အသိအမှတ်ပြုခြင်း မခံရသည့် ဘိက္ခူနီ အမျိုးသမီးကျောင်းတခုတွင် သာမဏေရီ (ကိုရင်ဟု ခေါ်သည့် သာမဏေများနည်းတူ သိက္ခာပုဒ်များ ကျင့်သုံးရသည့် အမျိုးသမီး) ဝတ်ခြင်းအားဖြင့် ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာ အစဉ်အလာများကို မျိုးဆက်နှင့်ချီ၍ ဖီဆန်သည့် အမျိုးသမီး အရေအတွက် တိုးလာနေခြင်းတွင် ဘွတ်စဘန်ချန်ထဝေါင် Boodsabann Chanthawong လည်း ပြီးခဲ့သည့်လအတွင်းက ပူးပေါင်းပါဝင်ခဲ့သည်။
ဘန်ကောက်မြို့ အနောက်ဘက် ကီလို ၅၀ ခန့်အကွာရှိ နခွန်ပထုံမြို့ ရှိ ဆောင်ဓမ္မကလျာဏီ (Songdhammakalyani) ကျောင်းမှ ဓမ္မာရုံတခုဆီသို့ တန်းစီသွားနေသည့် ဆယ်ကျော်သက်များမှသည် သက်ကြီးရွယ်အိုပိုင်းအထိ ပါဝင်သော အမျိုးသမီး ၂၁ ဦးကို ဦးဆောင်၍ သူ၏ အဖြူရောင် ချည်ထည် အဝတ်အစားများကို အမျိုးသား ရဟန်းများ၏ ကိုယ်ပေါ်တွင်သာ သီးသန့်လိုလိုတွေ့မြင်ခဲ့ရသည့် ရွှေဝါရောင် သင်္ကန်းများနှင့် လဲလှယ်ရန် ပြင်ဆင်သည့် အချိန်တွင် ဘွတ်စဘန်ချန်ထဝေါင် မျက်ရည်ဝဲခဲ့ရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သော အခန်းအနားတွင် “ကျမ ဒီအတားအဆီးကို ကျော်ဖြတ်တော့မယ်။ ကျမ အမြဲ တမ်းလိုချင်ခဲ့တဲ့ ဘဝမျိုးကို ရတော့မယ်” ဟု အသက် ၄၉ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ဘွတ်စဘန်ချန်ထဝေါင်က ဆံမချမီ ပြောသည်။ ကျောင်းတွင် ၉ ရက်ကြာအောင် သူနေထိုင်ခဲ့ပါသည်။
တရားဝင်အားဖြင့် ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာတွင် အမျိုးသားများသာလျှင် ရဟန်းများနှင့် ကိုရင်များ ဖြစ်လာကြနိုင်သည်။ ၁၉၂၈ ခုနှစ်မှ စတင်၍ အမျိုးသမီးများကို ရဟန်းပြုခြင်းမှ တားမြစ်ထားခဲ့သည်။ ထိုင်းနိုင်ငံက အမျိုးသမီး ရဟန်း(ဘိက္ခူနီ) များ သို့မဟုတ် သာမဏေရီများကို အသိအမှတ်ပြုခြင်း မရှိပါ။
ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းသော ထိုင်းအမျိုးသမီးများအတွက် ရွေးချယ်စရာတခုမှာ အဖြူရောင်ဝတ်စုံဝတ် သီလရှင်များ ဖြစ်လာရေးသာ ဖြစ်သည်။ သီလရှင်များသည် ရဟန်းများနှင့် စာလျှင် တင်းကျပ်မှု နည်းပါးသည့် ဘာသာရေး ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာကြရပြီး တခါတရံ ဘုရားကျောင်းများတွင် ဝေယျာဝစ္စ ပြုလုပ်ရသည့် အဆင့်သို့ပင် လျှော့ချခံရတတ်ပါသည်။
လတ်တလောနှစ်များအတွင်းတွင် ထိုင်းဗုဒ္ဓဘာသာဝင် အမျိုးသမီးများက ဘိက္ခူနီများ သို့မဟုတ် အမျိုးသမီး ရဟန်းများ အပြည့်အဝ ဖြစ်လာရေး ကြိုးစားလာကြသည်။ နိုင်ငံရပ်ခြား (များသောအားဖြင့် သီရိလင်္ကာ သို့မဟုတ် အိန္ဒိယ တွင်တို့တွင်) ရဟန်းခံခြင်း ကဲ့သို့သော အခြားရွေးချယ်စရာများကို ရှာဖွေခြင်းအားဖြင့် အစဉ်အလာကို ဖီဆန် အာခံလာ ကြသည်။
ဆောင်ဓမ္မကလျာဏီ ကျောင်းမှ သက်တော် ၇၄ နှစ်အရွယ် ဓမ္မနန္ဒ ဘိက္ကူနီက ၂၀၀၁ ခုနှစ်တွင် သီရိလင်္ကာသို့ သွားရောက်၍ ရဟန်းပြုခြင်းအားဖြင့် ထိုင်းနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ရဟန်းဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ သူက နှစ်စဉ် ဧပြီလ နှင့် ဒီဇင်ဘာလများတွင် ရှင်ပြု အခန်းအနားများကို ကျင်းပပေးပြီး ဘွတ်စဘန်ချန်ထဝေါင် ကဲ့သို့သော အမျိုးသမီးများ သာမဏေရီ အဖြစ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်နိုင်ရန် ကူညီပေးနေခဲ့သည်။
“နှစ်ပေါင်း ၉၀ ရှိခဲ့ပါပြီ။ လူမှုပတ်ဝန်းကျင်ကလည်း ပြောင်းလဲခဲ့ပါပြီ။ ဒါပေမယ့် သူတို့က အခုအချိန်အထိ လက်မခံကြ သေးဘူး” ဟု ဘိက္ကူနီ ဓမ္မနန္ဒက ကျောင်း၏ စာကြည့်တိုက်အတွင်း၌ ပြုလုပ်သည့် အင်တာဗျူးတခုတွင် ရိုက်တာသို့ ပြောသည်။ စာအုပ်စင်တခုလုံးက ဘာသာရေးတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် အခန်းကဏ္ဍများအကြောင်း စာအုပ်များ ဖြစ်ကြသည်။
“အမျိုးသမီးတွေကို သူတို့ရဲ့ ကိုယ်ပိုင်ဘဝအတွက် ဆုံးဖြတ်ချက်တွေ လုပ်ခွင့်မပြုတာက ရှက်စရာကောင်းပါတယ်။ မမျှတ မှုကို ဆန့်ကျင် တော်လှန်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက မမှန်လို့ပါ” ဟု သူက ထပ်ပြောသည်။
ဘိက္ကူနီ ဓမ္မနန္ဒ၏ ကျောင်းက အမျိုးသမီးများကို သာမဏေရီ အဖြစ် ရှင်ပြုပေးသော်လည်း အမျိုးသမီးရဟန်း(ဘိက္ကူနီ) ဝတ်ချင်သူများအတွက်ကိုမူ အလားတူ ဆောင်ရွက်ပေးခြင်း မပြုနိုင်ပါ။ ထိုကဲ့သို့သော (ရဟန်းခံသည့်) အခန်းအနားများတွင် အမျိုးသမီးရဟန်း(ဘိက္ကူနီ) ၁၀ ပါးနှင့် အမျိုးသားရဟန်း ၁၀ ပါး ပါဝင်ရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံ၏ ၁၉၂၈ ခုနှစ် အမိန့်တွင် အမျိုးသား ရဟန်းများကို ထိုသို့ ပါဝင်ခြင်းမှ တားမြစ်ထားသည်။
ထိုင်းနိုင်ငံတွင် ဘိက္ကူနီ အပါး ၂၇၀ ဝန်းကျင်ခန့် ရှိပြီး သူတို့ အားလုံးမှာ ပြည်ပတွင် ရဟန်းခံခဲ့ကြခြင်း ဖြစ်သည်ဟု ဓမ္မနန္ဒ ဘိက္ခူနီက ပြောသည်။ သူ၏ ကျောင်းတွင် လက်ရှိအချိန်၌ ၇ ပါး ရှိသည်ဟု သိရသည်။ အမျိုးသား ရဟန်းများမှာမူ ထိုင်း နိုင်ငံတွင် အပါး ၂၅၀၀၀၀ ကျော်ရှိပါသည်။
၁၉၂၈ ခုနှစ် အမိန့်ကို ပယ်ဖျက်ရန် အတိတ်က တောင်းဆို အားထုတ်မှုများက အချည်းနှီး ဖြစ်ခဲ့ရသည်။ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး သံဃာအဖွဲ့အစည်းဖြစ်သည့် သံဃာ့အာဏာပိုင်ကောင်စီ၏ ၂၀၀၂ ခုနှင့် လတ်တလော အကျဆုံး အနေဖြင့် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော အစည်းဝေးပွဲများ၌ (ယခင်အတိုင်း) ဆက်လက်ထိန်းသိမ်းထားရန် တရားဝင် ဆုံးဖြတ်ခဲ့ ကြသည်။
ကျား/မ လိင်ခွဲခြားခြင်း မဟုတ်ဘဲ ကာလရှည်ကြာစွာ ထိန်းသိမ်းထားခဲ့သည့် အစဉ်အလာတခုမျှသာ ဖြစ်ကြောင်းနှင့် အမျိုးသမီးများ အနေဖြင့် သူတို့၏ ကိုယ်ပိုင်နိုင်ငံတွင် မရသော်လည်း ရဟန်းပြုရန် နိုင်ငံခြားသို့ လွတ်လပ်စွာ သွားလာ နိုင်ကြောင်း ထိုင်းအစိုးရက ပြောသည်။
“အမျိုးသမီးတွေ အနေနဲ့ ဒီမှာ ရဟန်းပြုလို့မရပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာ သွားလုပ်တာကို ဘယ်သူမှ မတားမြစ်ပါဘူး။ သူတို့ကို ထိုင်း(အမျိုးသား) ရဟန်းတွေက နေပြီးတော့ ရဟန်းပြုပေးလို့ မရပါဘူး။ အဲဒါပဲရှိပါတယ်” ဟု ထိုင်း အမျိုးသား ဗုဒ္ဓဘာသာရုံး (National Office of Buddhism) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
(Patpicha Tanakasempipat ၏ Thailand’s rebel female Buddhist monks defy tradition ကို ဘာသာပြန်ဆိုသည်။)