မြန်မာနိုင်ငံရှိ အမျိုးသမီး သင်္ဘောသား (Seafarer) များအတွက် Seaman Book နှင့် Seaman Passport ထုတ်ပေးနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၈ရက်နေ့က ရေကြောင်းပို့ဆောင်ရေး ညွန်ကြားရေးမှူးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအစည်းအဝေးတွင် ” လက်မှတ်ထုတ်ပေးဖို့ကတော့ သူတို့စိစစ်ပြီးရင်တော့ လက်ရှိလုပ်နေတဲ့ သူတွေအတွက် ဦးစားပေး ထုတ်ပေးပါလို့ ကျနော်တို့က တောင်းဆိုထားတယ် ” ဟုအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကပြောသည်။
ဦးမောင်မောင်အုန်းက ပြီးခဲ့သည့် အမျိုးသားလွှတ်တော်တွင် အမျိုးသမီး သင်္ဘောသားများအတွက် Seaman Book နှင့် Seaman Passport ထုတ်ပေးနိုင်ရန် တင်ပြရာတွင် ဌာနဆိုင်ရာက ၎င်းကိစ္စနှင့်ပတ်သက်ပြီး ပြင်ဆင်ထားဟမှု မရှိသေးသည့်အတွက် အချိန်ယူပြင်ဆင်ပြီးပါက လိုအပ်ချက်ပြည့်စုံသည့်အချိန်တွင် ထုတ်ပေးမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
” လက်ရှိအလုပ်လုပ်နေတဲ့ အမျိုးသမီးသင်္ဘောသားက ခန့်မှန်းတာကတော့ ရှစ်ရာနဲ့ တထောင်လော က် ရှိမယ်လို့ ခန့်မှန်းတယ်။ ဒါကို စာရင်း ကောက်ထားတာ မရှိဘူး။အမျိုးသမီးသဘောၤသားက အခုမှ မဟုတ်ဘူး။ အရင်ကတည်းက ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအလုပ်လုပ်နေသည့် အမျိုးသမီး သင်္ဘောသားများသည် သင်္ဘောသားမှတ်ပုံတင် (Seaman Identifi cation & Record Book – SIRB) ထုတ်ပေးခြင်း မရှိသည့်အတွက် အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (Job Passport) ဖြင့်သာ သွားရောက်လုပ်ကိုင်ရခြင်းကြောင့် အခက်အခဲများ ရှိသည့်အတွက် အခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
“ခရီးသွားသဘောၤတွေမှာ သူတို့ရဲ့စာချုပ်အရ လုပ်ခလစာကဘယ်လောက်။ ပြီးရင် အခန်းဝန်ဆောင် လို့ ဆိုတဲ့ တခြားဝန်ဆောင်မှုတွေအတွက် ဥပမာ အဲဒါတွေခိုင်းပြီး မပေးလို့ ပြဿနာတက်တာတွေ အများကြီးပဲ”ဟု မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးရဲဝင်းထွန်းက ထောက်ပြသည်။
ထို့ကြောင့် မြန်မာ့ပင်လယ်ရေကြောင်းအလုပ်သမားများအဖွဲ့ချုပ်က မြန်မာအမျိုးသမီးများကို သင်္ဘော သားမှတ်ပုံတင်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး အဆောတလျှင်ဆောင်ရွက်ခြင်းမပြုရန် အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရသည်။
အမျိုးသမီးသင်္ဘောသားများသည် နိုင်ငံခြားခရီးသွားသင်္ဘောများပေါ်တွင် အများဆုံး တာဝန်ထမ်း ဆောင်ကြရပြီး သင်္ဘောပေါ်တွင် ဟိုတယ်လုပ်ငန်းများကဲ့သို့ လုပ်ကိုင်ကြရသည့်အတွက် မြန်မာယဉ်ကျေးမှုနှင့် ကိုက်ညီသည့် နည်းစနစ်များဖြင့်သာ ပို့လွှတ်စေသင့်ကြောင်း ဦးရဲဝင်းထွန်းက ဆက်ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး “သူတို့အန္တရာယ်မရှိအောင် ကျနော်တို့က လုပ်မှာပဲ။ ကာကွယ်ပေးတဲ့ဥပဒေ တွေ၊ နည်းဥပဒေတွေ ရှိမယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက်မယ်”ဟု ဦးမောင်မောင်အုန်းက ဆိုသည်။
ဂျာမနီနိုင်ငံက အမျိုးသမီးသင်္ဘောသားများကို ခေါ်ယူလိုသည့်အကြောင်း လာရောက်ပြောထားခြင်းမျိုးလည်း ရှိပြီး ၎င်းတို့အနေဖြင့် သင်တန်းပေးမည်ပြီး သင်တန်းတက်နေစဉ်အတွင်း အခြေခံလစာအနေဖြင့် ဒေါ်လာ ၅၀၀ပေးမည်ဟု သိရသည်။
ယခုပြုလုပ်သည့် အမျိုးသမီးသင်္ဘောသားများအတွက် မှတ်ပုံတင်ထုတ်ပေးနိုင်ရေးဆွေးနွေးပွဲသည် ဒုတိယအကြိမ်ဖြစ်ပြီးတတိယအကြိမ်ဆွေးနွေးပွဲတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးသင်္ဘောသားများအား ခေါ်ယူဆွေးနွေးမည်ဖြစ်သည်။