အများသုံး သန့်စင်ခန်းများတွင် အမျိုးသားနှင့် အမျိုးသမီးများ ခွဲတက်နိုင်ရန် “ကျား၊ မ” ဟူ၍ သတ်မှတ်ထားသည့် အပြင် လိင်တူချစ်သူ (LGBT) များအတွက် သီးသန့် ထားရှိသင့်၊ မထားရှိသင့်နှင့် ပတ်သက်၍ LGBT များအကြားတွင်ပင် အငြင်းပွား နေကြသည်ကို တွေ့ရသည်။
Women Leadership Network မှ ဦးဆောင်ပြီး အပတ်စဉ် We Women ရုံးတွင် ပြုလုပ်သည့် LGBT အရေး စကားဝိုင်းကို ဇန်နဝါရီ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယင်းနေ့ဆွေးနွေးပွဲတွင် သန့်စင်ခန်း သီးသန့်ထားရှိရေးနှင့် ပတ်သက်ပြီး လိင်တူချစ်သူများ အကြား ငြင်းခုန်ခဲ့ခြင်း ဖြစ်သည်။
လိင်စိတ်ခံယူမှု ကွဲပြားသူ၊ လိင်တူချင်းချစ်သူများအရေး တက်ကြွလှုပ်ရှားသူ မရှင်းသန့် ကတော့ LGBT များအတွက် သီးခြား သန့်စင်ခန်း ဆောက်ပေးလိုက်လျှင် ၎င်းတို့ကို ခွဲခြားဆက်ဆံခံနေ ရသည့် အမြင်သဘောမျိုး ရှိနိုင်သဖြင့် သီးခြားဆောက်ပေးရန် မလိုအပ်ဟု ဆိုသည်။
မရှင်းသန့် က “တချို့ခံယူချက်ကြတော့ အိမ်သာသီးသန့် ဆောက်ပေးခြင်းဖြင့် သူတို့ကို ခွဲခြားဆက်ဆံခံနေရတယ်လို့ မြင်ကြတယ်။ သူတို့ဝင်ချင်တဲ့ အိမ်သာကို ဝင်ခွင့်ပြု အဲ့ဒါဆို သူတို့အတွက် အဆင်ပြေတယ်။ တချို့ကကျတော့ အဲ့လို မဟုတ်ဘူး။ သီးသန့် အိမ်သာသုံးချင်တဲ့ သူတွေရှိတယ်” ဟု ပြောသည်။
မရှင်းသန့်သည် အမျိုးသမီး လိင်စိတ်ကို ခံယူထားသည့် အမျိုးသား တဦးဖြစ်သည်။
LGBT များအနေဖြင့် အများသုံးသန့်စင်ခန်းများ အသုံးပြုသည့်အခါ ဝတ်ဆင်သွားသည့်အဝတ် အစားပေါ်မူတည်ပြီး သန့်စင်ခန်း ဝင်ရောက်လိုကြောင်း၊ အမျိုးသမီးကဲ့သို့ ဝတ်ဆင်ထားသူအနေဖြင့် အမျိုးသားသန့်စင်ခန်း သုံးရန် အဆင်မပြေကြောင်း၊ ထို့အတူ အမျိုးသားဝတ်စုံ ဝတ်ဆင်ထား သူက အမျိုးသမီးသုံး သန့်စင်ခန်း အသုံးပြုရန် စိုးရိမ်ပူပန်မှုများရှိကြောင်း သိရသည်။
သီးသန့် သန့်စင်ခန်း ဆောက်ပေးရေး ကိစ္စ အပေါ် သဘောမတူသည့် LGBT တချို့ကတော့ ယင်းသို့ဆောက်လုပ်ပေးလိုက်လျှင် LGBT များ အပေါ် အခွင့်ထူးခံများ အဖြစ် မြင်လာမည်ကို စိုးရိမ်သကဲ့သို့ သီးခြားသန့်စင်ခန်းများ တိုးဆောက်ရန် အတွက် နိုင်ငံတော် ဘက်ဂျက်များ အပိုကုန်နိုင်သည်ဟု ထောက်ပြသည်။
LGBT များအတွက် သီးသန့် သန့်စင်ခန်းနှင့် ပတ်သက်ပြီး ၎င်းအတွက် သီးခြားသန့်စင်ခန်း လိုအပ်မှုမရှိသကဲ့သို့ စိတ်ကြိုက် သွားခွင့် ရမည်ဆိုပါက ယောကျာ်းအိမ်သာကို သွားလိုကြောင်း စကားဝိုင်းကို တက်ရောက်လာသည့် ကိုခိုင်ဇာမျိုးက ဆိုသည်။ သူသည် အမျိုးသားလိင်စိတ်ကို ခံယူထားသည့် အမျိုးသမီး တဦးဖြစ်သည်။
အလားတူ အမျိုးသားလိင်စိတ် ခံယူထားသည့် ကိုခင်မျိုးကျော် က “သီးသန့်အိမ်သာမရှိရင် အောင့်ထားလိုက်မယ်။ ကိုယ့်အတွက် အန္တရာယ် ကင်းတာက အမျိုးသမီးအိမ်သာ ဖြစ်ပေမယ့် ယောကျာ်းအိမ်သာပဲ သွားချင်တယ်” ဟု ဆိုသည်။
မရှင်းသန့်ကမူ “ကျမဖြစ်စေချင်တာက ကျမကို အစဉ်သဖြင့် မိန်းမအိမ်သာထဲပဲ ဝင်ခွင့်ပြုစေချင်တယ်။ မိန်းမ အိမ်သာထဲဝင်လို့ ဆွဲထုတ်မယ့် အဖြစ်မျိုးတော့ မလိုချင်ဘူး။ အမျိုးသမီးတွေနဲ့ ရှယ်ပြီး သုံးလို့ရမယ်ဆိုရင်တော့ ရှယ်ပြီးပဲ သုံးချင်တယ်။ နောက်ထပ် တခု မလိုချင်ဘူး” ဟု ပြောသည်။
တိုးတက်ဖွံ့ဖြိုးနေသည့် နိုင်ငံများတွင်ပင် LGBT များအတွက် သီးခြားသန့်စင်ခန်း ဆောက်လုပ်ပေးရေးမှာ အဆင်ပြေမှု မရှိသေးကြောင်း Triangle Women’s Support Group မှ ဒါရိုက်တာ မခင်လေးက ထောက်ပြထားသည်။
မခင်လေး က “ကျမအနေနဲ့ ဆိုရင်တော့ ဒါက သူတို့ရဲ့အဆင်ပြေမှုပေါ်မှာပဲ မူတည်တယ်။ ကျမတို့နဲ့ သူတို့တွေက ဘာမှ မကွဲပြားဘူး။ အတူတူပဲဆိုတာ ပြဖို့လိုရင်တော့ တသားထဲရှိကြဖို့ရှိတယ်။ အကယ်၍ သူတို့မှာ ဒီလိုအိမ်သာတွေ အတူတူ တက်တဲ့ အတွက် အကြမ်းဖက်ခံရတာတွေနဲ့ တခြားသော ကိစ္စတွေရှိရင်တော့ ကျမတို့ သီးသန့်စဉ်းစားပေးရမှာပေါ့” ဟု မှတ်ချက်ပြုသည်။
သန့်စင်ခန်းများသည် လူများ၏ အညစ်အကြေးများ စွန့်ပြစ်သော နေရာဖြစ်သဖြင့် သန့်စင်ခန်း အဖြစ်ဖြင့်သာသဘော ထားပြီး ကန့်သတ်မှု မထားစေလိုကြောင်း၊ ထို့ကဲ့သို့ ဝင်ခွင့်ပြုသည့်အတွက် လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှု ပြဿနာများဖြစ်လာပါက လည်း ထိထိရောက်ရောက် အရေးယူပေးစေလိုသည်ဟု LGBT အများစုက ဆိုကြသည်။
မရှင်းသန့် က “လူတွေရဲ့အတွေးအခေါ်တွေပြောင်းဖို့လိုတယ်။ ဒီအိမ်သာကိစ္စက အရမ်းနက်နဲတယ်။ ကျမတခုပဲ တောင်းဆို ချင်တယ်။ တရားဥပဒေ စိုးမိုးမှုရှိဖို့လိုတယ်။ ကျမတို့က လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ရင် ထိထိရောက်ရောက် အရေးယူပါ” ဟု ဆိုသည်။