ပြိုင်ဘက်ကင်း ကမ္ဘာ့ချန်ပီယံ ဖြစ်ချင်တဲ့ မြန်မာ့စပါးအုံးမ
မြန်မာလူမျိုး မိခင်မှ မွေးဖွားလာသည့် သူ့ကို Burmese Python ဟု ခေါ်ကြသည်။ အသက် ၂၅ နှစ်အရွယ်ရှိ နီကိုလာ သည် လက်ရှိတွင် ဗြိတိန်နိုင်ငံတွင် နေထိုင်ပြီး ကမ္ဘာ့တိုက်ကွမ်ဒိုချန်ပီယံ၊ မြေထဲပင်လယ် တိုက်ကွမ်ဒိုချန်ပီယံ၊ ကေဝမ်း ဗြိတိသျှချန်ပီယံ၊ အပျော်တမ်းကေဝမ်းဗြိတိသျှချန်ပီယံ၊ x2 အပျော်တမ်း တောင်ပိုင်းနယ်မြေချန်ပီယံ အဖြစ် ရရှိထားသူ ဖြစ်သည်။ မြန်မာသွေးနှောသူ၊ ချန်ပီယံဆုပေါင်းများစွာ ရရှိထားသူ နီကိုလာ – Nicola M Barke ကို ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ နီကိုလာရဲ့ကိုယ်ရေးအကျဉ်း ကို ပြောပေးပါအုံး။
ဖြေ။ ။ ကျမနာမည် နီကိုလာ- Nicola M Barke ပါ။ အသက် ၂၅ နှစ်ရှိပြီး ဗြိတိန်နိုင်ငံမှာ နေထိုင်ပါတယ်။ ကျမဟာ တိုက်ကွမ်ဒို၊ ကေဝမ်းနဲ့ မွေထိုင်းကိုယ်ခံပညာတွေ သင်ယူတတ်မြောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကနေစပြီး လက်ဝှေ့ထိုးသတ်ခြင်းနဲ့ အသက်မွေးခဲ့ မြန်မာ့စပါးအုံးမ ( Burmese Python ) ဆိုပြီး ဖြစ်လာပါတယ်။
မေး။ ။ နီကိုလာရဲ့ မိဘမောင်နှမအကြောင်းလည်း ပြောပြပါအုံး။
ဖြေ။ ။ကျမအမေကို ရန်ကုန်မှာ မွေးပါတယ်။ ကျမအဘိုးနဲ့အဘွားတွေလည်း မြန်မာပြည်မှာပဲ မွေးတာပါ။ အဖေကတော့ အီတာလျံနွယ်ဖွားပါ။ မောင်လေးကိုတော့ အင်္ဂလန်မှာမွေးပါတယ်။
မေး။ ။ နီကိုလာလက်ဝှေ့ထိုးတဲ့အပေါ် မိဘတွေ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ။ ။ တကယ်လို့ ကျမက ဘဲလေးကချေသည်လုပ်မယ်ဆိုရင်လည်း ကျမမိဘတွေက ခွင့်ပြုမယ်လို့ ထင်ပါတယ်။
မေး။ ။ နီကိုလာရဲ့ ဝါသနာ၊ ရည်မှန်းချက်နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က ဘာတွေများဖြစ်မလဲ။ ကျောင်းတက်နေတုန်းလား။
ဖြေ။ ။ လက်ရှိတော့ ဒစ်ဂျစ်တယ်မားကက်တင်းလုပ်နေပါတယ်။ ညနေပိုင်း အလုပ်အားတဲ့အချိန် ကျမ လက်ဝှေ့လေ့ကျင့်ပါတယ်။ ဒါက တနေ့တာအတွက် ကျမအကြိုက်ဆုံးအလုပ်ပါ။ တိုက်ကွမ်ဒိုလည်း လေ့ကျင့်ခဲ့ပြီး ကမ္ဘာ့အဆင့်နိုင်ခဲ့ဖူးပါတယ်။ နောက်ထပ် ကျနော့်ရည်မှန်းချက်ကတော့ ပြိုင်ဘက်မရှိ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ပါပဲ။
မေး။ ။ဘယ်အရွယ်မှာ လက်ဝှေ့စထိုးခဲ့တာလဲ။
ဖြေ။ ။ ၂၀၀၉ ခုနှစ်မှာ ပထမဆုံးကိုယ်ခံပညာသင်ခဲ့ပါတယ်။ ပထမဆုံးကိုယ်ခံပညာအဖြစ် တိုက်ကွမ်ဒိုကစားခဲ့ပြီးတော့ ၂၀၁၂ ခုနှစ်မှာ တိုက်ကွမ်ဒိုနဲ့ ကမ္ဘာ့အဆင့် ရခဲ့ပါတယ်။ နောက်တနှစ် ထပ်ပြီးတော့ တိုက်ကွမ်ဒိုကစားခဲ့ပြီးတဲ့နောက်မှာ ကေဝမ်းနဲ့ မွေထိုင်း စလေ့ကျင့်ပါတယ်။ ကေဝမ်းဆိုတာက ကစ်ဘောက်ဆာ၊ ကရာတေးနဲ့ကွန်ဖူးပညာတွေကို ရောထားတာပါ။ ဗြိတိန်က အကြီးဆုံး gym အားကစားရုံ တခုဖြစ်တဲ့ လုတွန်အရပ်က Storm gym နည်းပြဆရာ အေမာစူဘစ်စစ်ဆီမှာ ကိုယ်ခံပညာသင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကေဝမ်းနဲ့ အပျော်တမ်းအဆင့် တတ်မြောက်ခဲ့ပြီးတော့ ဗြိတိသျှအပျော်တမ်းအဆင့် အနိုင်ခဲ့ရဖူးပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကေဝမ်းပညာနဲ့ စတင် အသက်မွေးခဲ့ပြီးတော့ အဲဒီနှစ်အကုန်ပိုင်းမှာ ဗြိတိသျှကျွမ်းကျင်အဆင့် ရခဲ့ပါတယ်။ ကျမရဲ့အနာဂတ်အိပ်မက်ကတော့ ပြိုင်ဘက်ကင်းတဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ရေးပါပဲ။

မေး။ ။ လက်ဝှေ့ထိုးဖို့ ဘယ်လိုဖြစ်တည်လာတာလဲ။
ဖြေ။ ။ ကျမ ကလေးဘဝတုန်းက ဘဲလေးအက ကျင့်ကြည့်တာ အဆင်မပြေဘူး။ အဲဒါနဲ့ ဘဲလေးနဲ့ငါနဲ့ အဆင်မပြေတော့ဘူး၊ ဒါနဲ့ ဆန့်ကျင်ဘက်လုပ်မှပဲလို့ တွေးမိလာတယ်။ တိုက်ကွမ်ဒိုစကျင့်တယ်။ အဲဒီနှစ်ခုစလုံးမှာ အဆင်ပြေခဲ့ပေမယ့် တိုက်ကွမ်ဒိုကစားရတာက ပျော်လာပြီး ပိုကောင်းအောင် အပြင်းအထန်ကြိုးစားရပါတယ်။
မေး။ ။ ပွဲပေါင်း ဘယ်နှပွဲထိုးပြီးပြီလဲ။
ဖြေ။ ။ အပျော်တမ်း ကေဝမ်း၊ ကစ်ဘောက်ဆာ၊ မွေထိုင်းမှတ်တမ်း ၈ ပွဲပြိုင်၊ ၇ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၃ Kos၊ ကျွမ်းကျင်အဆင့် ကေဝမ်းမှတ်တမ်း မှာ ၅ ပွဲပြိုင်၊ ၅ ပွဲနိုင်၊ ရှုံးပွဲမရှိ ဖြစ်ပါတယ်။
မေး။ ။ ပထမဆုံး လက်ဝှေ့ထိုးဖြစ်တဲ့ကြိုးဝိုင်းထဲအတွေ့အကြုံကို ပြောပြပါလား။
ဖြေ။ ။ ကျမ ပထမဆုံး ကေဝမ် စထိုးတော့ ရှုံးခဲ့တယ်။ ဟုတ်ပြီ။ အရာရာတိုင်းဟာ အကြောင်းရင်းတခုစီအတွက် ဖြစ်တာဆိုတော့ အခုဆိုရင် အဲဒါတွေအားလုံးကို အကောင်းဆုံးနဲ့အကြံ့ခိုင်ဆုံးဖြစ်အောင် လုပ်ခဲ့ပြီးပါပြီ။ တနေ့နေ့မှာ ပြန်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ကျမ သူ့ကို ထိုးဖို့အတွက် အသင့်ဖြစ်ရုံမက ကျော်လွန်နေပါပြီ။ လူတိုင်း ကျမကိုပြောတာက အလဲထိုးမခံခင်အထိ ကျမ နိုင်နေခဲ့တယ်ဆိုတာပါ။
မေး။ ။ ဘောက်ဆင်ထိုးတဲ့အခါမှာ မင်းအတွက် စိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ။ ။ လေ့ကျင့်တုန်းက ကျမသိလိုက်ရတဲ့အကြီးမားဆုံး စိန်ခေါ်မှုကတော့ ရပ်လိုက်ဖို့ပါပဲ(ရယ်လျက်)။ ကျမနည်းပြက အားကစားရုံမှာ အလဲထိုးပြီး လေ့ကျင့်ခဲ့တုန်းက ပျော်ခဲ့ပါတယ်။ အိမ်တောင် မပြန်ချင်ပါဘူး။ အားကစားရုံမှာပဲ သူနဲ့အမြဲတမ်း လေ့ကျင့်ချင်နေမိပါတယ်။

မေး။ ။ ဗြိတိန်မှာပဲ အမြဲထိုးတာလား။ ဗြိတိန်ပြင်ပမှာရော အတွေ့အကြုံရှိလား။
ဖြေ။ ။ နိုင်ငံအတော်များများမှာ ကျမထိုးပြီးပါပြီ။ ကနေဒါနဲ့အီတလီမှာ တိုက်ကွမ်ဒိုကစားခဲ့ပါတယ်။ ပေါ်တူဂီနဲ့တရုတ်မှာလည်း ကေဝမ်းထိုးခဲ့ပြီးပါပြီ။ အကြိုက်ဆုံးပွဲကတော့ အမျိုးသမီး ၄ ယောက်တွဲနောက်ဆုံးပွဲစဉ်မှာ ဂျိုပရင့်လို့ခေါ်တဲ့ အမျိုးသမီးကို ထိုးခဲ့ရတာပဲ။ ကျမအတွက်တော့ အဲဒီပွဲဟာ စစ်ပွဲတပွဲပါပဲ။ သိပ်စိတ်လှုပ်ရှားပြီး နှစ်ယောက်ကို တယောက်ပြီးတယောက်ထိုးရတဲ့အခါ ကျမကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးတဲ့နည်းပြကျေးဇူးကြောင့် အထူးသက်လုံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။
မေး။ ။ မြန်မာနိုင်ငံအလံကို သုံးပြီး ယှဉ်ပြိုင်နေတာ ဘာကြောင့်လဲ။ ဘယ်ဟာက အဲဒီလိုသုံးဖို့ တွန်းအားဖြစ်စေတာလဲ။
ဖြေ။ ။ အမေက မြန်မာပြည်မှာမွေးပါတယ်။ သူဟာ ကျမရဲ့ကမ္ဘာပါ။ စွမ်းအားနဲ့အလင်းပေးတဲ့ မီးပြတိုက်ပါ။ အမေ့ကိုယ်စားပြုပြီး အမွေဆက်ခံရတဲ့ ကျမ အင်မတန်မှ ဂုဏ်ယူပါတယ်။ အသန်ဆုံးအပင်တွေမှာ အသန်ဆုံးအမြစ်တွေရှိပါတယ်။
မေး။ ။ မြန်မာနိုင်ငံကို ရောက်ဖူးလား။ မြန်မာပြည်အကြောင်း ဘယ်လောက်သိသလဲ။
ဖြေ။ ။ မြန်မာကို မရောက်ဖူးသေးပေမယ့် ကျမမိသားစုဆီကနေ ကြားဖူးနေပါတယ်။ တနေ့မှာ အမေနဲ့အတူတူ ကျမဘာသာသွားဖို့ စိတ်ကူးထားပါတယ်။ လှပပြီးခိုင်မာတဲ့ ဒီနိုင်ငံသမိုင်းတွေကို စဖတ်ပြီး ကျမကိုယ်ထဲက အမြစ်တွေ ပိုသန်လာစေဖို့ ပညာပေးပါတယ်။
မေး။ ။ မြန်မာပြည်မှာရော ယှဉ်ပြိုင်ပွဲ အတွက် အစီအစဉ်ရှိလား။
ဖြေ။ ။ တနေ့မှာ အံ့အားသင့်စရာ သတင်းကြားရဖို့ ကျမ ဆန္ဒရှိပါတယ်။
မေး ။ ။ အခု မြန်မာပရိသတ်တွေအားပေးမှု အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ မယုံနိုင်လောက်ပါပဲ။ ဟုတ်ပါတယ်။ ကျမကို အားပေးကြတဲ့သူအားလုံးအတွက် ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပါရစေ။ သူတို့အားလုံးဆီက ချစ်ခင်မြတ်နိုးမှုနဲ့ ကြင်နာတဲ့စကားလုံးတွေဟာ ကျမအပေါ်မှာ တကယ့်ကိုပဲ အပြုသဘောနဲ့ လွှမ်းမိုးသလို ခံစားရပါတယ်။ ဒီလို အပြုသဘောတုံ့ပြန်မှုမျိုး ကျမ တခါမှ စိတ်ကူးမကြည့်မိခဲ့ဖူးပါဘူး။ ပရိသတ်အားလုံးကို တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အဲဒီလိုအားပေးမှုရတာဟာ ပိုကြိုးစားဖို့ တွန်းအားတခုအနေနဲ့ စွမ်းပကားတွေ ရရှိစေပါတယ်။ သြော် ကမ္ဘာကြီးမှာ ဘယ်အရာမဆို ဖြစ်နိုင်ပါလားလို့ ပြသလိုက်တာပါပဲ။ ပရိသတ်တွေအားလုံးလည်း သူတို့ကိုယ်စီအိပ်မက်တွေအတိုင်း အကောင်အထည်ဖော်ကြပါလို့ တိုက်တွန်းပါတယ်။ ဒီနေရာမှာ စိတ်စွမ်းအားတစုံဟာ လမ်းဖောက်ပေးတယ်လို့ ကျမ တကယ့်ကို ယုံကြည်မိပါတယ်။
မေး။ ။ “Burmese Python” လို့ ဘာကြောင့်နာမည်ပေးထားတာလဲ။
ဖြေ။ ။ ကျမနည်းပြ အေမာစူဘစ်စစ်က သူမွေးထုတ်ပေးတဲ့ လက်ဝှေ့သမားတွေအားလုံးကို ကြိုးဝိုင်းထဲက နာမည်တွေ သီးခြားပေးပါတယ်။ ကျမအမေရဲ့အမွေနဲ့ ကျမထိုးသတ်ဟန်တို့ဟာ သူ့အတွက် “Burmese Python” လို့ ခံစားမိစေလို့ အဲဒီအချက်တွေပေါင်းစပ်ပြီး သူကပဲ Burmese Python လို့ခေါ်လိုက်တာပါ။ Python(စပါးအုံး)ဆိုတာ ကျမလိုပဲ ပြင်းထန်တယ်။ အကြောက်အလန့်မရှိဘူး။ ကြမ်းကြုတ်တယ်ဆိုတဲ့သဘောပါ။
မေး။ ။ မြန်မာနိုင်ငံက အဲဒီ Burmese Python နာမည်နဲ့ပဲ လက်ဝှေ့ထိုးတဲ့အမျိုးသားတယောက်ရှိတယ်။ နီကိုလာကတော့ အဲဒီနာမည်နဲ့ အမျိုးသမီးပေါ့။ ဘာကြောင့် နာမည်တူနေတာလဲ။
ဖြေ။ ။ ကျမ နည်းပြ အေမာစူဘစ်စစ်က ကြိုးဝိုင်းထဲဝင်ဖို့ နာမည်ပေးတာကို ကေဝမ်းကစားနေတုန်းက သုံးခဲ့တာ ကျမလည်း မသိခဲ့ပါဘူး။ အောင်လအန်ဆန်းလို အင်မတန်စိတ်သဘောထားကောင်းတဲ့လူတယောက်လို ကျမကြိုးဝိုင်း နာမည်ပေးတာ တကယ့်ဂုဏ်တခုပါပဲ။ ဒီနာမည်ကြောင့်လည်း ကျမ ရှေ့ဆက်ဖို့ ခွန်အားတွေ ဆက်တိုးစေပါတယ်။ မျိုးနွယ်စုတိုင်းမှာ အမျိုးသား၊ အမျိုးသမီးဆို ပြောင်းလဲသုံးနှုန်းမှုရှိပါတယ်။ အဲဒါကြောင့် Burmese Python အမ ဖြစ်ရတာကို ကျမ ကျေနပ်မိပါတယ်။
မေး။ ။ မြန်မာလူမျိုးတွေကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ မြန်မာလူမျိုးတွေဟာ အံ့သြစရာကောင်းတယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမ အမေလိုပဲပေါ့။ မြန်မာတွေဟာ ဂရုတစိုက်ရှိတယ်။ သဘောမနောကောင်းတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်တယ်။ အလုပ်ကြိုးစားတယ်။ အမြော်အမြင်ရှိတယ်။ အကောင်းဘက်ကိုမြင်တတ်တယ်။ ချစ်မြတ်နိုးစရာကောင်းပြီး ထာဝရအကောင်းဆုံး ပရိသတ်တွေပါ။ သူတို့အားပေးမှုနဲ့ကြင်နာတဲ့စကားလုံးအားလုံးအတွက် မြန်မာလူမျိုးတွေကိုကျမ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး။