အိမ်ထောင်မရှိသူ,ကလေးမရှိသေးတဲ့ လူလွတ်အမျိုးသမီးတွေ အနေနဲ့ လုပ်ငန်းခွင်ဝင်ရာမှာ နောက်ဆံမတင်း အဆင်ပြေပေမယ့် ကလေးမိခင် ဖြစ်သွားသူတွေမှာ လုပ်ငန်းခွင်ဝင်ဖို့ ခက်ခဲနေသူတွေ အများအပြားရှိနေပါတယ်။
မီးဖွားပြီးတဲ့ အိမ်ထောင်ရှင်မတယောက်အနေနဲ့ ကလေးငယ်ကို အိမ်မှာစိတ်ချစွာ ထားခဲ့နိုင်ဖို့က အဓိက ဖြစ်သလို စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ဖို့ လည်း လိုအပ်တာပါပဲ။
“အနောက်တိုင်းမှာက ကလေးမွေးပြီးအလုပ်ပြန်ဝင်တာ တော်တော်ရှားတယ်လို့ သိရတယ်၊ ဒါကတော့အမတို့ နဲ့တွဲဖက်လုပ်ကိုင်နေတဲ့ survey အဖွဲ့အစည်းအရ သိရတာ၊ အမတို့ကတော့ လက်ရှိCompany အကြီးတွေနဲ့ပဲ အဓိကလုပ်ကိုင်နေသေးတာဆိုတော့ လက်ရှိမှာ မီးဖွားပြီး အလုပ်ပြန်ဝင်တာ ၉၀%လောက်ရှိတယ်”လို့ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်းရဲ့ Country Director ဒေါ်ကျော့ကေသီဝင်းက ပြောပါတယ်။
မီးဖွားပြီးကာစ အမျိုးသမီးတယောက်အနေနဲ့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ဖို့က ငွေကြေးကလည်း အဓိက ကျပါတယ်။ လက်ရှိစီးပွားရေးအခြေအနေအရ အိမ်ထောင်တခုမှာ သားသမီးရှိလာပါက အိမ်ထောင် ဦးစီးတယောက် ရဲ့ဝင်ငွေနဲ့ ရပ်တည်လို့ မရနိုင်တဲ့ အခါ အိမ်ရှိလူစေ့ အလုပ်ထွက်လုပ်ကြရတော့တာပါပဲ။
အချို့အိမ်ထောင်ရှင်မတွေရဲ့ ပြောဆိုချက်အရ ကလေးတယောက်ရဲ့ တလစာ ကုန်ကျစရိတ်က မိသားစု ၃ဦးရဲ့စားရိတ်နဲ့ ထပ်တူညီနေတယ်လို့ သိရပါတယ်။
” အမေနို့တိုက်ရတုန်းက အရမ်းပင်ပန်းတယ်။ကလေးက ညဆိုတနာရီခြား တခါနို့စို့တော့ အိပ်ရေး က မဝ။လူလည်း ပင်ပန်းပြီး ကလေးသုံးလအရွယ်မှာ ဝိတ်တဝက်လောက်ကျသွားတယ်။ ဘယ်သူမှ ကူလို့လည်း မရလေ။အဲဒါကြောင့် အလုပ်ပြန် မဝင်ဖြစ်တာ “လို့ အိမ်ထောင်ရှင်မတဦးဖြစ်တဲ့ မဝေယံက ပြောပါတယ်။
မဝေယံရဲ့အမျိုးသားဖြစ်သူက ကလေးရဲ့ဝေယျာဝစ္စကူညီ လုပ်ကိုင်ပေးပေမယ့် မိခင်ကိုယ်တိုင်လုပ်ရမယ့် လုပ်ငန်း ဆောင်တာ များတာကြောင့် မီးဖွားပြီးစ အမျိုးသမီးတွေအနေနဲ့ အလုပ်ခွင် ပြန်မဝင်ဖြစ်ရတဲ့ အကြောင်းအရင်း တခုလည်းဖြစ်တယ်။
ဖိနပ်စက်ရုံတခုမှာ မန်နေဂျာ တဦးဖြစ်တဲ့ မအေးကတော့ အမျိုးသားဖြစ်သူက ခွင့်မပြုတာကြောင့် လုပ်ငန်းခွင် ပြန်မဝင်ရသေးဘူးလို့ ပြောပြတယ်။
“ကလေးမွေးကာနီးမှာ အလုပ်ထွက်ခဲ့တယ်။ သား ၆ လလောက်မှာ အလုပ်ပြန်လုပ်ဖို့ ပြောပေမယ့် အမျိုးသားက ခွင့်မပြုဘူး၊ အခု သားလေး တနှစ်ကျော်အရွယ်ရှိပြီ။ အကြောင်းကတော့ ကလေးကို ကူညီ ထိန်းပေးကြည့်ပေးမယ့်သူ မရှိတာပါ။ ကိုယ်တွေက စုဆောင်းထားတာလည်း မရှိတဲ့သူဆိုတော့ နောင်ရေးအတွက် ဝင်ငွေပြန်ရှာချင်တဲ့စိတ် ရှိတာပေါ့။ ” လို့ မအေးက ရှင်းပြတယ်။
ကလေးထိန်းသူ ကို ငှားဖို့ စိတ်ကူးရှိကြတဲ့ မိခင်တချို့ရှိပေမယ့်လည်း ယနေ့ခေတ်အခါမှာ ဖြစ်နေတဲ့ မှုခင်းတွေကို မြင်ယောင်ပြီး စိတ်မချ ဖြစ်ကြသလို ငှားရမ်းခ ငွေကြေးကလည်း စကားပြောတယ်လို့ ပြောကြပါတယ်။
မအေးလိုပဲ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးအများစုကမီးဖွားပြီးနောက်ပိုင်း လုပ်ငန်းခွင် ပြန်ဝင်ဖို့ အခက်အခဲရှိကြတယ်။ လူ ၁၀ယောက်မှာ ၇ယောက်လောက်က လုပ်ငန်းခွင် ပြန်မဝင်နိုင်ကြဘူးလို့ သိရတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ စကားဝိုင်းမှာ နေ့ကလေးထိန်းဌာနများ ပေါ်ပေါက်ရေး လိုအပ်နေတဲ့အကြောင်း ထည့်သွင်းဆွေးနွေးထားပါတယ်။ ဒါကလည်း တိုင်းပြည်ထူထောင်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်နေချိန်မှာ အထူးလိုအပ်နေတဲ့ကိစ္စ ဖြစ်တယ်။
အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများလာသလို အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တွေလည်း များလာတဲ့အချိန်မှာ နေ့ကလေးထိန်းဌာနတွေက အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်နေပါ တယ်။
လုပ်ငန်းခွင်ဝင်မယ့် အမျိုးသမီးတွေအတွက် အဓိက ရင်ဆိုင်နေရတဲ့အခက်အခဲက ကလေးမီးဖွားပြီး နောက် အလုပ်ဝင်ကြမယ့် မိခင်တွေအတွက် မိမိရင်သွေးကို စိတ်ချယုံကြည်စွာအပ်နှံထားခဲ့နိုင်မယ့် နေရာတခု လိုအပ်နေတာဖြစ်တယ်။
ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ မှန်ကန် စနစ်ကျတဲ့ နေ့ကလေးထိန်းဌာနတွေ ဖြစ်ပေါ် လာရေးအတွက် ကူညီပေးနိုင်ရင်ဖြင့် အမျိုးသမီးတွေ ပိုမိုအလုပ်လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။
‘‘ကိုယ်က အလုပ်ထွက်လုပ်တဲ့အခါ ကလေးတွေကို အိမ်မှာထားခဲ့ရတော့ စိတ်မချဖြစ်ရတယ်။ အိမ်ကိုပြန်ရောက်ရင် သူတို့တွေက အိမ်ဝမှာစောင့်နေကြတယ်။ ဥပမာ ကလေးက ငိုနေတယ်ဆိုရင် ကိုယ့်က အလုပ်လုပ်ပြီး ပြန်လာတယ်ဆိုပေမယ့် ကိုယ်က လျှောက်လည်ပြီး ပြန်လာတဲ့ ပုံစံမျိုးလိုဖြစ်နေတယ်။ ယောကျာၤးကလည်း မကြည်မလင်နဲ့ မျက်နှာမကောင်းဘူး။’’ လို့ Masterchefရဲ့ ဒိုင်ဖြစ်သူ ဒေါ်ဖြူဖြူတင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးုလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုက စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးနိုင်တဲ့အပြင် ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်တာကြောင့် ကလေးမိခင်တွေ အိမ်ပြင်ထွက် အလုပ်လုပ်နိုင်ရေး နေ့ကလေးထိန်းကျောင်းတွေ ပိုမိုဖန်တီးတာ, ရုံးများ, ကုမ္ပဏီများမှာ Day care center တွေ ပြုလုပ်ပေးတာမျိုး လုပ်ဆောင်ပေးမယ်ဆိုရင် တိုင်းပြည်အတွက် ပိုမိုကောင်းမွန်စေလို အိမ်ပြင်ထွက် အလုပ်လုပ်လိုတဲ့ မိခင်တွေအတွက်လည်း အဆင်ပြေစေမှာပါ။
Cardno Myanmar မှ HR Coordinator မပန်းဝတ်ရည်က ” အဓိကကတော့ ရိုးရာယဉ်ကျေးမှု အယူ အဆတွေ လွှမ်းမိုးနေတာလည်းပါပါတယ်။ အမျိုးသမီးထုအနေနဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်တဲ့ အခါမှာ သူတို့ကလေးရလာတယ်။ အိမ်ထောင်ကျသွားတဲ့အခါ အဲ့ဒီအမျိုးသမီး သည် အိမ်မှာပဲ နေရမယ်။ ကလေးကိုပဲ ဂရုစိုက်စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးအမြင်တွေရှိနေတဲ့အခါ ကျတော့ အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှု ပိုင်းကို ရောက်ဖို့ နှောင့်နှေးသွားတယ်။”လို့ ထောက်ပြတယ်။
ယနေ့အချိန်မှာတော့ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီအချို့ဖြစ်တဲ့ FMI၊ ကမ္ဘောဇ၊ဧရာ၊ရွှေတောင်၊ပါရမီenergy၊ city markတွေမှာ ကလေးနို့တိုက်ဖို့ အခန်းသီးသန့်လုပ်ပေးထားတာမျိုး ရှိလာပြီလို့လည်းသိရပါတယ်။
အစိုးရဌာနတခုမှာ အလုပ်လုပ်ဖူးတဲ့ မသီတာက ” အလုပ်မလုပ်တော့ဘူး။ အိမ်မှာပဲ ကလေးထိန်း တော့မယ်။ လုပ်ကြည့်ပြီးပြီလေ။ ရုံးဆိုတော့ လူဝင်လူထွက်ကများတယ်။ အားလုံးကကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ် နေတာဆိုတော့ ကူပေးဖို့လည်း မဖြစ်နိုင်ဘူး “လို့ ပြောပါတယ်။
အိမ်ဝင်ငွေရှာဖွေချင်ရုံမဟုတ်ဘဲ လူလွတ်ဘဝတုန်းက ရှိခဲ့တဲ့ အရည်အသွေးတွေ, လုပ်နိုင်စွမ်းတွေကို ကျဆင်းမသွားအောင်, အရည်အချင်းကို ဆက်လက်မြှင့်တင်ချင်တဲ့ မိခင်တွေလည်း ရှိပါတယ်။
စီးပွားရေးလုပ်ငန်းတခုမှာ ထိပ်တန်းရောက်နေတဲ့အမျိုးသမီးတဦးက အိမ်ထောင်ရှင်မိန်းမတွေ အလုပ်လုပ်တယ် ဆိုတာ အိမ်အပြင်ထွက်ပျော်ပါးချင်လို့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိချင်လို့ပါလို့ မှတ်ချက်ပြုဖူးပါတယ်။