အင်းစိန် ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကလေးငယ်များ၏ စာသင်ကြားသံများ ကြားရသည်။ အမြင်အာရုံချို့ယွင်းနေသည့် ကလေးငယ်များက အားကြိုးမာန်တက် သင်ကြားနေကြသလို ဆရာမကလည်း ဂရုတစိုက် သင်ကြားပေးလျက်ရှိသည်။ ခဝဲခြံ မျက်မမြင်ကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ အမြင်အာရုံချို့တဲ့ကျောင်းသားပေါင်း ၁၆၂ဦးရှိပြီး ၎င်းတို့ကို မျက်မမြင်ဆရာမများကိုယ်တိုင် ဘာသာရပ်၊ အတန်းလိုက် စာသင်ပေးကြခြင်း ဖြစ်သည်။
ထိုကျောင်းမှ ဆရာမလေး စိမ့်အေးနွေသည် ညာဘက်မျက်လုံးတဖက် ကွယ်နေသူဖြစ်ပြီး ခပ်ရေးရေးသာ မြင်ရသည့် ဘယ်ဘက်ခြမ်း မျက်လုံးတဖက်ထဲဖြင့် စာအုပ်ကို အားစိုက်ဖတ်ကာ မျက်မမြင်ကလေးငယ်များကို စာသင်ကြားပေးနေခြင်းဖြစ်သည်။
ကလေးများ၏ ဆရာမဖြစ်သည့် ဆရာမ စိမ့်အေးနွေသည် ရော့ခ်အဆိုတော် ဖြူဖြူကျော်သိန်း၏ နာမည်ကြီးသီချင်းတပုဒ်ဖြစ်သည့် “ မိန်းကလေးတယောက်အသဲ ကွဲနေတယ်”သီချင်းကို ရေးသားခဲ့သည့် တေးသီချင်းရေးသူ လည်း ဖြစ်နေပြန်သည်။
“ အနုပညာလောကထဲမှာ အမြင်မသန်စွမ်းတဲ့ သူရှိနေတဲ့အခါကျတော့ မျက်မမြင်တွေအနေနဲ့ ဆရာမစိမ့် တောင် လုပ်သေးတာ ငါတို့လည်း လုပ်လို့ရပါလားဆိုတဲ့ အသိကြောင့် သူတို့အတွက် အလုပ်အကိုင်အခွင့် အလမ်းရော သူတို့ရဲ့ဘဝမျှော်လင့်ချက်တွေပါ ထားလို့ရသွားမယ်။ ဒါကြောင့် သူတို့ရဲ့ Idolတယောက်အနေနဲ့ ရပ်တည်နေတာပါ”ဟု တေးရေးဆရာမ စိမ့်က ဆိုသည်။
ဆရာမ စိမ့်သည် အမြင်အာရုံမသန်စွမ်းတဦးဖြစ်သော်လည်း ရဲရင့်သွက်လက်နေသည့် ဟန်ပန်အမူအရာ ရှိသည်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းနေသည့် ခြေလှမ်းများက ထက်မြက်သည့် အသွင်ကို ဆောင်နေသည်။
သူ၏ ငယ်ဘဝအိပ်မက်က ဆရာဝန်တယောက်ဖြစ်လိုသည့် ဆန္ဒရှိသော်လည်း သူ၏မွေးရာပါ ချို့ယွင်းချက်ကြောင့် ရည်မှန်းချက်က အကောင်အထည်မပေါ်ခဲ့ပါ။ ဖခင်ဖြစ်စေချင်သော လူတိုင်းနှင့် အကျုံးဝင်သည့် ပရဟိတ ဆရာမတယောက် ဖြစ်လာခြင်းအပေါ် ဂုဏ်ယူသည်ဟု ၎င်းက ဆက်ပြောသည်။
သူသည် မောင်နှမ ခြောက်ယောက်တွင် အငယ်ဆုံးသမီးဖြစ်ပြီး သူ တဦးတည်းသာ အမြင်အာရုံချို့တဲ့သူဖြစ်ခဲ့ရ သည်။
၎င်းအနေဖြင့် အမြင်အာရုံချို့ယွင်းခြင်းက မိခင်ဖြစ်သူ၏ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်နိုင်သကဲ့သို့ ငယ်စဉ်က အသားဝါဖြစ်သည့်အတွက် ဓာတ်ကင်ရာတွင် မျက်လုံးကာသည့်အရာ ကျွတ်သွားခြင်း ကြောင့်လည်း ဖြစ်နိုင်သည်ဟု စိမ့်က သုံးသပ်သည်။
စိမ့်ကို မိခင်ဖြစ်သူက အသက် ၄၀အရွယ်မှ မွေးခဲ့ခြင်းဖြစ်ပြီး စိမ့်ကိုယ်ဝန်ရှိချိန်ထိ စိမ့်မိခင်က တရက်ကို ဆေးလိပ်တဗူးကုန်သည်အထိ သောက်ခဲ့ခြင်းကြောင့်ဟု စိမ့်ကဆိုသော်လည်း မိခင်ဖြစ်သူက ထို့သို့မဟုတ်ဟု ပြန်လည်ငြင်းဆိုခဲ့သည်ဟု ပြန်ပြောပြသည်။
“ ကိုယ်ရဲ့ဗုဒ္ဓဘာသာအရ တခုခုဖြစ်ပြီဆိုရင် အတိတ်ကံကြောင့် ဝဋ်ကြွေးက ပါလာလို့လို့ပြောပေမယ့် အဲဒီဝဋ်ကြွေးပါလာဖို့အတွက်ကို ပံ့ပိုးတဲ့ အရာတွေက လုံးဝမှ မဆင်ခြင်ကြဘူး။ မိဘတွေက အဲဒီအချိန်က အသိပညာအားနည်းတော့ ဆေးလိပ် မသောက်သင့်ဘူး ဆိုတာ မသိကြဘူး။ ပြီးရင် အမေက သူကြောင့် မဖြစ်နိုင်ဘူးလို့ ပြောတယ် ”ဟု စိမ့်က ဝမ်းနည်းစွာဖြင့် ပြောသည်။
အမြင်အာရုံချို့တဲ့မှုကြောင့် ငယ်စဉ်က စာသင်သည့်အခါ အခက်အခဲများစွာရှိခြင်းကြောင့် စိတ်ဓာတ်ကျပြီး သတ်သေရန်အထိ ကြံစည်မိသည်အထိ ဖြစ်ခဲ့ဖူးကြောင်း စိမ့်က ပြောပြသည်။
ဆရာမ စိမ့်ငယ်စဉ်က ယခုကဲ့သို့မျက်မမြင်ကျောင်းများမရှိသဖြင့် သာမာန်ကျောင်းသူများနည်းတူ အထက် တန်းကျောင်းတွင် ပညာသင်ရသည်။ ဆရာမသင်ပြသည့်စာများကို မမြင်ရသည့်အတွက် ၎င်းအတွက် စာခေါ် ပေးမည့် သူငယ်ချင်းကောင်းကို စိမ့်က အမြဲ အလိုရှိခဲ့သည်။ ကျက်စာများက အဆင်ပြေသော်လည်း သချာင်္က စိမ့်အတွက် အခက်ခဲဆုံးသော ဘာသာရပ် ဖြစ်ခဲ့သည်။
တနှစ်တတန်း အတန်းများ တက်လာခဲ့သည့် စိမ့်က ၉တန်းအရောက်တွင် ၉ဘာသာသင်ရသဖြင့် စာများ သောကြောင့် ခက်ခဲပင်ပန်းခဲ့သည့်အတွက် စိတ်ဓာတ်ကျပြီး ဆရာဝန်ပေးသည့် မျက်စိဆေးများကို တပုလင်းလုံး သောက်ခဲ့ကြောင်း သိရသည်။ အမှန်အားဖြင့် မျက်စိဝေဒနာရှင် စိမ့်ကို မိသားစု ဆရာဝန်က လေးတန်းအထိသာ စာသင်ခွင့်ပြု ထားသည်။
“ ကျူရှင်တက်ရင်လည်း ဆရာမနဲ့ နှစ်ယောက်ထဲသီးသန့်သင်မှ အဆင်ပြေမယ်။ အဲဒီလိုသင်ဖို့က ကျမတို့ မိသားစုမှာ အဲဒီလောက်အထိ ငွေကြေး မပြည့်စုံဘူး ”ဟု သူ၏အခက်အခဲကို စိမ့်က ပြောပြသည်။
ထိုအချိန်က စိမ့်၏စိတ်ဓာတ်ကျမှုကို ဖခင်နှင့် အကိုများက ဖေးမကူညီအားပေးခဲ့ခြင်းကြောင့် ၉တန်းအောင် မြင်ခဲ့ပြီး ၁၀တန်းကို ခ အဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ၁၀တန်းကို နယ်က အကိုအိမ်တွင် သွားဖြေဆိုခဲ့ပြီး ဆရာမနှင့် နှစ်ယောက်ထဲ သေချာသင်နိုင်ခဲ့တာကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စိမ့်တို့ခေတ်က ၁၀တန်းကို (ခ) အဆင့်ဖြင့်အောင်လျှင် ကောလိပ်ဆက်တက်ခွင့်ရှိသော်လည်း စာဆက်ဖတ်ရန် မဖြစ် နိုင်သည့်အခြေအနေကြောင့် အင်္ဂလိပ်စာ လေ့လာရင်း သီချင်းများလည်း အမြဲလိုလို နားထောင်ဖြစ်ခဲ့သည့် အတွက် သီချင်းဆိုရန် အခွင့်အရေးတခုဖြစ်လာခဲ့သည်။
၁၉၉၈ ခုနစ်တွင် အမျိုးသမီးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖွင့်ထားသည့် ရွှေအင်းယားစားသောက်ဆိုင်၌ unplug သီချင်းများသီဆိုသည့် အဆိုတော် စိမ့်ဖြစ်ခဲ့ဖူးကြောင်း၊ သို့သော်လည်း စိမ့်က သီချင်းရေးခြင်းကို ပိုမိုအားသန် သည့်အတွက် တေးရေးသူအဖြစ် ဘဝကို ရပ်တည်သွားမည်ဟု သူက ရှင်းပြသည်။
တေးရေးဆရာမအဖြစ် အနုပညာလောကတွင် အောင်မြင်စွာရပ်တည်နေသည့် စိမ့်က ခဝဲခြံမျက်မမြင်ကျောင်း၌ ပရဟိတဆရာမအဖြစ်လည်း နဝမတန်းကျောင်းသားများအား သမိုင်းဘာသာ သင်ပေးနေသည်မှာ ၂နှစ်ရှိပြီဖြစ်သည်။ ဘဝတူကလေးများကို ၎င်းတွေ့ကြုံခဲ့ရသည့် အခက်အခဲများမရှိစေရန် တဦးချင်း အနီးကပ် သင်ကြားပေးတာကိုလည်း တွေ့ရသည်။
“မမြင်တဲ့သူတယောက် ဘယ်လိုချပြမှ အဆင်ပြေမလဲဆိုတာကို ကိုယ်ဖြတ်သန်းလာတော့ အဲဒါတွေကို သိနေ တယ်။ ဥပမာ ဘုရင့်နောင်က မြင်းကိုစီးသွားတယ်လို့ ပြောရင် ငယ်ငယ်ကတည်းက မြင်းမမြင်ဖူးတဲ့သူဆို ဘာ မှန်းတောင် မသိဘူး။ အဲဒီတော့သူတို့နားလည်အောင် မြင်းက ဘယ်လိုပုံစံလဲဆိုတာ အရင်ရှင်းပြရတယ်။ ဒါက ဘယ်လိုဆိုတာ ပြောပြတယ် ”ဟု ဆရာမလေး စိမ့်က ရှင်းပြသည်။
ထို့အပြင် ဆရာမလေး စိမ့်က မျက်မမြင်ကျောင်းစာမသင်ခင်အချိန်ကတည်းက တခြား ပရဟိတအလုပ်များ လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေတာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။ ကိုယ်တိုင်က အမြင် အာရုံ ချို့ယွင်းသူဖြစ်သည့်အတွက် ဘဝတူကလေးငယ်များအပေါ် သံယောဇဉ်ဖြစ်နေမိသည်ဟုလည်း ဝန်ခံစကား ဆိုထားသည်။
ခဝဲခြံမျက်မမြင်ကျောင်းမှ မျက်မမြင်ဆရာဒေါ်ကြူကြူက “ ဆရာမစိမ့်စာသင်ကောင်းပါတယ်။ သူ့ကလေးတွေ ကလည်း တော်ကြတယ်။ သူ့ကိုလည်း ချစ်ကြတဲ့သူများတယ် ”ဟု ပြောပြသည်။
တေးရေးသူ စိမ့်၏ ဖခင်က မြန်မာ့အသံမှ ကျေးလက် တေးသံသာကဏ္ဍတွင် တာဝန် ထမ်းဆောင်သူဖြစ်ပြီး မိခင် က စစ်သမီးဟောင်း တပ်ကြပ်တဦးဖြစ်ကြောင်း သိရသည်။ အနုပညာအမွေကို ဖခင်ထံမှ ရရှိထားပြီး အတီးနှင့် အဆိုပညာကို အကိုဖြစ်သူများထံမှ တတ်မြောက်ထားခြင်းဖြစ်သည်ဟု သိရသည်။
တေးရေးဆရာမ စိမ့်က သီချင်းရေးခြင်းကို ၂၀၀၂ခုနစ်ခန့်က စပြီး ရေးသားခဲ့ကာ အပြင်းစား rock ဂီတ တခုတည်း ကိုသာ တစိုက်မတ်မတ်ရေးသားခဲ့သူဖြစ်သည်။ သီချင်းများစွာထဲမှ rock သီချင်းကို အဓိက ရေးဖြစ်ရခြင်းက အကိုလေးယောက်ကြားမှာနေရသူဖြစ်ပြီး ၎င်းတို့ခေတ်က ရေပန်းစားခဲ့သည့် အင်္ဂလိပ်rock သီချင်းများကြားတွင် ကြီးပြင်းခဲ့ရခြင်းကြောင့်ဟု စိမ့်၏ပြောပြချက်အရ သိရသည်။
သီချင်းရေးသားခြင်းအပြင် ကီးဘုတ်နှင့်ဂီတာတီးခြင်းကိုလည်း စိမ့်က ကျွမ်းကျင်စွာတီးခတ်နိုင်သည်။ စိမ့်ရေး သည့် သီချင်းများသည် ကိုယ်တိုင်တီးခတ်ပြီး ခံစားရေးသားခြင်းဖြစ်သည့်အတွက်ကြောင့် အောင်မြင်သည့် သီချင်းများ ဖြစ်လာသည်ဟု ထင်မြင်မိကြောင်း စိမ့်က ဆိုသည်။
ထို့ကြောင့် စိမ့်က ဂီတာတီးတတ်ချိန်ကစပြီး ကိုယ်ပိုင်သံစဉ်တွေ ဖန်တီးသီဆိုနိုင်ဆိုသည့်အချက်ကို သိရှိခဲ့ ပြီး ကမ္ဘာကြီးတွင် သံစဉ်များစွာရှိနေကြောင်းကိုလည်း သဘောပေါက်ခဲ့သည့်အတွက် ကိုယ်ပိုင် သံစဉ်များသာ သီးသန့်ရေးသည့် တေးရေးဆရာမ စိမ့်အဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်သည်။
စိမ့် ဂီတလောကထဲကို ရောက်ရှိလာသည့်သီချင်းက ခင်ဖုန်းသီဆိုထားသည့် “ ဘယ်သူမှ မသိအောင် ”သီချင်း ဖြစ်ပြီး ဖြူဖြူကျော်သိန်း၏ “မိန်းကလေးတယောက်အသဲကွဲနေတယ် ”သီချင်းတွင် ဂီတလောကအပြင် ပရိသတ်ကပါ တေးရေးဆရာမ စိမ့်အဖြစ် လူသိ များလာခဲ့ခြင်းဖြစ်သည်။
ဖြူဖြူကျော်သိန်းအောင်မြင်ခဲ့သည့် “ ချယ်ရီလမ်း ” နှင့်“ သတိထားကြ ”ဆိုသည့် သီချင်းများကလည်း စိမ့်၏ ကိုယ်ပိုင်သံစဉ်ဖြစ်ခဲ့သည်။ တေးရေးဆရာမ စိမ့်က သာမာန်သူများကဲ့သို့ နေထိုင်သွားလာသည့်အတွက် စိမ့်အကြောင်း မသိသူများက မျက်မမြင်ဟု လုံးဝမသိနိုင်ပါ။
ထို့သို့ မသိသည့်အတွက် စိမ့်အဖော်မပါပဲ အပြင်ထွက်သည့်အခါ စက်ဘီး၊ဆိုင်ကယ်၊ကားများ မကြာခဏ အတိုက်ခံရပြီး ကားသမားများ၏ဆဲဆိုသံများလည်း ခဏခဏခံရဖူးခဲ့သည်ဟု သိရသည်။
“ ကိုယ့်ကိုယ်ကိုယ် ခိုင်းပြီးတော့ ကျင့်သားရအောင် လုပ်ပေးတဲ့အခါ ကျမကို မသိရင် လူကောင်းတွေ လိုပဲ။ အဲဒီတော့ လူကောင်းတွေကြားမှာ မျက်မမြင်လူလည်ဖြစ်နေတာပေါ့ ”ဟု စိမ့်က ရယ်ရယ်မောမော ပြောသည်။
တေးရေး စိမ့်က အမြင်အာရုံချို့ယွင်းခြင်းကြောင့် ရံဖန်ရံခါ အကိုဖြစ်သူက ဖတ်ပြခြင်းရှိပြီး ခင်ပွန်းသည်ရှိသည့် အခါ ခင်ပွန်းဖြစ်သူက ဖတ်ပြလေ့ရှိသည်။ သီချင်းရေးသည့်အခါ ပတ်ဝန်းကျင်၏အတွေ့အကြုံများ၊ သူငယ်ချင်း ဖြစ်သူများ၏ ရင်ဖွင့်သံများကို သေချာစွာ နားထောင်လေ့ရှိတာကိုလည်း တွေ့ရသည်။
ထို့အပြင် စိမ့်က မိမိထက် အသက်ကြီးသူဖြစ်စေ၊ အသက်ငယ်သူဖြစ်စေ တခြားသူပြောသည့် စကားများကို အလေးအနက်ထား၍ နားထောင်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် တခြားသူပြောသည့်စကားကို သေချာနားထောင်တတ်သူက စကားပြောကောင်းသည်ဆိုသည့်စကားကို လက်ကိုင်ထားခြင်းကြောင့် ဖြစ်သည်။
လူတိုင်းတွင် မတူညီသည့် ဇာတ်လမ်းပေါင်းများစွာ၊ အတွေ့အကြုံပေါင်းများစွာရှိသည့်အတွက် ၎င်းအကြောင်း အရာများက စိမ့်အတွက် စာအုပ်များဖြစ်ပြီး ထိုအချက်များအပေါ် မူတည်ပြီး သီချင်းအဖြစ် အသွင်းပြောင်းခြင်း ဟု သိရသည်။
တေးရေး စိမ့်က သီချင်းများကို ကြိုရေးထားလေ့မရှိပဲ လာအပ်သည့်အခါမှသာ သီဆိုမည့်သူနှင့် လိုက်ဖက်မည့် သီချင်းများကို ရေးလေ့ရှိသည်။ ရေးပြီးသားသီချင်းထက် သီဆိုမည့်သူ၏ အသံကာလာ၊ကီးနုတ်စ်များအပေါ် မူတည်ပြီး သီချင်းရေးသားခြင်းက ဆိုသူနှင့် တီးသူတို့အတွက် ပိုအဆင်ပြေနိုင်သည်ဟု စိမ့်က ရှင်းပြသည်။
စိမ့်ရေးသည့် သီချင်းများအောင်မြင်နေရခြင်းက စိတ်ခံစားမှုနှင့်အတူ သီဆိုမည့်သူနှင့်လိုက်ဖက်ညီသည့် သီချင်းများကို အလေးထားရေးသားခြင်းကြောင့်ဖြစ်သည်။ စိတ်ကြည်နူးချိန်ဆိုပါက POPသီချင်းများကို ရေးပြီး စိတ်ဆိုးနေချိန်၊ စိတ်ကြမ်းကြမ်းဝင်ချိန်များတွင် Rockသီချင်းများ ထွက်လာတတ်ကြောင်း သိရသည်။
စိမ့်သည် အသက် ၂၉နှစ်အရွယ်တွင်အိမ်ထောင်ကျခဲ့ပြီး လက်ရှိတွင် သမီး ၂ ယောက်ရှိသည်။ ခင်ပွန်းဖြစ်သူက သဘောင်္သားဖြစ်သည့်အတွက် အိမ်တွင် အမြဲရှိမနေတတ်သောကြောင့် အကို၂ယောက်ရှိသည့် အိမ်တွင် အတူနေထိုင်သည်။
“ မြတ်ဆရာအခွေလုပ်တဲ့အချိန်တုန်းက ညဆို ၉နာရီလောက်မှ ပြန်ကြတာများတော့ ၁၀နာရီကျော်မှ အိမ်ကို ပြန်ရောက်တယ်။ အဲဒီအခါကျတော့ အမျိုးသားကလည်း သူနားတဲ့အချိန် ကျမကိုမတွေ့ရင်တော့ ငြိုငြင်တယ်။ ဒါတွေပဲ လိုက်လုပ်နေတယ်။ မနားတော့ဘူးလား”ဟု စိမ့်က ပြန်ပြောပြသည်။
သို့သော် စိမ့်၏အမျိုးသားက စိမ့်အလုပ်အပေါ် ဂုဏ်ယူဝမ်းသာသည်ဟု အမြဲပြောလေ့ရှိသည်ဟု သိရသည်။
စိမ့်အတွက် ဝမ်းနည်းစရာအကောင်းဆုံးက ကျောင်းဆရာမလေး စိမ့်(ခေါ်)တေးရေး စိမ့်က နောက်ထပ် သုံးနှစ်အကြာ တွင် မျက်လုံးနှစ်ဘက်လုံး လုံးဝကွယ်သွားတော့မည်ဖြစ်သည်။ ငယ်ရွယ်စဉ်က မမြင်ရခြင်းက အကြောင်း မဟုတ်သော်လည်း အရွယ်ရောက်သည့်အချိန်မှ စပြီး ဆရာဝန်များစွာ၊ကုထုံးအမျိုးမျိုးဖြင့် ကုသခဲ့သော်လည်း တိကျသေချာသည့်အဖြေက ကုသ၍မရနိုင်တော့သည့်အဖြေသာရရှိခဲ့သည်။
“ကိုယ့်အနေနဲ့ ဘယ်လိုဆက်သွားမလဲဆိုတော့ ဒီဟာကြီးကိုပဲ တသသ ဆရာဝန်ပေါင်းစုံ လိုက်ရှာမနေတော့ ပဲနဲ့။ ငါဒါကြီးဖြစ်ရင် ဒုက္ခပဲ။ တသက်လုံးတော့ သွားပြီလို့ မတွေးပဲနဲ့ ငါဘယ်လို ရပ်တည်လို့ရမလဲဆိုတဲ့ လမ်းကြောင်းကိုပဲ အမြဲရွေးမိနေတယ်။ အဲဒါကို မစဉ်းစားမိတော့ဘူး”ဟု စိမ့် က ပြောပြသည်။
အားမလျော့သည့်အပြင် သူ့တွင် ဆက်လုပ်ရန်ရှိသည့် အရာများ များစွာရှိသေးကြောင်း၊ အနုပညာအလုပ်များ လုပ်ရင်း သမီးနှစ်ယောက်ကိုလည်း အနီးကပ်စောင့်ရှောက်ပြီး အိမ်ထောင်ရေးနှင့် အလုပ်ကို ဟန်ချက်ညီ အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုအချိန်တွင် တေးရေး စိမ့်အတွက် သီချင်းရေးသားခြင်းက ဘဝအာမခံချက်ရှိသည့်အလုပ်ဖြစ်ခဲ့သည်။ အနာဂတ်အတွက်လည်း စိမ့်က မျက်စိလုံးဝမမြင်ရသည့်ဆရာတဦးထံတွင် အော်ဒီယိုအင်ဂျင်နီယာသင်နေပြီး လုံးဝမမြင်ရသည့်အချိန်တွင် ကိုယ်တိုင်သီချင်းများ ဖန်တီးနိုင်ရန် ရည်ရွယ်၍ ပြင်ဆင်ထားခြင်းဖြစ်သည်။
ဘဝကို မည်သည့်အခြေအနေတွင်ဖြစ်စေ လုံးဝအရှုံးမပေးပဲ ကြံ့ခိုင်သောစိတ်ဓာတ်ဖြင့် တေးရေး စိမ့်က ဘဝခရီးလမ်းကို လျှောက်လမ်းနေဆဲဖြစ်သည်။