မြန်မာ့ရုပ်သေးကို ကမ္ဘာကသိအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ မန္တလေးရုပ်သေးပညာရှင် ဒေါ်မမနိုင်ကို ယနေ့ခေတ် ရဲ့ “ရုပ်သေးသခင်မ”လို့တောင် အသိအမှတ်ပြုတင်စားထားကြပါတယ်။ ဒေါ်မမနိုင်ဟာ မြန်မာနိုင်ငံရုပ်သေး သဘင်အသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
ဒေါ်မမနိုင်တည်ထောင်ထားတဲ့ မန္တလေးမြန်မာရုပ်သေးစင် (Mandalay Marionettes Theatre) ကတော့ မန္တလေးကို ရောက်လာတဲ့ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ မဖြစ်မနေအချိန်ပေးပြီး မြတ်မြတ်နိုးနိုးနဲ့ သွား ရောက်ကြည့်ရှုကြတဲ့ အနုပညာယဉ်ကျေးမှုနေရာတခုဖြစ်သလို မန္တလေးမြို့မှာ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာရောက်တဲ့နေရာလည်းဖြစ်ပါတယ်။
သူဟာ တိမ်မြုပ်နေတဲ့ မြန်မာ့ကြိုးဆွဲရုပ်သေးအနုပညာကို ပြန်လည်ဖော်ထုတ်လိုတဲ့ရည်ရွယ်ချက်နဲ့ ၁၉၉၀ ခုနှစ်က စတင်ကာ လူအယောက် ၅၀ ကျော်လောက်သာ ကြည့်ရှုနိုင်တဲ့ ဝါးထရံအခန်းလေးထဲမှာ ရုပ်သေးစင်လေးကို ဖန်တီးခဲ့ပါတယ်။
နေ့လည်ပိုင်းမှာဆိုရင်တော့ သူရဲ့ရုပ်သေးစင်အခန်းဟာ အင်္ဂလိပ်စာသင်ကြားပေးတဲ့ အခန်းဖြစ်သလို ညနေဘက်ဆိုရင်တော့ ခရီးသွားဧည့်သည်တွေနဲ့ပြည့်နေတဲ့ ရုပ်သေးစင်ပဲဖြစ်ပါတယ်။
ဒေါ်မမနိုင်ဟာ ရုပ်သေးအနုပညာရှင်တယောက်ဖြစ်သလို အင်္ဂလိပ်စာ သင်ကြားပေးတဲ့ဆရာမတယောက် လည်းဖြစ်ပါတယ်။
အသက် ၆၀ ကျော်အရွယ်ပြီဖြစ်တဲ့ ဒေါ်မမနိုင်ဟာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသူပီပီ မြန်မာအင်္ကျီနဲ့ ထဘီ ကိုသာ အမြဲဝတ်ဆင်လေ့ရှိသလို နိုင်ငံတကာပွဲတွေသွားရင်လည်း မြန်မာချိတ်လုံချည်ကိုသာ အမြတ်တနိုး ဝတ်ဆင်တတ်သူပါ။
သူဟာ ဂုဏ်ထူးမြန်မာစာဦးသိန်းနိုင်ရဲ့သမီးကြီးဖြစ်ပြီး မန္တလေးတက္ကသိုလ်ကနေ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရရှိ ခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်မှာတော့ အိမ်ထောင်ကျပြီး ယောင်နောက်ဆံထုံးပါဆိုသလို ခင်ပွန်းသည်ရှိရာ ရန် ကုန်မြို့မှာ ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။
သူ့အိမ်ထောင်ရေးက ကံမကောင်းခဲ့ပါဘူး။ ဒုတိက ကလေးမွေးဖွားပြီးချိန် မန္တလေးမြို့နယ်၊ တံတားဦးဘက်က တောင်တလုံးရွာမှာ မူလတန်းပြဆရာမအနေနဲ့ သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။
ရွာက လေးစားရတဲ့ ကျောင်းဆရာမတယောက်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေကြောင့် အရှက်ရခဲ့ရပြန်ပါတယ်။
နောက်ပိုင်းမှာတော့ ခင်ပွန်းသည်အရက်သမားဟာ နှုတ်နဲ့ဆဲဆိုရုံသာမကပဲ ရိုက်နှက်တာတွေပါ ရှိလာတာကြောင့် အိမ်ထောင်ရေးနွံထဲကနေ ရုန်းထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
“တရက်မှာ သူမူးပြီး အိပ်ပျော်နေတုန်း သားအငယ်ကောင်နဲ့ ထွက်သွားလိုက်တာ။ သာစည်ဘက်မှာ သွားပုန်း နေတာ။ သူပြန်သွားတော့မှ ကွဲဖို့အတွက်လုပ်ရတော့တာ။ သူကလည်း မကွဲပေးဘူး။ သေမှပဲကွဲပေးမယ်ပေါ့။ သူက ဘယ်ကွဲပေးမလဲ၊ မိန်းမကောင်းရထားတာကိုး။ သူကမေးတယ်။ သူချမ်းသာရင် ပြန်ပေါင်းမှာလားပေါ့။ ချမ်းသာရင် ပြန်ပေါင်းမှာလားမမေးနဲ့ အရက်ဖြတ်ရင် ပြန်ပေါင်းမယ်လို့ ဒါတောင် ကလေးနှစ်ယောက်မျက်နှာ ကြောင့်လို့ ပြောလိုက်တယ်။ နောက်တော့ သူလည်းအရက်ရဲ့ကျေးကျွန်ဖြစ်ပြီး ဆုံးသွားတာပါပဲ” လို့ ပြောပါတယ်။
သားနှစ်ယောက်နဲ့ သူ့ဘဝကို ရွာ မူလတန်းပြဆရာမအနေနဲ့ ဆက်လက်ဖြတ်သန်းလာခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်ကျောင်းဆရာမတယောက်ဖြစ်တဲ့ ဒေါ်မမနိုင်ဟာ အိမ်ထောင်သည်ဘဝဆိုးကနေ လွတ်မြောက်ခဲ့ ပေမယ့်လည်း တခုလပ်မိန်းမမို့ ပတ်ဝန်းကျင်က အမျိုးသားတချို့ရဲ့ ထိကပါးရိကပါး ပြောဆိုတာတွေကို ကြုံ တွေ့ရပါသေးတယ်။
ဒါကြောင့် မြို့ပေါ်ပြောင်းနေဖို့ ကြိုးစားနေချိန်မှာ သူ့ဘဝကို တဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ အခွင့်အလမ်းတခု ပေါ်ပေါက်လာခဲ့ပါတယ်။ ရွာကကျောင်းဆရာ၊ ဆရာမတွေကို ရန်ကုန်မှာ အင်္ဂလိပ်စာ သင်ကြားဖို့ ပို့ဆောင်တဲ့ အထဲမှာ ဒေါ်မမနိုင်လည်း ပါဝင်ခဲ့ပါတယ်။
ငယ်စဉ်ကတည်းက အင်္ဂလိပ်စာဘာသာရပ်ကို စိတ်ဝင်စားသူမို့ ရန်ကုန်အထိ သွားရောက်ကြိုးစားလေ့လာ သင်ယူခဲ့ပြီး မန္တလေးကို ပြန်ရောက်လာတဲ့အချိန်မှာတော့ အင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့အတွက် အခက်အခဲ ရှိလာပြန်ပါတယ်။
ယခင်တုန်းက နိုင်ငံခြားခရီးသွားဧည့်သည်တွေ လာရောက်မှု နည်းပါးတာကြောင့် အင်္ဂလိပ်စကားပြောခွင့်ရဖို့ ဆိုရင် ဧည့်လမ်းညွှန်တွေလို နိုင်ငံခြားသားတွေ သွားရာနောက်တကောက်ကောက်လိုက်ပြီး ပြောမှရပါလိမ့်မယ်။ သူ့အနေနဲ့ကလည်း ကလေးနှစ်ယောက်နဲ့ အိမ်မှုကိစ္စတာဝန်တွေကြောင့် အပြင်ထွက်ပြီး သွားလာနေရတာမျိုး အဆင်မပြေ သူဖြစ်နေခဲ့ပါတယ်။
အဲဒါကြောင့် သူက မသွားဘဲ သူ့ဆီ လာရောက်မယ့် နည်းလမ်းကို စဉ်းစားရတယ်လို့ သိရပါတယ်။
“မန္တလေးကိုလာလည်တဲ့ နိုင်ငံခြားသားတွေ သူတို့ရှိရာကို ငါမသွားနိုင်ရင် ငါရှိရာကို သူတို့လာရမယ်ဆိုတဲ့ စိတ်ကိုထားလိုက်တယ်။ သူတို့ကိုဘယ်လိုခေါ်ရမလဲလို့ စဉ်းစားတော့ နိုင်ငံတနိုင်ငံကို လာလည်ရင် အဲဒီနိုင်ငံ ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကြိုက်ကြတယ်၊ စိတ်ဝင်စားကြတယ်လေ။ သူတို့က စောင်းတီးသံနားထောင် ချင်တယ်။ ပတ္တလားတီးသံ နားထောင်ချင်တယ်။ မြန်မာအကကြည့်ချင်တယ်။ ရုပ်သေးပွဲဆိုတာ ရှိတောင် မရှိ ဘူးလေ။ အဲဒီတော့ သူတို့ကြိုက်တဲ့ ယဉ်ကျေးမှုပွဲလေး လုပ်လိုက်ရင် သူတို့လာမှာပဲဆိုပြီး ဒီစင်ကို စထောင် ဖို့ကြိုးစားတယ်” လို့ ရှင်းပြတယ်။
မန္တလေးရုပ်သေးစင် စတင် မတည်ထောင်နိုင်သေးတဲ့ ကာလမှာတော့ အိမ်ရှေ့က တဲငယ်လေးမှာ လက်မှုပစ္စည်း အရောင်းဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရုပ်သေးစင်တည်ဆောက်ဖို့ သူ့ကို အဓိက ပံ့ပိုး ခဲ့သူတွေထဲမှာ လက်ရှိအိမ်ထောင်ဖက်ဖြစ်သူ ဦးသန်းညွှန့်လည်း ပါဝင်ပါတယ်။
“ကလေးတွေရဲ့အနွံအတာကိုလည်း ခံတယ် ဆိုတော့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်တယ်။ သူက စီးပွားရေးသမားလည်း မဟုတ်ဘူး။ ကိုယ့်ကိုနားလည်နိုင်တဲ့သူဆိုပြီး ရွေးချယ်ခဲ့တယ်။ ဒါတောင် ဒုတိယအကြိမ်မှားမှာလည်း ကြောက်တယ်။ ဒါပေမယ့် သူနဲ့အကြောင်းပါပြီးတော့မှ ဒါတွေက စဖြစ်လာတာ” လို့ ရုပ်သေးအနုပညာရှင်တယောက် ဖြစ်လာစေခဲ့တဲ့ ဘဝတစိတ်တပိုင်းကို ပြောပြပါတယ်။
လက်မှုပစ္စည်းအရောင်းဆိုင်ကနေ ရတဲ့ဝင်ငွေနဲ့ ခင်ပွန်းသည်ရဲ့လစာငွေလေးတွေကို စုဆောင်းကာ ရုပ်သေးစင်ကို စတင်တည်ထောင်ခဲ့ကြပါတယ်။ ရုပ်သေးစင်စဖွင့်တဲ့ ၁၉၉၀ ခုနှစ်မှာပဲ အင်္ဂလိပ်စာကို သင်ကြားရင်း တဖက်တလမ်းကနေ ဝင်ငွေစုဆောင်းခဲ့ရပါတယ်။
အဲဒီအချိန်ကစလို့ ရုပ်သေးစင်လေးဟာ စတင်လူသိများလာခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါး ရပ်တည်လာ နိုင်ခဲ့ပါပြီ။ ပျောက်ကွယ်နေတဲ့ မြန်မာရုပ်သေးအနုပညာကလည်း မန္တလေးရုပ်သေးအဖွဲ့ကနေ ပြန်လည်စတင် လို့ ဦးမော့လာနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ဖခင်ရဲ့လမ်းပြမှုကြောင့် စောင်း၊ ပတ္တလားတို့ကို သင်ကြားတတ်မြောက်ခဲ့ပြီး ရုပ်သေးကြိုး ဆွဲပညာကိုတော့ ရုပ်သေးပညာရှင်ကြီးဦးပန်းအေးဆီမှာ သွားရောက်သင်ကြားခဲ့တာဖြစ်ပါတယ်။
၁၉၉၄ – ၁၉၉၅ ခုနှစ်တွေမှာတော့ နိုင်ငံတော် ဆိုကရေးတီး ပြိုင်ပွဲတွေမှာ ရုပ်သေးကြိုးဆွဲပညာရှင်ဆုတွေကို တဦးချင်းအနေနဲ့ရော အဖွဲ့လိုက်ဇာတ်တော်ကြီး ပြိုင်ပွဲတွေမှာပါ မန္တလေးတိုင်း ကိုယ်စားပြုအနေနဲ့ ဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်လောက်ထိ မိုးလင်းပေါက် ရုပ်သေးကပြပွဲတွေ ရှိခဲ့ပေမယ့် ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာတော့ ခေတ္တ ပြတ်တောက်သွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မန္တလေးကောင်းမှုတော်ဘုရားပွဲမှာ မိုးလင်းပေါက် ရုပ်သေးပွဲကို ပြန်လည်အသက်သွင်းလာခဲ့ပြီး အခုဆိုရင် တခြားနယ်တွေမှာပါ မိုးလင်းပေါက်ပွဲတွေ ပြန်လည်ကျင်းပဖို့ ပြင်ဆင် နေကြပါပြီ။
၁၉၉၈ ခုနှစ်လောက်တည်းက စတင်ကာ ပြည်ပအနုပညာအဖွဲ့တွေရဲ့ ဖိတ်ကြားမှုတွေကို ခံခဲ့ရပြီး သွားရောက် ခဲ့ရာကနေ မြန်မာရုပ်သေးဟာ ကမ္ဘာအနှံ့အပြားကို တဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှာ ကျင်းပတဲ့ ကမ္ဘာ့ရုပ်သေးပွဲတော်ကြီးမှာလည်း နိုင်ငံတကာကိုယ်စားပြုအနေနဲ့ ဖိတ်ကြားခံရပြီး ကပြ ပါဝင်ခဲ့ရပါတယ်။
ဒေါ်မမနိုင်ကို ရုပ်စုံဇာတ်သဘင် အနုပညာရှင်တွေ စိုးရိမ်ပူပန်ခဲ့ရတဲ့ မြန်မာ့ရုပ်သေး တိမ်မြုပ်ပျောက်ကွယ် နေမှုကို ပြန်လည်အသက်သွင်းနိုးထစေခဲ့တဲ့ ရှားပါးပြီး ထူးချွန်သူ ရုပ်သေးအနုပညာရှင် အမျိုးသမီးတယောက် လို့တင်စားရမှာဖြစ်ပါတယ်။
ဖခင်ဖြစ်သူက မြန်မာ့ဇာတ်သဘင်သမိုင်းအကြောင်းကို မှတ်တမ်းတင်ရေးသားပြုစုခဲ့ပြီး အမျိုးသားစာပေဆု ရရှိခဲ့သလို သမီးဖြစ်သူ ဒေါ်မမနိုင်ကလည်း ဖခင်ဖြစ်သူရဲ့မှတ်တမ်းကို အသက်သွင်းပုံဖော်သူအဖြစ် မြန်မာ့ ရုပ်သေးကို မပျောက်ကွယ်သွားအောင် ထိမ်းသိမ်းခဲ့တဲ့အပြင် အခုဆိုရင် ကမ္ဘာက အသိမှတ်ပြု ချီးကျူး ဂုဏ်ပြု ရတဲ့အထိ မြန်မာ့ရုပ်သေးဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်နေခဲ့ပါပြီ။
တဖက်မှာလည်း အင်္ဂလိပ်စာကို သင်ကြားပေးနေတဲ့ ဒေါ်မမနိုင်ဟာ သူ့ဘဝဖြစ်တည်ရာ မန္တလေးရုပ်သေးစင်မှာ မြန်မာ့ရုပ်သေးကို နေ့စဉ်နဲ့အမျှ ကပြတင်ဆက်နေကာ ရုပ်သေးဝါသနာပါတဲ့ လူငယ်တွေကိုလည်း ရုပ်သေးအနုပညာကို လက်ဆင့်ကမ်းမျှဝေသင်ကြားပေးနေပါတယ်။
မြန်မာ့ရုပ်သေးရဲ့ဇာတိမြေဖြစ်တဲ့ ရတနာပုံမန္တလေးရဲ့ မန္တလေးရုပ်သေးစင်လေးမှာ ညစဉ်ညတိုင်း ကပြဖျော်ဖြေ နေတဲ့ ရုပ်သေးကပွဲတွေမှာ မြန်မာလူမျိုးတွေအနေနဲ့ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို ဒီနေရာလေး ဟာ ကမ္ဘာလှည့် ခရီးသွားတွေအနေနဲ့လည်း မသွားမဖြစ်သွားရောက်ရမယ့် ယဉ်ကျေးမှုအနုပညာဆိုင်ရာ အသိုက်အမြုံလေးအဖြစ် ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။
ဒေါ်မမနိုင်ကတော့ “ရုပ်သေးဟာ မြန်မာ့ယဉ်ကျေးမှု အနုပညာရဲ့အနှစ်၊ ကမ္ဘာက ချစ်မြတ်နိုးပြီး အလွန်တန်ဖိုးထားကြတာကို သိလိုက်ရတဲ့အချိန်ကစပြီး ရုပ်သေးရုပ်ကလေးတွေနဲ့ ဒီအနုပညာကို ကျမဘဝတလျှောက်လုံး ယုယပိုက်ထွေး သွားဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးပါပြီ” လို့ ဆိုပါတယ်။
ဖော်ပြပါ ဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂမှ စီစဉ်လုပ်ဆောင်သည့် Honest Information ( HI News) မှ ကူးယူဖော်ပြပါသည်။