ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင်းက မိရိုးဖလာ ကော်ဖီလုပ်ငန်းကို ဦးစီးနေသူတဦးဖြစ်တဲ့ ဒေါ်စုစုအောင်သည် ငယ်စဉ်ကတည်းက အမေနှင့် အဖွားဖြစ်သူကို ကူညီရင်း ကော်ဖီသီးဆွတ်သည်ကအစ စိုက်ခင်းမှာ ပျော်သူ ဖြစ်သည်။
ယခုအခါ သူ အရွယ်ရောက်ကတည်းက လုပ်ကိုင်သော မိသားစု စီးပွားရေး ကော်ဖီစိုက်ပျိုးခြင်းကိုရော ဒေသတွင်း ကော်ဖီစိုက်တောင်သူများထံမှ ကော်ဖီစေ့များဝယ်ယူကာ အခြားပြင်ပ ဈေးကွက်မှာ ပြန်လည်ရောင်းချခြင်းကိုပါ လုပ်ကိုင်နေသည်။
အသက် ၄၅ နှစ်အရွယ်ရှိသည့် ဒေါ်စုစုအောင်သည် သူ၏ ကိုယ်ပိုင်အမှတ်တံဆိပ် ကော်ဖီ Amara Arabica (အမရာ ကုန်းမြင့်ကော်ဖီ) ကို စတင် ထုတ်လုပ်ရောင်းချနေသည်။ ကော်ဖီထုတ်လုပ်မှု၏ မည်သည့် အဆင့်တွင်မှ ဓာတုပစ္စည်းများ အသုံးပြု ခြင်းမရှိပေ။
အမရာ (Amara) ကော်ဖီစေ့နှင့် ကော်ဖီမှုန့် ၂ မျိုးလုံးက အလွန်ရနံ့မွှေးသော ကော်ဖီဖြစ်သည်။ စတင် ထုတ်လုပ်သည့် ၂၀၁၇ ခုနှစ်မှ စ၍ ဒေသတွင်းတွင် လူသိများလာခဲ့သည်။ သို့သော် နိုင်ငံတဝှမ်းရှိ ဆိုင်များတွင် ယခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် မရနိုင်သေး။ အမှာစာများ ပိုမို ရရှိလာသည်နှင့်အမျှ မိသားစုပိုင် စီးပွားရေး လုပ်ငန်းကို တိုးချဲ့ရန် အစီအစဉ်များ ရှိနေသည်။
“စတုန်းကတော့ ကော်ဖီမှုန့်ကို ရောင်းစားမယ်ဆိုပြီး လုပ်တာ မဟုတ်ခဲ့ဘူး။ လက်ကျန်ကော်ဖီစေ့ လှော်ပြီး လက်ဆောင်ပေးရင်း ရောင်းဖို့ပြောလာကြတယ်။ ကိုယ့်ကော်ဖီကို နိုင်ငံခြားက လူတွေတောင် ကြိုက်တယ်။ ကိုယ့်မိတ်ဆွေတွေလည်း ဒါလေးတော့ သောက်စေချင်တယ်။ အရသာ သိစေချင်တယ်ဆိုပြီး လုပ်လိုက်တာက စီးပွားရေးတခုလို ဖြစ်သွားတာ။ ကျနေ်ာထုတ်တဲ့ကော်ဖီကို ကုန်ကြမ်းကောင်းကောင်းလေး ရွေးသုံးတယ်။ ပြည်တွင်းရောင်းမှာမို့ ကော်ဖီမကောင်းတဲ့ဟာ လှော်တာမျိုးမရှိဘူး” ဟု ဒေါ်စုစုအောင်က လုပ်ငန်းစဖြစ်ပုံကို ရှင်းပြသည်။
အပြုသဘောဆောင်သည့် တုန့်ပြန်မှုများ ရရှိခဲ့ခြင်းက မြန်မာပြည်တွင်းထုတ်ကော်ဖီကို နှစ်သက်သူများ ဈေးကွက်အတွက် ထပ်မံထုတ်လုပ်ရန် သူ့ကို တွန်းအားဖြစ်စေခဲ့သည်။
လွန်ခဲ့သော ၃ နှစ် အထိ ရွာငံမြို့နယ်မှ တနိုင်တပိုင် ကော်ဖီစိုက်ပျိုးသူများသည် များသောအားဖြင့် ကော်ဖီစေ့ ကုန်ကြမ်းများကို ရှမ်းပြည်နယ် အောင်ပန်းမြို့ သို့မဟုတ် မန္တလေးမှ ကော်ဖီကုန်ချောထုတ်သူများ၏ ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချကြသည်။ ကော်ဖီစေ့များကို အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ်သို့ ပြုလုပ်ပေးနိုင်သည့် နည်းလမ်းများ မရှိခဲ့သေးသောကြောင့် ဖြစ်သည်။
ထိုအခြေအနေက ပြီးခဲ့သည့် ၃ နှစ် အတွင်းတွင် အမေရိကန်က ငွေကြေးထောက်ပံ့ပေးသည့် Value Chains for Rural Development စီမံကိန်း၏ ကျေးဇူးကြောင့် ပြောင်းလဲသွားခဲ့သည်။ အဆိုပါ စီမံကိန်းက ကော်ဖီလုပ်ငန်းကို အဓိကထားပြီး မြန်မာနိုင်ငံကော်ဖီအသင်း(Myanmar Coffee Association) နှင့် ပူးပေါင်းဆောင်ရွက်သည်။ ကော်ဖီစိုက်တောင်သူများအား အရည်အသွေးမြင့် ကော်ဖီများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာများကို စီမံကိန်းက လေ့ကျင့်သင် ကြားပေးသည်။
ကော်ဖီချစ်သူများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့်လည်း မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးခဲ့ခြင်း ဖြစ်သည်။ ရွာငံ ကော်ဖီအစုအဖွဲ့ သည် မြန်မာနိုင်ငံကော်ဖီအသင်းတွင် ပါဝင်သော အစုအဖွဲ့ ၇ ခု အနက်မှ တခုဖြစ်သည်။ ရွာငံတွင် အဆင့်မြင့် ကုန်းမြင့်ကော်ဖီ (Arabica coffee) များ ထုတ်လုပ်နေသည့် ကော်ဖီစိုက်ပျိုးသူ ၁၀၀၀၀ ကျော်ရှိသည်လည်း သိရသည်။
အရည်အသွေးမြင့် ကော်ဖီစေ့များ ထုတ်လုပ်ရန် လိုအပ်သည့် နည်းပညာမျာ းရရှိနိုင်မှု နှင့် ကော်ဖီဈေးကွက်များသို့ ပိုမို ချိတ်ဆက်လာနိုင်ခြင်းက ဒေသခံတောင်သူများ၏ ထွက်ကုန် ကော်ဖီ တန်ပေါင်းထောင်ချီကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ် အပါအဝင် အာရှဈေးကွက်များအပြင် ဥရောပနှင့် အမေရိကန် တင်ပို့ နိုင်စေခဲ့သည်။
၂၀၁၅-၁၆ ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၈ ခုနှစ် အောက်တိုဘာလအထိ နယ်စပ် ကုန်သွယ်ရေး အပါအဝင် စုစုပေါင်း ကော်ဖီနိုင်ငံခြားတင်ပို့မှုက မက်ထရစ်တန် ၁၅၀၀ ကျော်ရှိပြီး တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၂ သန်း ကျော်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီ အသင်း ဥက္ကဌ ဦးရဲမြင့်၏ အဆိုအရသိရသည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တခုတည်း အတွင်းမှာပင် မက်ထရစ်တန် ၄၇၇ ကျော် တင်ပို့နိုင်ခဲ့သည်။
ဒေါ်စုစုအောင်သည်လည်း ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အရည်အသွေးမြင့် ကော်ဖီစေ့များထုတ်လုပ်ရန် အမေရိကန်က ငွေကြေးထောက်ပံ့ပြီး WinRock International မှ ပြုလုပ်သည့် သင်တန်းအစီအစဉ်တခုမှ တဆင့် စတင်လေ့လာခဲ့သည်။ WinRock International သည် မြန်မာနိုင်ငံမှ ကော်ဖီစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများကို ကူညီနေသည့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခု ဖြစ်သည်။ ထိုနောက်မှ ၆ လကြာသည့်အခါ ဒေါ်စုစုအောင်က သူ၏ မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ အခြားသော ကော်ဖီစိုက်တောင်သူများ (အများစုမှာ အမျိုးသမီးများဖြစ်သည်) နှင့် အတူ USAID ၏ ထောက်ပံ့ငွေ လျှောက်ထားခဲ့သည်။
Amara ကော်ဖီစက်ရုံ စတင်တည်ဆောက်ရေးအတွက် value chain စီမံကိန်းက သူ့ကို ကူညီပေးခဲ့သည်။ သူ၏ ကွန်ရက်အတွင်းမှ ကော်ဖီစိုက်တောင်သူတိုင်း စက်ရုံတွင် ကြိတ်ခွဲ ပြင်ဆင်ထုတ်လုပ်နိုင်သည်။ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအတွက် ကော်ဖီ “cupping” (ကော်ဖီ ၏ အနံ့နှင့် အရသာကို စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်) နှင့် အရည်အသွေး ထိန်းချုပ်ရေးတို့နှင့် ဆိုင်သည့် သင်တန်း အစီအစဉ်များကိုလည်း လက်ခံကျင်းပပေးနေသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ရွာငံမြို့နယ်ရှိ Amara ကော်ဖီစက်ရုံ၌ ဧရာဝတီက ဒေါ်စုစုအောင်နှင့် တွေ့ဆုံခဲ့သည့်အချိန်တွင် သူက သူ၏ စက်ရုံတွင် လက်ခံပြုလုပ်သော အရည်အသွေး စစ်ဆေး အကဲဖြတ်ရေး သင်တန်း အစီအစဉ်တခုတွင် တက် ရောက်နေချိန်ဖြစ်သည်။
“WinRock က သင်ကြားပေးတဲ့ နည်းက သဘာဝ အတိုင်း အခြောက်ခံတဲ့ နည်းစနစ် ဖြစ်တယ်။ အဲဒါက အရည်အသွေး ပိုကောင်းတဲ့ ကော်ဖီစေ့တွေ ထုတ်လုပ်ပေးတယ်။ ၂၀၁၅-၁၆ မှ speciality coffee (ကော်ဖီစိုက်သူကိုယ်တိုင် ထုတ်လုပ်တဲ့ အထူးကော်ဖီ) တွေ နည်းနည်းခေတ်စားလာတယ်။ ကျမတို့က ရွာငံကော်ဖီကို အထူးကော်ဖီ အမှတ်တံဆိပ်တခု အနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒါက (၂၀၁၆ မှာ) အမေရိကန်ဈေးကွက်မှာ ပွဲဦးထွက်ခဲ့ပါတယ်” ဟု ဒေါ် စုစုအောင်က ပြောသည်။
ယခုအခါ Amara ကော်ဖီစက်ရုံက ရွာငံမြို့နယ်ရှိ ကျေးရွာ ၂၀ မှ မိသားစု ၃၀၀ ခန့်ကို အကျိုးပြုနေသည်။ သူတို့၏ ကော်ဖီ စေ့များကို အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးနေသည်။ စက်ရုံက ၂၀၁၇ ခုနှစ်တွင် အထူးပြု ကော်ဖီ တန်၂၀ ထုတ်လုပ်ပေးခဲ့ပြီး၊ ယခင် တနှစ်ကထက် ၂ ဆ ပို၍ ထုတ်လုပ်ခြင်း ဖြစ်သည်။
သူက အမရာ အမျိုးသမီးကော်ဖီ စိုက်ပျိုးထုတ်လုပ်သူများအဖွဲ့ ကိုလည်း ဦးဆောင်နေသည်။ အဆိုပါ အဖွဲ့က အနီးပတ်ဝန်းကျင် ကျေးရွာများမှ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနေသည်။
ယခုအခါတွင် ကော်ဖီစိုက်တောင်သူများကိုယ်တိုင် အမေရိကန်နိုင်ငံကဲ့သို့ ဈေးပိုရသော နိုင်ငံတကာဈေးကွက်သစ်များသို့ တင်ပို့ရောင်းချကြသည်။ “သူတို့ရဲ့ ဝင်ငွေလည်း တိုးလာခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ကော်ဖီစေ့ ဈေးနှုန်းက မြင့်တက်လာတယ်။ အလုပ်သမားတွေ အနေနဲ့ အခုဆိုရင် တလကို ကျပ် ၁ သိန်း လောက် အနည်းဆုံး ရကြတယ်” ဟု ၎င်းက ရှင်းပြသည်။
သို့သော်လည်း အခြားသော သီးနှံများကဲ့သို့ပင် ကော်ဖီစိုက်ပျိုးခြင်းက ရိတ်သိမ်းခူးဆွတ်သည့် ရာသီတွင် လုပ်သား အင်အား ပို၍ လိုအပ်သည်။ ရွာငံမှ ကော်ဖီစိုက်တောင်သူ အများအပြားက ၎င်းတို့ ကိုယ်ပိုင်စိုက်ခင်းများတွင် လုပ်ကိုင်သူများ ဖြစ်ကြသည်။
နီရဲရဲ ကော်ဖီချယ်ရီသီးများက ခူးဆွတ်ရန် အသင့်ဖြစ်လာသည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် လုံလောက်သည့် အလုပ်သမား ရရှိရေးက ခက်ခဲသည်ဟု ဒေါ်စုစုအောင်က ဆိုသည်။
( Nyein Nyein ၏ Shan State’s ‘Coffee Lady’ Moves up the Value Chain ကို ဘာသာပြန်ဆိုသည်။)