Women & Gender

မသန်စွမ်းအမျိုးသမီးတွေအရေး စွမ်းဆောင်နေတဲ့ မငယ်ငယ်အေးမောင်

Want create site? Find Free WordPress Themes and plugins.

လူ ၄၀၀ လောက်ဆံ့တဲ့ ခန်းမကြီးထဲမှာ အမျိုးသမီးများဖိုရမ်အတွက် လူတွေစုရုံးရောက်ရှိနေပါတယ်။ ရာနဲ့ချီတဲ့ အလွှာပေါင်းစုံက အမျိုးသမီးတွေ တက်ရောက်ကြတဲ့ ဒီလိုငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ ဖိုရမ်မှာ ထူးထူးခြားခြား ဘီးတပ်ကုလားထိုင်ခေါ် ဝီးချဲနဲ့တက်ရောက်တဲ့အမျိုးသမီးဆိုလို့ တဦးတည်းသာ ရှိပါတယ်။

သူကတော့ မသန်စွမ်းအမျိုးသမီးအဖွဲ့တည်ထောင်သူ မငယ်ငယ်အေးမောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက် တင်ဘာ (၁၉) ရက်နေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြုလုပ်တဲ့ အမျိုးသမီးများ ဖို ရမ်မှာ “တန်းတူညီမှအပေါ် သဘောထားအမြင်များ”ဆိုတဲ့ ခေါင်းစဉ်နဲ့ လာရောက်ဦးဆောင်ဆွေးနွေးဖို့ သူ့ကိုဖိတ်ခေါ်ထားခဲ့တာဖြစ်ပါတယ်။

ဖိုဝါဒကြီးစိုးတဲ့ယဉ်ကျေးမှု အမြစ်တွယ်ဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ခြေထောက်နှစ်ဖက်လုံး မသန်တဲ့ မငယ် ငယ်အေးမောင်အဖို့ ဒီလိုနေရာမျိုးမှာ အခြားအမျိုးသမီးတွေနည်းတူ တက်ရောက်နိုင်ဖို့ သူဖြတ်သန်းလာခဲ့ တဲ့ ခရီးလမ်းက မချောမွေ့ခဲ့ပါဘူး။

အသက်(၉)လအရွယ် ပိုလီယိုရောဂါကြောင့် ခြေနှစ်ဖက်လုံးအလုပ်မလုပ်တော့တဲ့ သူ့ရဲ့ မသန်စွမ်းမှုဟာ သေရာပါပဲလို့ သူ့ကိုပုံမှန်ကြည့်ပေးတဲ့ ဆရာဝန်ကြီးရဲ့ မှတ်ချက်စကားနဲ့ သူ့ဘဝတိုက်ပွဲကို စတင်ခဲ့ တာပါ။

“သမီးဟာ ဦးနှောက်ကောင်းတယ်။ သမီးမှာ လက်နှစ်ဖက်ကောင်းတယ်ပေါ့။ လက်နှစ်ဖက်နဲ့ သမီးစာရေး နိုင်တယ်၊ လက်နှစ်ဖက်နဲ့ ဆေးကုနိုင်တယ်။ သမီးကြိုးစားရင် ကြိုးစားသလောက် ဆရာဝန်အထိ ဖြစ်နိုင် တယ်တဲ့။ အဲဒီတော့ ဒီဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအားကိုးပြီးရပ်တည်မလဲဆိုတာကို စိတ်ထဲမှာ စဉ်းစားပြီးတော့ သမီးရဲ့ မသန်စွမ်းမှုကို ခေါင်းထဲမှာ မထည့်ထားပါနဲ့တဲ့” အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအုပ် ဒေါက်တာလှဖေပြောခဲ့တဲ့ ဒီစကားဟာ(၄)တန်းကျောင်းသူ အရွယ် သူ့အဖို့ လက်ခံဖို့ အဆင်သင့်မဖြစ်လောက်ဘူးလို့ ထင်နိုင်ပေမယ့် သူ့အတွက်တော့ ခွန်အားတခု ဖြစ်ခဲ့တယ်လို့ မငယ်ငယ်အေးမောင်က ဆိုပါတယ်။

ပညာရေးကို ရသလောက် ပေးသွားမယ်ဆိုတဲ့ သူ့မိဘရဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ သူဟာ ပုံမှန် ကလေးတွေလို ကျောင်းနေခွင့်ရခဲ့သလို တပ်မတော်ဗိုလ်ရွေးအဖွဲ့ရဲ့ ဒုတိယဗိုလ်မှူးဖြစ်သူ ဖခင်ရဲ့ အရှိန် အဝါကြောင့် ခွဲခြားဆက်ဆံမှုမရှိတဲ့ အဝန်းအဝိုင်းမှာ သက်သောင့်သက်သာ နေထိုင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူ ၆ တန်းနှစ်အရွယ် ဖခင်ဆုံးပါးသွားတဲ့အချိန်မှာတော့ သူ့ဘဝဟာ တဆစ်ချိုး ပြောင်းလဲခဲ့ပါပြီ။

သူ့ဖခင်ရဲ့ ပင်စင်လစာကို အမှီပြုပြီး သူတို့သားအမိ ၆ ဦးဟာ တိုက်ခန်းတခန်းမှာ ပြောင်းရွှေ့နေထိုင် ခဲ့ပါတယ်။ ခက်ခဲပေမယ့် သူ့အမေဟာ အငယ်ဆုံးဖြစ်တဲ့ မသန်စွမ်းတဲ့သူ့ကို ကျောင်းမထုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းကိုလည်း လိုက်မပို့ပေးပါဘူး။

“ကျောင်းမှာလဲရင် ကိုယ့်ဘာသာကိုယ်ပြန်ထ၊ ကိုယ်မထနိုင်ခဲ့ရင် ဘယ်လိုမျိုးတွေ လုပ်ရမလဲဆိုတာ ကိုယ့် ဟာကိုယ် ဖြေရှင်းလာခဲ့။ ဘာပြဿနာပဲဖြစ်ဖြစ် အိမ်ကိုသယ်မလာနဲ့။ ကျမအမေက ကျမကို အဲဒီလိုမျိုး အမြဲတမ်းပြောတယ်” လို့ မိခင်သင်ကြားလေ့ကျင့်ပေးတဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကြိုးစားခဲ့ကြောင်း သူက ပြောပြပါတယ်။ သူ့ရဲ့မိခင်ကတော့ မကြာသေးခင်နှစ်ကပဲ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။

အပြင်ဖြေခွင့်ရတဲ့ (၈)တန်းနှစ်ကလွဲပြီး ဘွဲ့ရတဲ့အထိ ခြေထိန်းတဲ့ ဖိနပ်ကိုစီးပြီး ချိုင်းထောက်နဲ့ လှေခါးထစ် ပေါင်း ၂၁ ထစ်ရှိတဲ့ သူတို့တိုက်ခန်းနဲ့ အထပ်မြင့်မှာရှိတဲ့ သူ့စာသင်ခန်းဆီကို ဘေးလူအကူအညီမပါပဲ တက်တက်ဆင်းဆင်းလုပ်ခဲ့ရပါတယ်။ ကျောင်းလှေကားမှာ ချော်လဲလို့ အများဝိုင်းထူပေးခံရတာကို ရှက်ပြီး ကျောင်းထွက်ဖို့အထိလည်း စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။

ဒီလိုကျောင်းတက်နိုင်ဖို့အတွက် ပုံမှန်သူတွေနဲ့မတူတဲ့ သူ့ရဲ့ နောက်ထပ် အလေ့အကျင့်တခုကတော့ ကျောင်းမသွားခင် တနေ့လုံးစာ ဆီးဝမ်းတွေကို အိမ်မှာ အပြီးအစီး သွားတတ်တဲ့ အလေ့အကျင့်ပါပဲ။

“အပြင်မှာ ရေကို ကျမမသောက်ဘူး။ သောက်ရင် ဆီးသွားချင်နေမှာစိုးလို့။ အိမ်ပြန်ရောက်တော့မှပဲ ရေ အဝသောက်ပြီးတော့ ကျမ ဆီးသွားတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ မသန်စွမ်းတွေအတွက် သီးသန့်ပြင်ဆင်ထားပေးတဲ့ အိမ်သာတွေ မရှိတဲ့အတွက် အခုချိန်ထိ အဲဒီအလေ့အထကို ကျင့်သုံးနေရတုန်းလို့ ဆိုပါတယ်။

ဒီလို ခက်ခက်ခဲခဲနဲ့ ပညာသင်ယူခဲ့တဲ့ သူဟာ မြန်မာစာအဓိကနဲ့ BA ဘွဲ့ရပြီးချိန်မှာတော့ မျှော်လင့် ချက်တွေနဲ့အတူ လုပ်ငန်းခွင်ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

“လူမှုဝန်ထမ်းအပါအဝင် အလုပ်နေရာပေါင်း ၃၀ လောက် ကျမလျှောက်ခဲ့တယ်။ ပြန်စာလေးတောင် မလာဘူး” လို့ မငယ်ငယ်အေးမောင်က ခပ်အက်အက်ရယ်သံနဲ့ ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်မရလို့ စိတ်ဓာတ်ကျမနေပဲ ကလေးတွေကို အိမ်မှာကျူရှင်ပြတဲ့အလုပ်နဲ့ သူ့ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ သိုးမွေးနှစ်ချောင်းထိုးထိုးတဲ့အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။

သူ့ကိုသိတဲ့ မိတ်ဆွေအချို့ကတော့ သူ့ကို ခံယူချက်ပြင်းထန်ပြီး သဘောထားခိုင်မာသူအဖြစ် အသိ အမှတ်ပြုကြပေမယ့် အဲဒီစိတ်ကြောင့်ပဲ တခါတရံ ခေါင်းမာပြီး အယူသီးတတ်တဲ့သူအဖြစ် ရှုမြင်ကြပါတယ်။

ဝမ်းရေးအတွက် ရုန်းကန်နေတဲ့ တချိန်တည်းမှာ သူ့လို မသန်စွမ်းသူတွေရဲ့အရေးကိုလည်း တဖက် တလမ်းကနေ ကူညီခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ကိုယ်ထူကိုယ်ထဖွဲ့စည်းခဲ့တဲ့ မသန်စွမ်းအဖွဲ့မှာလည်း တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ဖိုဝါဒကြီးစိုးတဲ့ စနစ်အောက်မှာ ပုံမှန်အမျိုးသမီးတွေနဲ့မတူပဲ မသန်စွမ်းအမျိုးသမီးတွေရဲ့ နှစ်ထပ်ကွင်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို တွေ့မြင်လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ မသန်စွမ်းအမျိုးသမီးအဖွဲ့ကို တည်ထောင်ဖြစ်ခဲ့ပါတယ်။

“ကျမတို့ ယဉ်ကျေးမှုအရ မိန်းကလေးဆိုတာ ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်မယ်၊ ဖက်ပေါ်ဆူးကျ လည်း ဖက်ပဲပေါက်မယ်ဆိုတဲ့ အရမ်းကို နစ်နာစေတဲ့ အနေအထားကိုပဲ ဖော်ညွှန်းနေတယ်။ အဲဒီထဲမှာမှ မသန်စွမ်းဖြစ်တဲ့ မိန်းကလေးတွေသာဆို စဉ်းစားကြည့်တော့ပေါ့” လို့ မသန်စွမ်းအမျိုးသမီးတွေရဲ့ စိန်ခေါ်မှု တွေကို သူက ပြောခဲ့ပါတယ်။

မသန်စွမ်းအမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှုအပြင် မသန် စွမ်းသူအရေး အသိပညာပေးစည်းရုံးမှုတွေကို ဦးဆောင်လုပ်ကိုင်ရင်း သူ့ရဲ့ ပညာရေး တဆင့်မြင့်ဖို့အတွက် အခွင့်အလမ်းရခဲ့ပါတယ်။

သံရုံးမှာလုပ်ကိုင်နေတဲ့ အသိမိတ်ဆွေရဲ့ မိတ်ဆက်ပေးမှုကြောင့် ၂၀၁၅ ခုနှစ်မှာ ပညာသင်ဆုလျှောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ သြစတြေးလျနိုင်ငံရဲ့ Social Change and Development ဘာသာရပ်နဲ့ မာစတာဘွဲ့ကို အောင်မြင်စွာ ရယူနိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ သူတွေ့မြင်ခဲ့တဲ့ မသန်စွမ်းသူတွေကို ပံ့ပိုးပေးထားတဲ့ စနစ်ကို အားကျပြီး မြန် မာနိုင်ငံရဲ့ အပြောင်းအလဲတခုမှာ တထောင့်တနေရာက ပါဝင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘွဲ့ရအပြီးမှာ ပြန်လာခဲ့တဲ့ မငယ်ငယ်အေးမောင်ရဲ့ မျှော်လင့်ချက်ကတော့ ကြာရှည်မခံခဲ့ပါဘူး။

သံရုံးတွေအပါအဝင် မြန်မာပြည်မှာရှိတဲ့ ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ် လျှောက်ခဲ့ပေမယ့် ဘယ်သူ့ဆီကမှ တုံ့ပြန်မှု မရခဲ့ပြန်ပါဘူး။

“ကျမမှာ အလုပ်လုပ်နိုင်တဲ့ skill (အရည်အချင်း) ရှိတယ်လေ။ ဘာဖြစ်လို့ ကျမကို အလုပ်မခန့်ရတာလဲလို့ ကျမစိတ်ဆိုးတယ်။ စိတ်ဆိုးတာနဲ့အတူ ဝမ်းနည်းတယ်။ ကျမ ဒီတသက် အလုပ်ရနိုင်ပ့ါတော့မလားလို့ မျှော် လင့်ချက် ကင်းမဲ့သလိုမျိုး ကျမ ခံစားရတယ်” လို့ သူက ပြောပါတယ်။

အားလုံးပါဝင်တဲ့ တန်းတူရေးဆိုတာ စာရွက်ပေါ်မှာသာရှိပြီး ဖွဲ့စည်းမှုပုံစံနဲ့ ဝန်ထမ်းတွေရဲ့ နားလည်လက်ခံ မှုမရှိသရွေ့ သူတို့လို မသန်စွမ်းတွေ ဘယ်တော့မှ အလုပ်ရမှာမဟုတ်ဘူးလို့ မငယ်ငယ်အေးမောင်က ဆိုပါတယ်။

သူ့ရဲ့ ဘဝအခက်အခဲ ရင်ဆိုင်ခဲ့ရတဲ့ တချိန်တည်းမှာပဲ နည်းပညာနဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးတဲ့ အလှူရှင်မရှိတာကြောင့် သူဦးဆောင်တဲ့ မသန်စွမ်းအမျိုးသမီးအဖွဲ့ဟာလည်း ၂၀၁၇ နှစ်မှာပဲ တရားဝင် လှုပ်ရှားမှု ရပ်ဆိုင်းခဲ့ရပါတယ်။

မငယ်ငယ်အေးမောင် ဦးဆောင်နေတဲ့ မသန်စွမ်းအမျိုးသမီးအဖွဲ့သာ မရှိရင် မသန်စွမ်းအမျိုးသမီးအတွက် ရပ်တည်ပေးနိုင်တဲ့ အဖွဲ့အစည်းဆိုတာ မရှိတော့ဘူးလို့ မြန်မာနိုင်ငံရဲ့ မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး သုတေသနပြုခဲ့သူ စိုင်းကြည်ဇင်စိုးက ဆိုပါတယ်။

ဒါပေမဲ့ “ကျမအခက်အခဲတွေထဲမှာ နစ်မျောမနေတတ်ဘူး” ဆိုတဲ့ မငယ်ငယ်အေးမောင်ကတော့ သူ့ အသက်မွေးဝမ်းကျောင်းအတွက် ကလေးတွေကို အင်္ဂလိပ်စာသင်တဲ့အလုပ်လုပ်နေရင်းတပြိုင်တည်း Yangon Bake House နဲ့တွဲဖက်ပြီး မသန်စွမ်းအမျိုးသမီးတွေကို အသက်မွေးဝမ်းကျောင်းသင်တန်းပေး နေသလို မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး အသိပညာပေးမှုကို အခုချိန်ထိ တနိုင်တပိုင် ဆက်လက်လုပ် ဆောင်လျက်ရှိပါတယ်။

“ကျမတို့ ဘယ်နေရာပဲသွားသွား ဘယ်အလုပ်ပဲလုပ်လုပ် မသန်စွမ်းအမျိုးသမီးတွေရဲ့ issue သည် ပါကိုပါ နေရမယ်။ သူတို့ကို စွမ်းရည်မြှင့်တင်မှုလုပ်တဲ့အရာ ဖြစ်ကိုဖြစ်နေရမယ်ဆိုတဲ့ဟာကို ကျမမြင်ချင်တွေ့ချင် တာ”

အမျိုးသမီးရေးလှုပ်ရှားမှုမှာတောင် မသန်စွမ်းအမျိုးသမီးတွေရဲ့အရေး ပါဝင်မှုအားနည်းနေသေးတဲ့ မြန်မာ နိုင်ငံမှာ မသန်စွမ်းအမျိုးသမီးအရေးကို လူ့အခွင့်အရေးရှုထောင့်ကနေ အသိအမှတ်ပြုလာဖို့အတွက် မငယ် ငယ်အေးမောင်ရဲ့ ကြိုးစားရုန်းကန်မှု ဘယ်လောက်အရာထင်လာမလဲဆိုတာ မသေချာသေးပါဘူး။

ဒါပေမဲ့ သူကတော့ ဒီအတိုင်းထိုင်စောင့်နေမယ့်သူ မဟုတ်ဘူးဆိုတာ သူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ တွေက သက်သေပြနေပါတယ်။

“ငါတော့ ဘာမှလုပ်လို့မရတော့ဘူးဆိုပြီးတော့ ကျမ ငုတ်တုတ်ထိုင်ပြီးတော့ ဘယ်တော့မှ မနေဘူး”

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂမှ စီစဉ်လုပ်ဆောင်သည့် HI news -Honest Information မှ ကူူးယူဖော်ပြပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading