည်း အမျိုးသမီးတွေ ခေါင်းဆောင်ဖို့ နေရာကိုရောက်လာဖို့က ခဲယဉ်းနေမှာ ဖြစ်တယ်။
မေး ။ ။ ငြိမ်းချမ်းရေးမှာ အမျိုးသမီးပါဝင်မှုအတွက် ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ အဓိကက ငြိမ်းချမ်ရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်မှုကို ဒီထက်ပိုပြီးတော့မှ လုပ်စေချင်တယ်။ ဒီထက်ပိုပြီးတော့မှ ပါဝင်အောင် အခွင့်အလမ်းပေးစေချင်တယ်။ ပြောချင်တာက နည်းပညာပိုင်းအရပဲဖြစ်ဖြစ် ၊ ဘယ်လိုမျိုးနေရာမျိုးမှာဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ လိုအပ်နေတဲ့နေရာတိုင်းမှာ အမျိုးသမီးတွေရဲ့ စွမ်းအင် တွေ ခေါ်သုံးဖို့ ပြောချင်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တဖက်မှာ စစ်ပွဲတွေဖြစ်နေတယ်။ အဲဒါကိုလည်း BWU အနေနဲ့ ပြောချင်တာက စစ်ပွဲတွေရပ်ပေးပါ။စစ်ပွဲတွေဖြစ်တဲ့နေရာမှာလည်း အများစုခံနေရတာက အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့ စစ်ပွဲတွေအမြန်ဆုံးရပ်ပေးဖို့ ပြောချင်တယ်။
ကျမတို့ ကြည့်လိုက်ရင် မူအရတော့ အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးတာတွေ့ရတယ်။ ဒါပေမယ့် ကျမ တို့ သေချာဆန်းစစ်ကြည့်ရင် လိုအပ်နေတာတွေတွေ့ရတယ်။ တချို့အပိုင်းတွေက အကန့်အသတ်တွေ ရှိတယ် ဆိုတော့ အမျိုးသမီးတွေ ဒီထက်မကပိုပြီး ကြိုးစားရမယ်။ ဒီလိုနေရာမျိုးရဖို့ ဒီထက်မက လုပ်ရဦးမယ် ဆိုတာ တွေ့ရတယ်။
မေး ။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါရှင့်။
ဖြေ ။ ။ ကျမတို့အမျိုးသမီးတွေက ခေါင်းဆောင်မှုအပိုင်းမှာ အားနည်းတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အားနည်းနေသေးတယ်။ နိုင်ငံရေးဆိုတာကလည်း အမျိုးသမီးတွေနဲ့ မစိမ်းပါဘူး။ အဲဒါကြောင့် ကျမတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ခွဲခြားဆက်ဆံမှုတွေကို နှုတ်ဆိတ်မနေပဲ များများပြောပါ လို့ ကျမတို့အားပေးချင်တယ်။ ဒါမှသာလျှင် အသံများများကြားမှ လုပ်ပေးမယ့်သူက လုပ်ပေးချင်မှာပါ။ ဒါကြောင့် ကျမတို့ရဲ့လိုအပ်ချက်ကို များများပြောပေးမှ လိုချင်တဲ့ပန်းတိုင်ကိုရောက်မယ်လို့ ပြောချင်ပါတယ်။