မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကွင်းရပ် ကျောက်မီးသွေးရုံ လမ်းရှိ GALAXY Spa နှင့် ဆံသဆိုင် ပိုင်ရှင်ဆိုသူက ၎င်းဆိုင်မှ အလုပ်သမားကို လိင်တူချင်း အလိုမတူ အဓမ္မ ပြုကျင့်သည်ဟု ဇန်နဝါရီ ၇ ရက်က ရဲစခန်းသို့ တိုင်ကြားလာသဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း မုပွန် နယ်မြေ စခန်းမှူး ဒုရဲမှူးသန့်ဇင်က ဧရာဝတီသို့ ရှင်းပြသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်နေ အသက် ၃၀ နှစ်အရွယ်ရှိ တရားလိုဖြစ်သူမှာ Glaxy Spa ဆိုင်ပိုင်ရှင် အောင်ဖြိုးပိုင် (ခ) ပိုင်ပိုင် (ခ) ဥက္ကာငြိမ်းချမ်းနှင့် လူမှုကွန်ရက်မှ တဆင့် အဆက်အသွယ်ရရှိခဲ့ကာ မော်လမြိုင်ရှိ ၎င်းအလုပ်လုပ်ရမည့် Glaxy Spa ဆိုင်သို့ ဒီဇင်ဘာ ၂၀ ရက်နေ့က ရောက်ရှိခဲ့သည်။
ထို့သို့ ရောက်ရှိပြီးနောက် ဒီဇင်ဘာ ၂၁ ရက် နံနက် ၁ နာရီတွင် ဆိုင်ပိုင်ရှင်မှ အလိုမတူ အဓမ္မပြုကျင့်မှု တကြိမ်၊ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ နာရီတွင် ဒုတိယ အကြိမ် အဓမ္မ ပြုကျင့်ခဲ့သည်ဟု တရားလို က ဆိုသည်။
ထို့ပြင် ဇန်နဝါရီ ၄ ရက်ကလည်း ဆိုင်ရှိ အလုပ်သမားတဦးထွက်ပြေးသည့်ကိစ္စနှင့် ပတ်သက်၍ တရားလိုကို ထိုးကြိတ်ခဲ့သဖြင့် ၎င်းနေထိုင်ရာ ဇလွန်မြို့နယ်ရှိ တရွာတည်းနေ အသိ အမျိုးသမီးကို အကူအညီတောင်းခဲ့သည်ဟု သိရသည်။
အဆိုပါ အမျိုးသမီးက ကာယကံရှင် မိသားစုအား အသိပေးသဖြင့် ၎င်းတို့က မော်လမြိုင်မြို့တွင် နေထိုင်သည့် ဇလွန်မြို့နယ် ဒေသခံ တဦးထံ ထပ်မံ အကူအညီတောင်းခံခဲ့ကြောင်း အမှုဖွင့် တိုင်ကြားသူ၏ မိသားစုဝင်များက ဆိုသည်။
ထို့နောက်ဇန်နဝါရီ ၅ ရက်တွင် တရားလိုကို လှေကားပေါ်မှပြုတ်ကျသဖြင့်ဟုဆိုကာ မော်လမြိုင် ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ထားခဲ့ပြီးနောက်ဇန်နဝါရီ ၇ ရက်၌ မိသားစုဝင်များက တရားလိုကို ဆေးရုံမှ ခေါ်၍ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ယင်း ဆံသ ဆိုင်ရှင်ကို ရာဇသတ်ကြီး ဥပဒေမှ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှု ပုဒ်မ ၃၇၇ နှင့် မိမိ အလိုအလျောက် နာ ကျင်စေမှု အတွက် ပြစ်ဒဏ် ၃၂၃ တို့ဖြင့် အမှုဖွင့်ထားကြောင်း မုပွန် နယ်မြေ ရဲစခန်းထံက သိရသည်။
မွန်ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက GALAXY Spa နှင့် ဆံသဆိုင်တို့၌ တပ်ဆင်ထားသော CCTV မှတ်တမ်းကို သိမ်းဆည်းရန် အတွက် မုပွန်နယ်မြေ ရဲစခန်းမှ စခန်းမှူးကို အကြောင်းကြားထားကြောင်း သိရသည်။
ပုဒ်မ ၃၇၇ သည် ပြစ်မှု ထင်ရှားကြောင်း စီရင်ခံရလျှင် တသက်တကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၂၃ သည် ပြစ်မှုထင်ရှားကြောင်း စီရင်ခံရလျှင် ၁ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ၁ သိန်း ဒဏ်ငွေ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်း ထားသည်။