Women & Gender

၂၀၂၀ တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၌ အဖြစ်များလာသော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ၂ဝ၂ဝ ပြည့်နှစ် ဇွန်လတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ပြောသည်။

ထိုအစီအစဉ်ကို အမျိုးသားကျန်းမာရေးစီမံကိန်း(National Health Plan)တွင် ပါဝင်သည့် Cancer control plan ကင်ဆာရောဂါ ထိန်းချုပ်လျော့ချရေးလုပ်ငန်းများအရ လုပ်ဆောင်ပေးခြင်းဖြစ်ပြီး စတင်ထိုးနှံပေးမည့် အချိန်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်ကြား အသက်အရွယ်ရှိ မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကို EU နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့တခုဖြစ်သည့် GAVI အဖွဲ့အစည်းနှင့် အစိုးရက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျမတို့က ၂၀၁၈ ခုနှစ်မှာ အဆိုပြုလွှာတင်လိုက်တာပါ၊ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ အစိုးရကတော့ ခွင့်ပြုထားပြီးပါပြီ၊ ကျန်တဲ့ အသက် ၁၁ ကနေ ၁၅ နှစ်ထိ ထပ်တိုးဖို့နဲ့ လိုအပ်တဲ့အပိုင်းကို ထပ်ဖြည့်ပေးဖို့ GEVI ကို တင်ရတယ်၊ ဒါကလည်း အောင်မြင်ဖို့ သေချာပါတယ်”ဟု ဒေါက်တာထားထားလင်းက ဆက်လက်ပြောသည်။

၂၀၂၀ပြည့်နှစ် ဇွန်လတွင် စတင်ထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးအစီအစဉ်တွင် နိုင်ငံတော်အစိုးရက ၂၀ ရာခိုင်နှုန်းပါဝင်ကြောင်း၊ အသက် ၁၁ နှစ်မှ ၁၅နှစ်အရွယ် မိန်းကလေးငယ် ၂သန်းခွဲခန့်ကိုလည်း ထည့်သွင်း၍ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်သလို အသက်၉နှစ်မှ ၁၀ နှစ်အထိ ထိုးနှံပေးခြင်းကို နှစ်စဉ်ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထားကြောင်း သိရသည်။

“အသက် ၁၁နှစ်ကနေ ၁၅နှစ်အထိ စတင်တဲ့အစီအစဉ်မှာ နိုင်ငံတော်အစိုးက ပိုက်ဆံထည့်စရာမလိုပါဘူး။ GAVIကနေ ကာကွယ်ဆေးနဲ့ထိုးနှံမယ့်ကုန်ကျစရိတ်များကိုပါ ပေးမှာပါ”ဟု ဒေါက်တာထားထားလင်းက ဆက်လက်ပြောသည်။

သားအိမ်ခေါင်းကင်ဆာသည် HPV (Human Papilloma Virus)ကြောင့်ဖြစ်ပွားရခြင်းဖြစ်ကာ အမျိုးသမီး အရွယ်စုံ၌ ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါဟု သိရသည်။

အဆိုပါဗိုင်းရပ်စ်သည် လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်ခံရနိုင်သလို သားအိမ်ခေါင်း၌ အနာရှိခြင်း၊ လိင်မှတဆင့် ကူးစက် တတ်သောရောဂါရှိခြင်း၊ လိင်စတင်ဆက်ဆံသည့် အသက်အရွယ်ငယ်ခြင်း၊ ကိုယ်တိုင်(သို့)ခင်ပွန်းက လိင်ဆက်ဆံဖက်များခြင်း၊ ကိုယ်ဝန်ဆောင်ချိန်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်း၊ မိခင်နှင့်ဆွေမျိုးများတွင် သားအိမ်ခေါင်း ကင်ဆာဖြစ်သူရှိနေခြင်းများကြောင့်လည်း ကူးစက်ခံရနိုင်သည်ဟု သိရသည်။

“သာအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေးကြိုတင်ထိုးနှံလို့ရတယ်။ ဒီကင်ဆာကို ဖြစ်စေတဲ့ ဗိုင်းရပ်ပိုးကို ကာကွယ်ပေး တာပေါ့။ ကာကွယ်ဆေးထိုးပြီးထားရင်လည်း အသက် ၃၀ ကျော်လာလို့ရှိရင်တော့ သားအိမ်ခေါင်းကို ပြန်စစ်သင့်တယ်။ ကင်ဆာအသွင် ပြောင်းသလား၊ မပြောင်းဘူးလားဆိုတာကို ကြည့်ရပါမယ်။ စောစီးစွာ ကြိုတင်သိရှိနိုင်လျှင် ကုသ၍ ပျောက်ကင်းနိုင်တဲ့ ကင်ဆာဖြစ်ပါတယ်”ဟု သားဖွားမီးယပ်နှင့်ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်သင်းသင်းမြင့်က ရှင်းပြသည်။

ယခုအခါ အာရှတွင် သားအိမ်ခေါင်းကင်ဆာကြောင့် ၄ မိနစ်တိုင်းတွင် အမျိုးသမီးတဦး သေဆုံးနေရပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု တတိယအများဆုံးနိုင်ငံဖြစ်သလို ကမ္ဘာ့အဆင့်၌ အဆုတ်ကင်ဆာပြီးလျှင် ဖြစ်ပွားမှု အများဆုံးနိုင်ငံ ဖြစ်ကာ သေဆုံးမှုနှုန်း အများဆုံးနိုင်ငံစာရင်း၌ ပါဝင်နေကြောင်း WHO မှ ထုတ်ပြန်ချက်များအရ သိရသည်။

“သားအိမ်ခေါင်းကင်ဆာက ကာကွယ်လို့ရပါတယ်။ HPV ၁၆နဲ့ ၁၈ ကြောင့်သာ သားအိမ်ခေါင်းကင်ဆာ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်စေတာ။ လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးငါးယောက်မှာ လေးယောက်ဟာ ကူးစက်ခံရနိုင်တယ်။ အကောင်းဆုံး ကာကွယ်နည်း ကတော့ ပုံမှန်စမ်းသပ်စစ်ဆေးပြီး စောစီးစွာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်”ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း (မန္တလေး)မှ ဒေါက်တာစိုင်းခမ်းညိုက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်တွင် မြန်မာအမျိုးသမီးများအတွင်း သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုသည် နှစ်စဉ် ၅၂၈၆ ဦး ဖြစ်ပွားပြီး ၂၉၉၈ ဦးသေဆုံးနေသည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများက ပုံမှန်မစစ်ဆေးနိုင်ကြဘဲ နောက်ကျမှ သိရှိနေခြင်းများကြောင့် အသက်ဆုံးရှုံးရခြင်းဖြစ်ကာ အခြားနိုင်ငံများ၌ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှု အလွန်နည်းလာပြီဖြစ်ကြောင်း သိရသည်။

“ပြဿနာက ဘာလဲဆိုတော့ ကာကွယ်ဆေးထိုးလို့ရသလို ဖြစ်ပွားမှုကို ကြိုတင်သိရှိရင် ကုသလို့ရတဲ့ရောဂါထဲမှာ ပါတယ်။ ခက်တာက ကျမတို့ဆီမှာက အသက် ၃၀ ကျော်လာရင် သားအိမ်ခေါင်းကို ပြန်မကြည့်ကြတော့ဘူး။ ကင်ဆာလို့ စောစောတွေ့ရင် တခါတည်းကုနိုင်တယ်။ ခွဲစိတ်ပြီး ထုတ်ပစ်လိုက်လို့ရတယ်ဆိုတော့ ပျောက်ကင်းစေတဲ့ ကင်ဆာပါ။ သားအိမ်ခေါင်းကိုလည်း ပုံမှန်စစ်ဆေးသင့်တယ်။ ကာကွယ်ဆေးလည်း ထိုးသင့်ပါတယ် “ဟု ဒေါက်တာထားထားလင်းက ဆက်လက်ပြောသည်။

သားအိမ်ခေါင်းကင်ဆာအတွက် ကာကွယ်ဆေးထိုးသည့်တိုင်အောင် အသက်၂၅ မှ ၄၅န ှစ်အထိ အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် သားအိမ်ခေါင်းအခြေအနေကို ကြည့်ရှုခြင်းသည် သားအိမ်ခေါင်းကင်ဆာကာကွယ်သည့် နည်းလမ်းကောင်းတခုဖြစ်သောကြောင့် နှစ်စဉ်စစ်ဆေးပေးသင့်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ လက္ခဏာများအနေဖြင့် ပုံမှန်မဟုတ်သည့် အဖြူ /အကျိအချွဲများ ဆင်းခြင်း၊ သားအိမ်နံရံအား ကင်ဆာဆဲလ်များ အမြစ်တွယ်လာမှုကြောင့် သားအိမ် ခြောက်သွေ့အက်ကွဲကာ နာကျင်/သွေးဆင်းခြင်း၊ စားသောက်နေထိုင်မှုပုံစံ ပုံမှန်ရှိနေသည့်ကြားက ပင်ပန်းနွမ်းလျပြီး သွေးအားနည်းခြင်း၊ သားအိမ်ခေါင်းနံရံများ ရောင်ကိုင်းလာခြင်းကြောင့် ဆီးအိမ်၊ ကျောက်ကပ်၌ ပြဿနာရှိလာပြီး ဆီးသွားရာတွင် ပြသာနာရှိလာခြင်း၊ ခြေထောက်၊တင်ပါးနှင့်နောက်ကျော နာကျင်လာခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်းများအပြင် ပုံမှန်ထက်ရာသီသွေးဆင်းရက်ပိုကြာခြင်း၊သွေးဆင်းသည့်ပမာဏပိုများခြင်း၊ လိင် ဆက်ဆံပြီးလျှင် သွေးဆင်းခြင်း၊ လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်းဟု သိရသည်။

ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို မိန်းကလေးများ အပျိုဖော်မဝင်မီအရွယ် အသက်၉ နှစ်မှ ၁၃ နှစ်ကြား၌ ကာကွယ်ဆေးထိုးနှံပေးထားခြင်းမှာ ရောဂါကာကွယ်မှု အတွက် ထိရောက်မှုအရှိဆုံးဟု သိရသည်။

ယခုအခါ သားအိမ်ခေါင်းကင်ဆာအပါအဝင် အခြားကင်ဆာရောဂါများဖြစ်ပွားသည့် အခြေအနေများကို ပိုမိုတိကျစွာသိရှိရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ထောက်ပံ့ရာ၌ အထောက်အကူဖြစ်စေရန်အတွက် ရောဂါဖြစ်ပွားသူဦးရေအား ပိုမိုသိရှိစေရန် တနိုင်ငံလုံးတွင် ကင်ဆာမှတ်ပုံတင်စနစ် (Cancer Registry)ကို စတင်ပြုလုပ်နေသည်ဟု သိရသည်။

ဆက်စပ်ဖတ်ရှုရန် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading